ပခုက္ကူမြို့ပေါ်က အမှိုက်များ

0
120

Pakkokku-Junkအမှိုက် (၁)

သင်္ကြန် ရုံးပိတ်ရက်မှာ ကျွန်တော် ဟာ ဇာတိမြေ ပခုက္ကူမြို့သို့ မိသားစု နှင့်အတူ အလည်ပြန် ဖြစ်ပါတယ်။  ကျွန်တော် ပခုက္ကူမြို့ ကို ရောက်တယ် ဆိုရင်ပဲ ထူးထူးခြား ခြား ပခုက္ကူ မြို့စောင့် နတ်မင်းကြီးနဲ့ တွေ့ဖြစ်ပါ တယ်။ မြို့စောင့်နတ် မင်းကြီးက ပခုက္ကူ တံတားနားမှာ စိတ် ညစ်ညစ်နဲ့ ထိုင်ငိုင်နေတာတွေ့ ရပါတယ်။ ကျွန်တော့်ကို လှမ်းမြင် လိုက်တယ် ဆိုရင်ပဲ ဝမ်းသာအားရနဲ့ အနှစ်နှစ် အလလ ကွဲကွာနေတဲ့ တူသား တစ်ယောက်ကို ကြိုဆိုသလို နတ်မင်း ကြီးက ကြိုဆိုပါတယ်။

နတ်။ မောင်ညို .. မင်းပြန်လာတာ ဝမ်းသာတယ်ကွာ။ င့ါမှာတော့ စကားပြော ဖော်မရှိလို့ စိတ်ညစ် နေတာ။ ပြောရင်လည်း နားမထောင် ကြတော့ ငါလည်း မပြောဘဲ တစ်ယောက် တည်း ဒီမှာလာထိုင်နေ တာကွ။

ညို။ နတ်မင်းကြီးက မြို့စောင့် နတ်မင်းကြီးပဲ။ စကားပြောချင်ရင် တစ်အိမ်တစ်ယောက် မလာမနေရ ခေါ်လိုက်ရင် ပြီးနေတာပဲ။

နတ်။ မောင်ညို ..ငအ.. မင်း ဘယ်ခေတ်မှာ နေနေတာတုံး။ အခု က ဒီမိုကရေစီခေတ်ကွ။ အရင်လို ခေါ်လို့မရတော့ဘူး။ ပြည်သူ့အစိုးရ အုပ်ချုပ်တဲ့ ခေတ်ကွ ..ငတုံးရ။

ညို။ ဟီး .. မေ့သွားလို့ပါ နတ်မင်း ကြီးရယ်။ စိတ်မဆိုးပါနဲ့။ ဒါနဲ့ နတ် မင်းကြီးက စကားပြောချင်တာတွေ အများကြီးဆို .. ကဲ ပြောလို့ရပါ ပြီ။
နတ်။ ဒီလိုမောင်ညိုရ ..မင်း ပခုက္ကူမြို့ကနေ ထွက်သွားပြီး ရန်ကုန် ရွှေမြို့တော်ကြီးမှာ အခြေချ နေကတည်းက ပခုက္ကူမြို့ကြီးက တဖြည်းဖြည်း ပြောင်းလဲလာ တယ်ကွာ။ မင်းသိတာတွေ ပြောရရင် အရင်က မြင်းလှည်းတွေနေရာမှာ အခု တရုတ် ဆိုင်ကယ်တွေ၊ သုံးဘီး ဆိုင်ကယ်တွေ ဖြစ်သွားပြီကွာ။ ပခုက္ကူ ဆေးရုံကြီးလည်း အဆင့်မြင့် သွားပြီကွာ။ ပခုက္ကူမြို့မဈေးကြီး လည်း အဆင့်မြင့် သွားပြီကွာ။ အဲ ပခုက္ကူပန်းခြံကြီးကတော့ ဒီအတိုင်း က ဒီအတိုင်းပဲ။

ညို။ ကျွန်တော်တို့ ငယ်ငယ်တုန်းက အတိုင်းပဲလား။

နတ်။ အေးဟုတ်တယ်။ မင်းတို့တုန်း ကမှ လာဆော့လို့ ကလေးတွေ အများကြီးနဲ့ ပန်းခြံက စည်ကား၊ ပျော်စရာကြီးကွာ။ ခုတော့ ပန်းခြံ ဘေးနဲ့ ဈေးနားမှာ လမ်းဘေးဈေး သည်တွေ ဈေးရောင်းနေလို့ ပန်းခြံ ထဲ ဝင်ဖို့ နေနေသာသာ လူတောင်မ တိုက်မိအောင် မနည်းသွားနေရတာ။

ညို။ ဟာ ..အဲဒါစည်ပင်က မဖမ်း ဘူးလားဗျာ။ ရန်ကုန်မှာ ဆိုလမ်း ဘေးဈေးသည်တွေကို စည်းကမ်း တကျ ရောင်းချဖို့ နေရာ ပေးထား တယ်။ လမ်းဘေးမှာ ဈေး ရောင်းလို့ ကတော့ အကုန် ဖမ်းတာဗျ နတ်မင်း ကြီးရ။

နတ်။ စည်ပင်က လူကြီးတွေကို ငါ လည်း ပြောပါတယ်ကွာ။ ကိုယ့်မြို့မှာ ကိုယ်ပဲ အဟုတ်မှတ် မနေနဲ့။ တခြား မြို့တွေကို လည်း လေ့လာဦး။ သတင်းစာ၊ ဂျာနယ်ဖတ်၊ သတင်း လေးဘာလေး ကြည့်ဦးလို့ ပြောပါ တယ်။ ပြောလည်း နားမထောင်တော့ ငါလည်း မပြောချင်တော့ ဘူးကွာ။ ဒါနဲ့ စကား ပြန်ဆက်ရရင် မြန်မာ့ အရှည်ဆုံး ပခုက္ကူ တံတားကြီး ပေါ်လာပြီးနောက် ပခုက္ကူမြို့ဟာ တော်တော်ပြောင်းလဲ သွားတယ်ကွ။ ပခုက္ကူမြို့ကို ပြည်တွင်းက ဘုရားဖူး ခရီးသွားတွေ အများကြီး ရောက် လာတယ်။ ကမ္ဘာလှည့် ခရီးသွား တွေလည်း ရောက်လာတယ်။

ညို။ မူးယစ်ဆေးဝါးတွေလည်း ရောက်လာတယ် မဟုတ်လား နတ် မင်းကြီးရဲ့။

နတ်။ ကောင်လေး တိတ်တိတ်နေ။ ဒါ ကမြို့က တာဝန်ရှိသူ လူကြီးတွေနဲ့ ရဲတွေရဲ့အလုပ်ကွ။ သူတို့အလုပ် သူတို့ လုပ်လိမ့်မယ်။ ထား လိုက်တော့။ ငါအဓိက ပြောချင်တာ ဘုရားဖူး ခရီးသွားတွေ၊ ကမ္ဘာလှည့် ခရီးသွား တွေအများကြီး ရောက်လာတော့ မြို့အင်္ဂါရပ် နဲ့အညီ လမ်းတွေ သန့်ရှင်း သပ်ရပ်စေချင်တာ၊ လမ်း တွေကောင်း စေချင်တာ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ခိုးဆိုး လုယက်တာ တွေ၊ မှုခင်းတွေ လျော့ ကျသွားစေ ချင်တာကွာ။ ပခုက္ကူမြို့ကို ဂုဏ် တက်စေချင်တယ်ကွာ။

ညို။ နတ်မင်းကြီးကသာ ..ပခုက္ကူ မြို့ကို ဂုဏ်တက် စေချင်တာ။ ကျွန် တော်မြို့ပတ်ဆိုင်ကယ် စီးကြည့်တော့ ဆိုးလိုက်တဲ့ လမ်းတွေဗျာ။ ပခုက္ကူမြို့ ဂုဏ်ဆောင် အ.ထ.က(၁)ကျောင်း တော်ကြီးရှေ့က လမ်းမ ကြီးဆိုရင် ကျောက်ခဲစားထားရင် တောင် အစာကြေလောက် တယ်။ ရေမြောင်း တွေထဲမှာလည်း အမှိုက်တွေနဲ့ ပြည့်နေတာပဲဗျာ။ သင်္ကြန် အတက် နေ့က မိုးရွာတော့ ရေမြောင်းတွေမှာ အမှိုက်တွေနဲ့ ပိတ် ဆို့လို့ ရေတွေက လမ်းမပေါ် လျှံကျနေတာ မြင်လို့ တောင် မကောင်းဘူး။ မြို့ကလူတွေ စည်းကမ်းမရှိ အမှိုက်ပစ်ကြလို့ နေ မှာဗျာ။

နတ်။ စည်းကမ်းမရှိ အမှိုက်ပစ်တာ လည်းပါတယ်။ လူတွေက မြောင်း တွေကိုပိတ်ပြီး လမ်းပခုံးသားတွေ မြှင့်တာလည်း ပါတာပေါ့။ စည်ပင်က ပြောလည်း မရပါဘူးကွာ။ လုပ်မြဲ လုပ်နေတာပဲ။ နောက် ပြီးတို့မြို့က ရေမြောင်းကလည်း မင်း သိတဲ့ အတိုင်းအကျယ် ကလက်တစ် တောင်၊ အနက် က လက် သုံးထောင် လောက်နဲ့ ရေစီးပြီပဲထား ပါဦး။ အဲဒီ ရေက ဘယ်မှာ စီးရမလဲ။ ဘယ်မလဲ ထွက်ပေါက်။ မရှိဘူး။ အကုန်ပိတ် နေတာ။
ညို။ စည်ပင်မှာ အင်ဂျင်နီယာ မရှိ ဘူးလား နတ်မင်းကြီးရ။ ဒါလေး လောက် ကတော့ သူလုပ်တတ်မှာပါ ဗျာ။

နတ်။ ရှိတော့ရှိတာပေါ့ကွ။ သူ့လည်း ဘတ်ဂျက်ချမပေး ရင် ဘယ်လုပ်လို့ ရမလဲကွာ။

ညို။ ဟာ..ဒါတော့မဖြစ် နိုင်ဘူး။ စည်ပင်က လမ်းဘေး ဈေးသည်ဆီက လည်း ပိုက်ဆံကောက်တယ်။ တခြား အခွန်အခတွေ လည်း ကောက် မှာပဲ။ နောက် နိုင်ငံတော်က အခွန်အခ တွေ ရနေတော့ ပခုက္ကူမြို့ အတွက် လည်းဘတ်ဂျက်တော့ ရမယ်ထင်ပါ တယ် နတ်မင်းကြီးရာ။

နတ်။ ဒါတော့မသိဘူးကွာ။ မြို့မှာ ရေစီးရေလာ ကောင်းဖို့က အဓိကကွ။ ရေစီးရေလာကောင်းရင် လမ်းပေါ် ရေမလျှံတော့ဘူး။ လမ်းပေါ် ရေမလျှံ ရင် လမ်းမပျက်စီး တော့ဘူးပေါ့ကွာ။ နောက်ပြည်သူ တွေကလည်း စည်း ကမ်းမဲ့ အမှိုက်မပစ်နဲ့။ မြောင်း တွေထဲ အမှိုက်မပစ်နဲ့။ စည်ပင်က လည်း လမ်းတိုင်းမှာ အမှိုက်ပုံးတွေ ထားပေးသင့်တယ်ကွာ။ အမှိုက်ပုံး မရှိတော့ ပြည်သူတွေ အမှိုက် ပစ်မှာ ပေါ့ကွာ။ မဟုတ်ဘူးလား။

ညို။ ဟုတ်တယ် နတ်မင်းကြီး။ ကျွန် တော်တို့မြို့နဲ့ အနီးဆုံးပုဂံ – ညောင် ဦးမှာဆို အမှိုက်မရှိဘူး။ ပြည်သူတွေ ကလည်း စည်းကမ်းရှိရှိ အမှိုက်ပစ် တော့ မြို့ကသန့်ရှင်း သာယာလှပသွား တာပေါ့ဗျာ။

နတ်။ မှန်တာပေါ့ကွာ။ ညောင်ဦးက အမှိုက်သိမ်းစနစ်၊ ရေမြောင်း စနစ် တွေကို ငါတို့မြို့လည်း အတုယူရ မယ်။ နောက် ရန်ကုန်ဆို နှစ်စဉ် ရေကြီး၊ ရေလျှံနေတာ။ အခု ရေမြောင်း အကြီးကြီးတွေ ဖောက် ထားတော့ လမ်းပေါ်ရေ သိပ်မလျှံ တော့ဘူးကွ။ မန္တလေးမြို့က တာဝန် ရှိသူတွေလည်း စင်ကာပူ သွားပြီး လေ့လာနေပြီလို့ ဖေ့စ်ဘုတ် မှာ ငါဖတ် လိုက်ရတယ်။ ငါတို့မြို့က တာဝန်ရှိ လူကြီးတွေရယ်၊ စည်ပင်က လူကြီးတွေရယ်၊ လွှတ်တော် အမတ် တွေ လည်း ငါတို့မြို့အတွက် အလုပ် လုပ်ပေးရင် ငါသေပျော် ပါပြီကွာ။ အဲဒီလူကြီးတွေ အိမ်ထဲမှာ အောင်း မနေဘဲ မြို့တစ်ပတ်ပတ် ကြည့်ပြီး လိုအပ်တာတွေကို ကူညီလုပ်ပေးရင် သိပ်ကောင်းမှာပဲ ကွာ။

ညို။ ဒါကတော့ စိတ်ချနတ်မင်းကြီး။ သူတို့တွေသိအောင် ကျွန်တော်ဂျာ နယ်ထဲမှာ ထည့်ရေးလိုက်ပါ့မယ်။

နတ်။ အေး ..အေး ဒါဆိုလည်း ရေးလိုက်ပါကွာ။ ပခုက္ကူမြို့ အကြောင်းကတော့ ပြောရင် ပြောစ ရာတွေ အများကြီးပဲကွ။ နောက်များ ကြုံတော့မှထပ်ပြောမယ် ..မောင် ညိုရေ။

ကျွန်တော်နဲ့နတ်မင်းကြီးတို့ရဲ့ ပြောစကားတွေကို အခုလို စာရေး သားလိုက်တဲ့အခါ ပခုက္ကူမြို့က တာဝန်ရှိလူကြီးတွေ ဖတ်မိရင် ကျွန်တော့်ကိုဘယ်လိုများ မြင်မိမလဲ မသိဘူးဗျာ။

အမှိုက် (၂)

ဒီစာကို ဖတ်မိသွားရင် သူတို့ ရင်ထဲမှာ ကျွန်တော်ဟာ “အမှိုက်” တစ်စဖြစ်သွားမှာ သေချာပါတယ်.. မြို့စောင့်နတ်မင်းကြီးရေ …။ ဘာပဲဖြစ်ဖြစ် မြို့စောင့်နတ်မင်းကြီး ပြောပြမယ့် ပခုက္ကူမြို့ အကြောင်းတွေ ကို အခါအခွင့်သင့်ရင် ထပ်နား ထောင်ချင် ပါသေးတယ် ဗျာ…။

ပခုက္ကူမြို့ကြီးဟာ မြို့အင်္ဂါရပ်နဲ့အညီ သန့်ရှင်းသာယာလှပပါစေ။

မေတ္တာဖြင့်
ညိုသစ်ငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here