၁၉ဝဝခုနှစ် ဝန်းကျင်လောက်က မြန်မာ့ကျေးလက် လူနေမှုပုံစံအကြောင်း ရေးသားထားတဲ့ ဆရာ လင်္ကာရည်ကျော်ရဲ့ ကံ့ကော်ဝတ္ထု

0
215

Lin Ka Ye Kyaw (1)

ဆရာလင်္ကာရည်ကျော်ရဲ့ ကြိုးကြာတောင်ပံခတ်သံ၊ နေဝင်အိပ်တန်းတက်၊ ပန်းဒေါင်းစတဲ့ ဝတ္ထုတွေက ရုပ်ရှင်အဖြစ် ပုံပေါ်လာခဲ့သလို ပန်းမာန်ဝတ္ထုကလည်း ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးပုံဖော်တော့မှာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ဆရာလင်္ကာရည်ကျော်က ၁၉ဝဝ ပြည့်ဝန်းကျင် ကျေးလက်ဒေသလူနေမှု ဓလေ့စရိုက်ကို ပုံဖော်ထားတဲ့ ကံ့ကော်အမည်ရှိ ဝတ္ထုကလည်း ကံ့ကော်ဝတ်ရည် စာပေတိုက်မှ တစ်လအတွင်း ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ကံ့ကော်ဝတ္ထုရဲ့အကြောင်းကို မေးကြည့်ရာမှာတော့…

” မြန်မာ့လူနေမှုပုံစံပေါ့။ ၁၉ဝဝ ခုနှစ်ဝန်းကျင်လောက်က မြန်မာ့ ကျေးလက်လူနေမှုပုံစံရယ်။ အဲဒီတုန်းက အဲဒီခေတ်၊ အဲဒီပုံစံလေးမှာ ရှိတဲ့ ချစ်စရာကောင်းတဲ့ အငွေ့အသက်တွေရယ်။ ဒီဘက်ခေတ်မှာပေါ့။ အဲဒီခေတ်ထဲက ပုံစံ တချို့ကို မထိန်းသိမ်းနိုင်လို့ နှမြောဖို့ကောင်းတာလေးတွေပေါ့။ အထူးသဖြင့် လူတွေရဲ့အမူ အကျင့်လေးတွေ ပြောင်းလဲသွားတဲ့အခါကျတော့ တချို့ ထိန်းသိမ်းသင့်တဲ့အရာ လေးတွေကို မထိန်းသိမ်းလိုက်နိုင်တာတွေ၊ နောက်တစ်ခုက ယဉ်ကျေးမှုကို ထိန်းသိမ်းတယ်ဆိုတာက မြန်မာ့ ရိုးရာဝတ်စုံကြီး ဝတ်ပြနေမှ မဟုတ်ဘူး။ မြန်မာ့ ရိုးရာအမူအကျင့်၊ ဓလေ့ထုံးစံ၊ စိတ်နေသဘောထား လေးတွေကို ချစ်မြတ်နိုးတတ်တဲ့ စိတ်ပေါ့။ အဲဒါလေးတွေရှိဖို့၊ အဲဒီမက်ဆေ့ လေးကို ပေးချင်တဲ့အတွက် ၁၉ဝဝခုနှစ် ဝန်းကျင်လောက်က လူနေမှုပုံစံနဲ့ ဒီဘက်ခေတ်နဲ့ကို နှိုင်းယှဉ်ပြီး ရေးထားတာပါ” လို့ ဆရာလင်္ကာရည် ကျော်က ပြောပါတယ်။

အသစ်ထွက်ရှိလာမယ့် ကံ့ကော်ဝတ္ထုကို တော့ ဆရာလင်္ကာရည်ကျော်က နှစ်ပေါင်းများစွာကတည်းက ရေးချင်တဲ့ဆန္ဒဖြစ်ပေါ်နေသလို အရင်ဝတ္ထုတွေလို အခန်းဆက်မဟုတ်ဘဲ တစ်ဆက်တည်း ရေးဖြစ်တယ်လို့ သိရပါတယ်။ ကံ့ကော်ဝတ္ထုကို ရေးဖြစ်တဲ့ဆရာလင်္ကာရည်ကျော်ရဲ့ စိတ်ဆန္ဒဖြစ်ပေါ်လာမှုကို မေး ကြည့်ရာမှာတော့ ဆရာကအခုလို ပြောပြခဲ့တာက..

” ဆရာနိုင်ငံတော်တော်များများကို ရောက်တဲ့အခါမှာ သူများနိုင်ငံတွေမှာ ကိုယ့်ရဲ့ ရှေးတုန်းကရှိခဲ့တဲ့ အမူအကျင့်လေးတွေ၊ ဓလေ့ ထုံးစံတွေနဲ့ပတ်သက်လို့ လက်ရှိမှာ အဲဒီ အတိုင်း နေထိုင်ကြတာ မဟုတ်ရင်တောင် တော်တော် လေး တန်ဖိုးထား ထိန်းသိမ်းကြတာတွေ့ရတယ်။ တွေ့တဲ့အခါမှာ ဆရာက အဲဒါလေးတွေကို ကိုယ့်နိုင်ငံမှာလည်း ဖြစ်စေချင်တယ်” လို့ ဆရာ လင်္ကာရည်ကျော်က သူ့ရဲ့ကံ့ကော်ဝတ္ထုကို ရေးချင်တဲ့ ဆန္ဒဖြစ်ပေါ်လာမှုကို ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here