မိခင်ဖြစ်သူမွေးနေ့နဲ့ တိုက်ဆိုင်သလိုကိုယ်တိုင်ကလည်း လှူဒါန်းချင်တဲ့စိတ်ဆန္ဒအာသီသရှိတာကြောင့် ရွှေထူးက မတ်လ၂၉ရက်နေ့က မ သန်စွမ်းပြုစုစောင့်ရှောက်ရေးဂေဟာမှာ အလှူဒါနတွေ ပြုလုပ်ခဲ့သလို သင်္ကြန်တွင်း ဧပြီ ၁၅ ရက်နေ့ကလည်း မသန်စွမ်းပြုစုရေးဂေ ဟာမှာပဲ တစ်နေ့တာ အကျွေးအမွေးအတွက် လှူဒါန်း ဖြစ်ခဲ့ပါတယ်။ ကြုံရင်ကြုံသလို အလှူအတန်းတွေ အမြဲလုပ်ဖြစ်တဲ့ ရွှေထူးက..
” ဖေ့စ်ဘုတ်သုံးရင်းနဲ့ အစ်မတစ်ယောက်တင်ထားတဲ့ မသန်စွမ်းကလေးတွေရဲ့ အကြောင်းကို ဖတ်လိုက်ရတော့ စိတ်ထဲမှာ မကောင်းဖြစ်သွားပြီး ဒီနေရာလေးတော့ တစ် ရက်သွားလှူမယ်ဆိုတဲ့ စိတ်လေးဖြစ်သွားတယ်။ လှူဖို့ စဉ်းစားထားတုန်းပဲ အမေ့မွေးနေ့မှာ အမေက အဲဒီကျောင်းမှာပဲ ကလေးတွေကို ကျွေးဖို့စီစဉ်ထားတာတဲ့။ ကျွန်တော်ကလည်း လှူဖို့ကွက်တိဖြစ်သွားတာနဲ့ ကလေးတွေအတွက် ပဒေသာ ပင်တွေရော၊ ကျန်းမာရေးအတွက်ရော လှူဖြစ်တာပါ” လို့ ရွှေထူးက သူ့ရဲ့အလှူဒါနအကြောင်းကို ပြောပြပါတယ်။
ရွှေထူးက တက်တူးခရေဇီ တစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုယ်ပေါ်က တက်တူးတွေအကြောင်းမေးဖြစ်ခဲ့ပါသေးတယ်။ ” တက်တူးက အပွင့်လင်းဆုံးပြောရရင် မထိုးရသေးတဲ့လူတွေဆို မထိုးစေချင်ဘူး။ တကယ်လို့ ထိုးတော့မယ်ဆိုရင်လည်း ကိုယ်ထိုးသင့်သလား။ မထိုးသင့်ဘူးလားဆိုတာ သေသေချာချာ စဉ်းစားသင့်တယ်။ တက်တူးထိုးပြီးသွားရင်လည်း ဒီကောင်ကသေရာပါမယ့်အရာ ဖြစ်တာဆိုတော့ ပြန်ဖျက်လို့ မရဘူး။ အဲဒီအတွက် ကျွန်တော်ကိုယ်တိုင် လည်း ကိုယ့်ဘဝအတွက် မမေ့နိုင်တဲ့ Date လေးတွေ၊ မမေ့နိုင်တဲ့ အမှတ်တရလေးတွေအကုန်လုံးကို ထိုးထားတာပေါ့။ ဘယ်တော့မှ ဖျက်လို့မရတော့ဘူး။ အမြဲတမ်းအမှတ်ရ နေမယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့ပါ” လို့ ရွှေထူးက ပွင့်ပွင့်လင်းလင်းပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဝါသနာပါလို့ထိုးနေပေမယ့် နောက် ပိုင်းမှာ ရပ်တန့်သွားပါမယ်လို့ ပြောတဲ့ရွှေထူးကို တစ်ကိုယ်လုံး အနေအထားနဲ့ ဆိုရင်ငွေကြေး ပမာဏဘယ်လောက် ရှိသွားပြီလဲလို့ မေးတဲ့အခါ ” တက်တူးထိုးတာ အခုဆိုရင် သိန်း ၄ဝ ဖိုး လောက်တော့ ရှိသွားပြီထင်တယ်ဗျ” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်