” သဘင်အစည်းအရုံးနဲ့ ပတ်သက်လို့ ငွေရေးကြေးရေးပိုင်းကို ကျွန်တော်အာမခံနိုင်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်အပေါ်မှာ အလွဲသုံးစားလုပ်တာမျိုး ကျွန်တော်ဘယ်တော့မှ မရှိစေရဘူး။ လုပ်ခွင့်ရှိတဲ့အချိန်မှာ ဘာလုပ်လိုက်မယ်ဆိုတာမျိုး မရှိစေရဘူး။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးကို နွယ်ပြီးရုံးလုပ်ငန်းကို ဘယ်တော့မှ မဆုံးဖြတ်ဘူး။ ဒါကျွန်တော့်ရဲ့ သစ္စာပဲ။ အချိန်မရွေးစစ်ပါ” လို့ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဖိုးချစ်က ပြောပါတယ်။
သူ့အနေနဲ့ သဘင်နဲ့ ပတ်သက်ပြီး ဘယ်အရာကို ဘယ်လိုမျိုး ဖွံ့ဖြိုးအောင် လုပ်ရမလဲဆိုတာမျိုးကိုတော့ တတ်နိုင်သလောက်၊ သိသလောက် ကြိုးစားပြီး လုပ်ဆောင်ပေးဖြစ်နေပါကြောင်းလည်း ဆက်ပြောပါတယ်။ ဒါ့အပြင် နိုင်ငံအတွက် ငြိမ်းချမ်းရေးက တအားအရေးကြီးသလို၊ ယဉ်ကျေးမှုကလည်း အရေးကြီးကြောင်း ဆိုလာတဲ့ ဖိုးချစ်က ” ဘာလို့ ရိုင်းနေကြသလဲ။ မယဉ်ကျေးလို့ပေါ့။ ဘာဖြစ်လို့ လူသတ်မှုတွေ များပြားနေသလဲ။ လုယက်မှုတွေ များပြားနေသလဲ။ မယဉ်ကျေးလို့ပေါ့။ ယဉ်ကျေးမှုရှိနေရင် ငတ်တိုင်း မလုပ်ဘူး။ တကယ့်ဝိနည်းနဲ့အညီနေတဲ့ ရဟန်းတွေက ဘယ်လောက်ပဲဗိုက်ဆာဆာ ညနေစာမစားဘူး။ အငတ်ပဲခံမယ်။ သီလအပျက်မခံဘူး။ ငွေမရှိလို့ လုပ်ရပါတယ်ဆိုတာ သီလမလုံလို့။ အဲဒါက ဘယ်က အခြေခံလည်းဆိုရင် ဘာသာရေးနဲ့ ယဉ်ကျေးမှုက အခြေခံပဲ။ သဘင်မှာ ယဉ်ကျေးမှုနဲ့ ပတ်သတ်ပြီးတော့ ဆောင်ရွက်စရာတွေ အများကြီးရှိသေးတယ်။ ယဉ် ကျေးမှုနဲ့သဘင် ဒီထက်ပိုပြီးအားကောင်းလာအောင် ဆောင်ရွက်စရာတွေ
အများကြီးရှိသေးတယ်။ ဒါကြောင့် နိုင်ငံတော်က ပံ့ပိုးမှုတွေ အများကြီးလိုတယ်။ သဘင်ရုံးပိုင် နေရာမရသေးလို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်လုပ်နေလို့လည်း မဟုတ်ပါဘူး။ လိုအပ်လို့ပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အခုချိန်ထိလည်း ဒါနဲ့ ပတ်သက်လို့ နိုင်ငံတော်အဆင့်ကို မတင်ပြသေးပါဘူး။ တင်ပြဖို့ရှိပါတယ်” လို့ ပြောပါတယ်။
လင်းအက္ခရာ