မို့မို့မြင့်အောင် ပြောပြတဲ့ မိန်းမကောင်းဆိုတာ

0
254

Moh-Moh-Myint-Aungပရိသတ် အားပေးမှုများစွာ ရရှိထားသူ အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ အိမ်ထောင်ရေး အခြေ အနေနဲ့ ပတ်သက်ပြီး သိရှိကြတဲ့ ပရိသတ်တွေ ကလည်း ချီးကျူးလေး စားနေကြပါတယ်။ မို့မို့မြင့်အောင်က မင်္ဂလာဆောင်ပြီး မကြာမီမှာပဲ ကားအက်စီးဒင့် ဖြစ်ပြီး ကျန်းမာရေး မကောင်းတဲ့ ခင်ပွန်းဖြစ်သူ အပေါ် အခု အချိန်ထိ သစ္စာမဖောက်ဘဲ ပြုစုစောင့်ရှောက် လျက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ အပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘဲ မိန်းမတစ်ယောက်ရဲ့  တန်ဖိုးတစ်ခုကို ပြချင်တယ် လို့ဆိုတဲ့ မို့မို့မြင့်အောင်က..

“မမို့က အိမ်ထောင်သက် ၃၁နှစ် ပြည့်တော့မယ်။ ၃ဝ ကျော်သွားပြီပေါ့။ ၅လလေး ပဲပေါင်းရတယ်။ မမို့ အမျိုးသားက အက်စီးဒင့် ဖြစ်သွားတယ်။ အဲဒါ ကို တချို့က သိပ်မသိကြဘူး။ မမို့ကို အပျိုကြီးလို့ပဲ ထင်ကြတယ်။ မဟုတ်ပါဘူး။ မမို့အမျိုးသားက စာရေးဆရာ မောင်မောင်ကျော်ပါ။ သူက ကားအက်စီးဒင့် ဖြစ်သွားပြီးတော့ လမ်းမလျှောက်နိုင်ဘူး။ ဒါပေမဲ့ မမို့ ယောကျာ်း အပေါ်မှာ မြူတစ်မှုန်မျှ စိတ်ဖောက်ပြားမှု မရှိပါဘူး။ ကိုယ်ကိုယ်တိုင်ပဲရှာဖွေ ကျွေး မွေးပြုစု၊ ကိုယ်ကိုယ်တိုင်ပဲ စီးပွားရေး လုပ်ပေးတယ်။ သာမာန်လူထဲမှာ ရှိရင်တော့ ရှိမယ်ရှားမယ်။ မင်းသမီးထဲမှာ ဆိုရင်တော့ မရှိ သလောက်ပဲ။ မြန်မာမိန်းကလေး ထဲမှာ မြန်မာမင်းသမီး ထဲမှာ ဒီလိုအိမ်ထောင်ရှင် မိန်းမတစ်ယောက် ရှိတယ် ဆိုတာ စံပြထားချင်တာ။ အိမ်ထောင်တစ်ခု တည်မြဲ နေဖို့ရယ်၊ သစ္စာ ရှိနေဖို့ရယ် အဓိက မိန်းမ တစ်ယောက်ရဲ့တန်ဖိုးတစ်ခုကို ပြချင်တာပါ။ မိန်းမကောင်းတစ် ယောက် ဆိုတာ အကြောင်းအရာ တစ်ခုနှစ်ခုနဲ့ အချိန်တစ်ရက် နှစ်ရက်နဲ့ မိန်းမ ကောင်း တစ်ယောက် လို့ ပြောလို့မရပါဘူး။ အကြောင်းအရာ အများကြီးနဲ့ နှစ်ကြာရှည် အများကြီး နဲ့မှ မိန်းမကောင်း ဆိုတဲ့ စကားလုံးက ပြောလို့ရတာပါ” လို့ ပြောပါတယ်။ မို့မို့မြင့်အောင်က ဆရာဦးဝင်းငြိမ်း စီစဉ်တဲ့ အမှတ်တရ ၇၁ ရုပ်ရှင်၊ ဂီတ၊ သဘင်ရသရွတ်ဖတ်ခြင်း အခမ်းအနားမှာပါဝင်ပြီး စာဖတ်ပေး ခဲ့ပါတယ်။

“ဦးဝင်းငြိမ်းက စာဖတ်ပေးဖို့ပြောတော့ ကိုယ်ကရိုးရိုး ပဲထင်တာ။ နောက် တော့မှ အမြင်အာရုံ ချို့ယွင်းတဲ့သူတွေ အတွက်ပါ အသံသွင်းမယ်ဆိုတော့ အဲဒါ ဆိုရင်ဖတ်ပေးမယ်။ ဦးရဲ့၇၁နှစ် ပြည့်မွေးနေ့ ကိုလည်း မွေးနေ့ လက်ဆောင်ဖြစ် သွားမယ်။ သောတအာရုံ ကုသိုလ် တစ်ခုကို လာယူလိုက်တာပါပဲ။ အဲဒီ အတွက်လည်း ကိုယ့် ကိုယ် ကိုယ်ကျေနပ်ပါတယ်”လို့ ပြောပါတယ်။ မို့မို့မြင့် အောင်က မေလ၂၅ရက် နေ့မှာ ကျရောက်တဲ့ မွေးနေ့ အလှူအဖြစ် နေအိမ်မှာ ဘုန်းကြီးဆွမ်းကပ်ခဲ့ ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-  အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here