ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင် ပွဲတိုင်း အနိုင်မခံ အရှုံးမပေးဘဲ ကြိုးစားသွားမယ့် MMA ကစားသမား ဖိုးသော်

0
194

Pho Thaw

ကြိုးစားအားထုတ်မှုတိုင်းမှာ ချိုမြိန်တဲ့အသီးအပွင့်တွေ ရှိစမြဲပါ။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ အာရုံစူးစိုက်မှု၊ ကြိုးစားအားထုတ်လေ့ကျင့်မှုတွေက MMA မှာရော မြန်မာ့ရိုးရာ လက်ဝှေ့မှာပါ ရှုံးပွဲမရှိ စံချိန်နဲ့ သက်သေထူပြခဲ့သူကတော့ MMA ပြည်တွင်း ဖယ်သာဝိတ်တန်းချန်ပီယံ ဖိုးသော်ပဲဖြစ်ပါတယ်။ သူ့အနေနဲ့က တော့ ရှုံးပွဲမရှိ စံချိန်ကို ရထားပေမယ့် အားမရသေးကြောင်းလည်း အခုလို ဆိုလာပါတယ်။

” ဒီအနေအထားထိ မရှုံးအောင် ကစားနေတယ်ဆိုတာက အဓိကကတော့ ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပေါ့နော်။ ကျွန်တော်က ကိုယ့်မှာဖြစ်လာ တဲ့အားနည်းချက်တွေကို တစ်ခုချင်းစီ တစ်ရက်ပြီး တစ်ရက် ကျော်ဖြတ်ပြီးတော့ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို ရောက်အောင် သွားမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည် ချက်ပေါ့။ ဘယ်လောက်ပဲ စိတ်ဓာတ်ကျစရာ အခက်အခဲတွေ ကြုံကြုံ အားတင်းပြီး သွားတယ်။ အဲဒါကြောင့် ကျွန်တော်တစ်ပွဲချင်းစီပေါ်မှာ အာရုံစိုက်ပြီး ကစား နိုင်လာတယ်။ အဓိကကတော့ စိတ်ဓာတ်နဲ့ နိုင်လာခဲ့တယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် မြင်ပါတယ်။ တခြားကြံ့ခိုင်မှုပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာတွေ ကြိုးစား အားထုတ်ဖို့ လိုပါသေးတယ်” လို့ ဖိုးသော်က ပြောပါတယ်။ ဖိုးသော်အနေနဲ့ မတ်လ ၃ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ WCL-1 မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲမှာလည်း မလေးရှား နိုင်ငံသား ဂျန်ကိုင်ချီကို ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာပဲ အနိုင်ရရှိ ခဲ့ပါတယ်။ MMA ရဲ့ ပြည်တွင်း ချန်ပီယံဖြစ်လာတဲ့ ဖိုးသော်ကို သူ့ရဲ့ ပရိသတ်တွေက ပြည်ပနိုင်ငံသားတွေ နဲ့ ယှဉ်ပြိုင်ထိုးသတ်တာကို မြင်တွေ့ လိုကြပါတယ်။ MMA မှာ ပြည်ပနိုင်ငံ သားတွေနဲ့ ထိုးသတ်ဖို့ အစီအစဉ်ကို တော့ ဖိုးသော်က …

” ပြည်ပနိုင်ငံသားနဲ့ ယှဉ်ပြိုင်ဖို့ ကတော့ ပွဲစီစဉ်တဲ့သူအပေါ်မှာ မူတည်တာပေါ့နော်။ ကျွန်တော်က အခုအချိန်မှာတော့ MMA အတွက်ရော၊ ရိုးရာ လက်ဝှေ့အတွက်ရော အနီးဆုံးပွဲအပေါ်မှာ မူတည်ပြီးတော့ ပြင်ဆင်နေရတာပေါ့။ တကယ်လို့ MMA မှာ တခြားနိုင်ငံခြားသားနဲ့ ထိုးရမယ်ဆိုလို့ရှိရင်လည်း ကျွန်တော် မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်သွားမယ်” လို့ ဖိုးသော်က ပြောပြခဲ့ပါတယ်။ ဖိုးသော်အနေနဲ့ မေလ ၅ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် WLC -2 မှာ သြစတေးလျနိုင်ငံသားနဲ့ ယှဉ်ပြိုင် ထိုးသတ်ဖို့ရှိနေပါတယ်။ ဒါ့အပြင် ဇူလိုင်လအတွင်း မြန်မာပြည်မှာ ကျင်းပပြုလုပ်မယ့် one championship ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ထိုးသတ်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဖိုးသော်က သူ့ကိုအားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး သူ့အနေနဲ့ ပရိသတ်အားပေးရကျိုးနပ်အောင် ပွဲတိုင်းအနိုင်မခံ အရှုံးမပေးပဲ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here