တင်းနစ်ပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးပြန်တဲ့ ပြေတီဦး

0
208

PyitiOo

အနုပညာမှာလည်း ထူးချွန်သလို အားကစားမှာလည်း ထူးချွန်သူဖြစ်တဲ့ ပြေတီဦးက L’opera Restaurant and Bar and Inya Lake Hotel မှ ကျင်းပတဲ့ Tenth Tennis League & Tournament 2016-2017 ပြိုင်ပွဲရဲ့ အမျိုးသား တစ်ဦးချင်းတင်းနစ်ပြိုင်ပွဲမှာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

” အစ်ကိုက လွန်ခဲ့တဲ့ ၃နှစ် လောက်ကလည်း L’opera ပြိုင်ပွဲကို ဝင်ပြိုင်ဖူးပါတယ်။ အဲဒီတုန်းက နှစ်နှစ်ဆက်တိုက်ဝင်ပြိုင်ဖြစ်တယ်။ ပထမဦးဆုံး ပြိုင်တဲ့နှစ်က ဒုတိယဆုရတယ်။ နောက်တစ်နှစ်ဝင်ပြိုင်တော့ ပထမဆုရတယ်။ ဒီပြိုင်ပွဲကျတော့ ၄ လ ၅လ လောက် ပြိုင်ရတယ်။ တနင်္ဂနွေမှပဲ ပြိုင်ပွဲလုပ်တယ်။ နောက်ပိုင်းကျတော့ အချိန်သိပ်မရလို့ မပြိုင်ဖြစ်တာ ၃နှစ် လောက်ရှိပြီ။ ဒီနှစ်ကျတော့ ၁ဝနှစ်ပြည့် anniversary ဖြစ်နေတော့ ဝင်ပြိုင်ပေးပါဆိုပြီး အစ်ကို့ ကို ပြောတာနဲ့ အမှတ်တရဖြစ်အောင် ဝင်ပြိုင်ဖြစ်တာပါ” လို့ တင်းနစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ဖြစ်ခဲ့ပုံကို ပြေတီဦးက ပြောပါတယ်။ ဖိုင်နယ်ပြိုင်ပွဲကို မေလ ၁၄ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ပြေတီဦးက ပြီးခဲ့တဲ့နှစ်က ချန်ပီယံ ဆုရရှိခဲ့တဲ့ ပြင်သစ်နိုင်ငံသားနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံသားနဲ့ ၃နာရီကြာအောင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီးနောက်မှာတော့ ပြေတီဦးက ချန်ပီယံဆုကို ဆွတ်ခူး သွားခဲ့တာ ဖြစ်ပါတယ်။

” သူကလည်း တော်တော်လေး သက်လုံကောင်းတယ်။ လူကလည်း strong ဖြစ်တော့ သူနဲ့ တော်တော်လေး ရိုက်လိုက်ရတယ်။ အစ်ကိုလည်း ခြေသည်းနှစ်ချောင်း ပုပ်သွားတယ်။ သူကလည်း ပထမပိုင်းမှာတော်တော်လေး ရိုက်နိုင်တယ်။ သူ ဒုတိယဆုရသွားပေမယ့်လည်း ဆုတောင် လာမယူနိုင်တော့ဘူး။ အမောစို့ပြီး အန်လို့ ဆေးရုံရောက်သွားတယ်။ တင်းနစ်ကျတော့ အစ်ကိုက အမြဲတမ်း လေ့ကျင့်နိုင်တာမျိုး မဟုတ်ဘူးလေ။ အားတဲ့အချိန်လေးမှာသာ ဝါသနာ အရသာကစားရတာ။ ဘဝမှာ အားကစားကလည်း အရမ်း ဝါသနာပါတော့ အဲဒီလိုဆုမျိုးကို လိုလည်းလိုချင်တယ်။ တန်ဖိုးလည်းထားတယ်။ ဆုကလည်း ခက်ခက်ခဲခဲကို ရခဲ့တာ။ အားလုံးက အစ်ကို့ကို ရှုံးပြီပဲထင်ကြတာလေ။ အစ်ကိုက မေမြို့မှာ ဇာတ်ကားရိုက် ပြီးပြန်လာတော့ အရမ်းပင်ပန်း နေတယ်။ သက်လုံသိပ်မပြည့်ဘူး။ တစ်ဖက်ကလည်း အရမ်း ကောင်းနေတော့ အစ်ကို့ကို ရှုံးပြီပဲထင်ထားကြတာ။ အစ်ကိုလည်း အရှုံးမပေးဘဲနဲ့ မရရအောင် ရိုက်တော့ သူတို့ လည်း ပွဲကောင်းကောင်းလေး ကြည့်ရတယ်။ အားပေးတဲ့သူ တွေလည်း ပျော်ကြတာပေါ့” လို့ပြောပါတယ်။ တင်းနစ် ရိုက်ရတာကို ဝါသနာပါတဲ့အတွက် အားတဲ့အချိန်နဲ့ တိုက်ဆိုင်ရင်တော့ ပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်ဦးမယ်လို့ ပြေတီဦးက ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here