နေရောင်အောက်က ခွေးတစ်ကောင်

0
117

NayMyoနွေနေ့လယ် ပူပြင်းလို့။ နေရောင်ခြည်က လမ်းမပေါ် မှာ “ဝင်းလို့။ လေက ငြိမ်လို့၊။ သစ်ရွက် ကလေးတစ်ရွက်တောင်မှ မလှုပ် တိတ်ဆိတ် ငြိမ်သက်လို့။ အဲဒီအချိန် ခွေးတစ်ကောင်ဟာ တစိုက်စိုက်နဲ့ လမ်းပေါ်မှာ သွားနေတယ်။

လမ်းဆိုတာ မြေသား လမ်းကလေးကို ပြောတာ။ ခွေးကတော့ ခြေထောက်နဲ့ ကိုယ်လုံး တစ်ဝက် ရွှံ့နွံတွေပေကျံ နေတဲ့ ခွေး တစ်ကောင် ပေါ့။ ခွေးဟာ အပေါ်ပိုင်းက အညိုရောင်၊ အောက်ပိုင်းက ရွှံ့နွံ တွေ ပေပွလို့ အနက်ရောင်။ ခွေးဟာ မြောင်းပုပ်ထဲက တက်လာပုံရတယ်။ မြောင်းပုပ်ထဲက ညစ်တူး မည်းနက်တဲ့ ရွှံ့နွံတွေဟာ သူ့ကိုယ်လုံး တစ်ဝက်မှာ။ ခွေးဟာ တစိုက်စိုက်သွားနေ တယ်။ မြောင်းထဲက တက်လာပြီး သူဘယ်ကို သွားနေတာလဲ။ နေ က ခြစ်ခြစ် တောက်ပူ လို့။ သေသေချာချာ ကြည့်တော့ ခွေး ဟာ ခွေးမကြီး တစ်ကောင်ဖြစ် တယ်ဆို တာကို တွေ့ရတယ်။ သူ့အမြီးဖျား၊ ခြေထောက်တွေနဲ့ သူ့ ဝမ်းဗိုက်နို့သီး တွေဟာ ရွှံ့နွံတွေပေ ပွလို့။ သူဟာ အဲဒီလို စွတ်စိုပေပွနေတဲ့ ခန္ဓာကိုယ် နဲ့ မြေသားလမ်းပေါ်မှာ တစိုက်စိုက်သွားနေတာ။

သူဟာ လမ်းဘေးခွေးတစ်ကောင်မျှသာပဲ။ လမ်းဘေးခွေး ဆိုတော့ သူ့ဘာသာ ကြုံတဲ့ နေရာမှာနေ၊ ကြုံတဲ့နေရာကို သွား၊ ကြုံတာ တစ်ခုခုကို ရှာဖွေ စားရမှာပေါ့လေ။ လေကငြိမ်လို့။ နွေနေက ပူပြင်းလို့။ သစ်ပင် တစ်ပင်ရဲ့ အရိပ်အောက်ကိုရောက်တော့ ရွှံ့နွံတွေပေ ပွနေတဲ့ ခွေးမကြီးဟာ ခဏရပ် လိုက်တယ်။ ပြီးတော့ လျှာတစ်လစ်နဲ့ အသက်ရှူနေတယ်။ အဲဒီအချိန်မှာ သူ မောမောနဲ့ နားတဲ့နေရာ အနီးက ကျောက်ပြား တစ်ခုပေါ်မှာ ထမင်း အသိုးနည်းနည်းနဲ့ အရိုးတစ်ချောင်းကို တွေ့တော့ တကျွတ်ကျွတ် တပြတ်ပြတ်စား ပစ်လိုက် တယ်။ ခါတိုင်းဆို ရင် ဒီကျောက်ပြားပေါ်မှာ ရေအင်တုံ တစ်ခု ရှိတယ်။ ခုတော့ရေအင်တုံ မရှိတော့ဘူး။ လူတချို့ဟာ ရွှံ့နွံတွေ  ပေ တူးနေတဲ့ ခွေးမကြီး သူတို့အနား ရောက်လာရင် ဟဲ့ … ဆိုပြီး မောင်းထုတ်တယ်။ မှန်ပါ တယ်။ နွေ နေပူပူအောက် တစိုက် စိုက် နဲ့ လျှောက် သွားနေတဲ့ ခွေးမကြီး ရဲ့ ကိုယ်ခန္ဓာက ရွှံ့နွံတွေဟာ တဖြည်းဖြည်းနဲ့ ခြောက်သွေ့ လာတယ် ။ နို့သီးပေါ် ကရွှံ့ချပ်တွေဟာ လှုပ်ရှားရင်းကြွေကျကုန်တယ်။ အမွေး အမျှင်တွေဟာ ရွှံ့နွံတွေနဲ့ သီး ထခြောက်သွေ့လို့။ ညစ်ပေနေ တဲ့ ခွေး တစ်ကောင်။ စွန့်ပစ် စားကြွင်းစားကျန်တွေ ရှာဖွေစား သောက် ဖြတ်သန်းနေတဲ့ ခွေးတစ်ကောင်။ လမ်းဘေးခွေးတစ်ကောင်အကြောင်း ပါပဲ။ သူတို့ဟာ အဲဒီလို လှည့်လည် ရှင်သန်နေကြတယ် ဆိုတာတွေ့ရှိ ခဲ့တယ်။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here