ဗိုလ်အောင်ဒင် ကိစ္စ ပြေလည်ပြီ

0
115

\တေးသံရှင်မနောရဲ့ “ဗိုလ်အောင်ဒင်လိုလူကြမ်း” သီချင်းနဲ့ ပတ်သက်ပြီး ဗိုလ်အောင်ဒင်ရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ရွှေဒုံးဘီအောင်ရဲ့ မြေးတော်စပ်သူ ဒေါ်ခင်သန့်စင်အောင်က “ဗိုလ်အောင်ဒင်” သီချင်း ခေါင်းစဉ်အတွက် ညှိနှိုင်းဆွေးနွေးပေးပါရန်ကိစ္စအကြောင်းအရာနဲ့ စာတစ်စောင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)ကို ဧပြီလ ၅ ရက်နေ့က ပို့ခဲ့တာဖြစ်ပါတယ်။ ၂၅ ရက်နေ့မှာတော့ တေးရေး၊တေးဆို သဟာအောင်နဲ့ မိသားစုဝင်များ ညှိနှိုင်း ဆွေးနွေးခြင်း ပြုလုပ်ခဲ့ပြီး နားလည်မှုရရှိကာ ပြေလည်ခဲ့ကြတယ်လို့ သိရပါတယ်။ အနုပညာ လုပ်တဲ့နေရာမှာ ဘယ်အနုပညာသမားကိုမှ ရည်ရွယ်ချက်ရှိရှိ မစော်ကားသလို၊စော်ကားဖို့လည်း ရည်ရွယ်ချက်မရှိကြောင်း တေးရေး၊တေးဆို သဟာအောင်က အဆိုပါ ဆွေးနွေးပွဲမှာ ပြောပါတယ်။

” ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ်အနုပညာနဲ့ပတ်သက်ပြီး ကျွန်တော်လုပ်တာတွေကတော့ ဘယ်အနုပညာသမားတွေကိုမှ ကျွန်တော်ရည်ရွယ်ချက်ရှိရှိ မစော်ကားသလို၊စော်ကားဖို့လည်း ရည်ရွယ်ချက်မရှိပါဘူး။ အခုလို မရည်ရွယ်ဘဲဖြစ်သွားတဲ့ အပေါ်ကျပြန်တော့ ကျွန်တော်တို့ မရည်ရွယ်တဲ့အကြောင်းကို ရိုးသားစွာပဲ ဖွင့်ပြောပြလိုက်ပါတယ်။ နိုင်ငံပိုင်သတင်းစာထဲ ထည့်ပြီးတော့ တောင်းပန်ပါမယ်။ သူတို့ကလည်း ကျွန်တော် တို့ရဲ့ အဖြစ်မှန်ကို သိပြီးတဲ့အခါကျတော့ ပြေလည်သွားတယ်” လို့ ပြောပါတယ်။ ဗိုလ် အောင်ဒင်ဇာတ်ကောင်ကို ကလောင်စွမ်းပြ ရေးသားခဲ့ပြီး ရုပ် ရှင်အဖြစ် ဖန်တီးရိုက်ကူးခဲ့တဲ့ ဆရာကြီးရွှေဒုံးဘီအောင်ရဲ့သမီးချွေးမဖြစ်တဲ့ စာရေးဆရာမဒေါ်အေးအေးပို(ခ) St. Michacl Pollyohn က…

” ဒါရိုက်တာ ရွှေဒုံးဘီအောင်ရဲ့ ဗိုလ်အောင်ဒင်ဇာတ်ကောင်အမည်ကို သဟာအောင်က “ဗိုလ်အောင်ဒင်လိုလူကြမ်း” ဆိုပြီး တေးရေးလိုက်တယ်။ ပြီးတော့ အောင်မြင်သွားတာပေါ့။ အောင်မြင်သွားတာကို ကျွန်မတို့က ဝမ်းသာပါတယ်။ တေးရေးသဟာအောင်ဟာ အရေးတော်တယ်၊ ဆိုတဲ့မနောကလည်း အဆိုကောင်းတော့ တော်တော်လေးကို သဘောတွေကျနေတာ။ အဲဒီနောက်ပိုင်းမှာတော့ တဖြည်းဖြည်း ဗိုလ်အောင်ဒင် နာမ်စားကို အသုံးချလာတာတွေများလာတော့ ဂီတအစည်းအရုံးကို အကြောင်းကြားလိုက်တာပါ။ တွေ့ဆုံပြီးတဲ့အခါကျတော့ သဟာအောင်က တောင်းပန်ပါတယ်တဲ့။ သူက မသိလို့ သုံးမိတဲ့အတွက် ကျွန်မတို့ကလည်း ကျေနပ်ပါတယ်။ ကြေးမုံသတင်းစာထဲလည်း တောင်းပန်စာထည့်ပါမယ်လို့ ပြောပါတယ်။ ကျွန်မတို့က ခွင့်ပြုချက်လေး နဲ့ တိုင်တိုင်ပင်ပင် ဖြစ်စေချင်တာ တစ်ခုပါပဲ။ ကျန်တာ
ဘာပယောဂမှမပါပါဘူး။ နောက်များမှာလည်း ဗိုလ်အောင်ဒင်နဲ့ ပတ်သက်တဲ့ ဆင့်ပွားဖန်တီးမှုမျိုးကို ကျွန်မတို့ဆီကနေ ခွင့်ပြုချက်တောင်းရင် ခွင့်ပြုပေးသွားဖို့ အဆင်သင့်ပါပဲ” လို့ ပြောပြခဲ့ပါတယ်။

ကောင်းရဲထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here