ယခင်နဲ့ ယနေ့ စာပေလောက အပြောင်းအလဲ အကြောင်း ပြောပြတဲ့ ဆရာကောင်းသန့်

0
471

Kaung-Thant-(1)ယခင်ခေတ် ကာလများဆီက စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ ဆိုတာ သိပ်မလွယ်။ နည်းပါးလှတဲ့ မဂ္ဂဇင်း ဂျာနယ်စာမျက်နှာ ထက်မှာ ဖော်ပြနိုင်ဖို့ အတွက် အယ်ဒီတာစားပွဲအထိ အဆင့်ဆင့် ဖြတ်သန်း ရတာ ကလည်း အင်မတန် ခက်ခဲလှပါ တယ်။ အဲဒီလို အခြေအနေမှာ ဖြတ်သန်းခဲ့တဲ့ ဆရာကောင်းသန့်က သူ့ရဲ့ ဖြတ်သန်းရမှု အတွေ့အကြုံ ကို အခုလိုပြောပြပါတယ်။

“ဆရာတို့ ငယ်ငယ်က ဘာတွေ ရှိလဲဆိုတော့ ဖလင်စတား စာစောင် ရှိတယ်။ ပါမောက္ခ စာစောင်၊ ဥသြ စာစောင် ရှိတယ်။ နောက် ယုဝတီ ဂျာနယ် ရှိတယ်။ တိုင်းရင်းမေ ဆိုတာ ရှိတယ်။ အဲဒီဟာတွေကို လက်လှမ်းမီရာ ဖတ်ရတာပေါ့။ မဂ္ဂဇင်းကြီးတွေ ကတော့ မြဝတီ၊ ငွေတာရီမှာ တက္ကသိုလ် ကဏ္ဍ ဖွင့်ပေးတယ်။ ဆရာတို့လည်း တက္ကသိုလ် ရောက်တော့မှ အဲဒီထဲမှာ ကလောင်သွေး ရတယ်။ တက္ကသိုလ် ကဏ္ဍထဲမှာ ဝင်ရေးရတာပေါ့။ တစ်ပုဒ်ပါ နှစ်ပုဒ်ပါနဲ့ အကြာကြီးပဲ။ ဆရာဆို ရင်တစ်ပုဒ်ပါ နှစ်ပုဒ်ပါနဲ့ ၂၆ နှစ်လောက် ကြာခဲ့တယ်” လို့ ဆရာကောင်း သန့်ကပြောပါတယ်။

လက်ရှိခေတ် ကာလမှာ အင်တာနက် လူမှုကွန်ရက်မှာ စာပေ ရေးသားရာမှ စာအုပ် ထုတ်ဝေတဲ့ အနေအထားကို ရောက်ရှိလာပြီး ယခင်ကထက် ပိုပြီး မြန်ဆန် လာတယ်လို့လည်း ဆရာကောင်းသန့်က

“စာရေးဆရာဖြစ်ဖို့ အရင်ခေတ် ကထက် ပိုပြီး မြန်ဆန်လာတာတော့ အသေအချာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပိုက်ဆံရှိလို့ ကိုယ့်ဘာသာ စာအုပ် ထုတ်ရင်း နဲ့ စာပေလုပ်ငန်းတွေ လုပ်နေတာမျိုး လည်း ရှိတာပဲ။ တစ်ချို့ကျတော့လည်း ဝါသနာအရ အင်တာနက် မှာ ဖေ့စ်ဘွတ်ပေါ်မှာ စာတွေရေးရင်းနဲ့ ပရိသတ်တွေ တောင်းလာတယ်။ ထုတ်ဝေသူကနေ ကမ်းလှမ်းပြီး ထုတ်လာရတဲ့ အနေအထား မျိုးလည်း ရှိလာတာပေါ့။တချို့လည်း ကိုယ့်နယ်ပယ်မှာ စီမံခန့်ခွဲ အုပ်ချုပ်ရေး နယ်ပယ်ရပ် တွေမှာ စာတွေရေးရင်းနဲ့ ပရိသတ် များလာပြီး စာအုပ် ထုတ်ဝေရင်းနဲ့ စာရေးဆရာ ဖြစ်လာကြတယ်။ ဒါဟာ ကောင်းတဲ့ အလားအလာပါပဲ။ စာက များလာတဲ့ အတွက် ရွေးချယ် စရာတွေ ပိုများလာတာပါ့။ ဟိုတုန်းကတော့ စာရေးဆရာ ဖြစ်ဖို့လည်း နည်းတယ်။ စာရေးဆရာ တွေလည်း နည်းတယ် ဆိုတော့ သူတို့ စာအုပ်တွေကိုပဲ တစိုက်မတ်မတ် ဖတ်ခဲ့ရတယ်။ ဆရာတို့  ဆိုလို့ရှိရင် မြသန်းတင့်တို့၊ တက္ကသိုလ် ဘုန်းနိုင်တို့၊ ခင်နှင်းယုတို့၊ ခင်ဆွေဦး တို့ပေါ့။ တကယ်ကို စွဲစွဲလမ်းလမ်းနဲ့ ဖတ်ခဲ့ရ တယ်။ တစ်အုပ်ထွက်ဖို့ အရေးကို မျှော်ပြီးတော့ ဖတ်ရတယ်။ အခုခေတ် မှာတော့ ဖတ်စရာတွေ များတဲ့အတွက် ဘယ်ဟာ ဖတ်ရမှန်း တောင် မသိဘူး ဖြစ်တယ်။ တော်တော်နာမည် ထွက်မှပဲ ဆရာတို့ ကောက် ကိုင်ဖတ်ဖြစ်တယ်။ စာအုပ်ဆိုင်သွားရင်လည်း တစ်ပတ် တစ်ပတ်ကို စာအုပ် အသစ်က ၆ဝ နဲ့ ၈ဝ ကြားမှာ ထွက်နေတယ်။ တစ်လကို အမျိုး ၂ဝဝ ကျော် ၃ဝဝ ရာကြား ထွက်နေတော့ စာအုပ်ဆိုင်တွေ ကလည်း နေရာပေးဖို့ ခက်လာတယ်။ ထုတ်ဝေတာတွေ များလာတဲ့ အခါကျ စာအုပ် ရောင်းအားတွေ ကျလာတာပေါ့။ သို့သော်လည်း တချို့စာအုပ်တွေလည်း ပရိသတ်က ကြိုက်ပြီး ထောင်နဲ့ သောင်းနဲ့ ချီပြီး ထုတ်ရတာတွေလည်း ရှိတာပေါ့”လို့ ဆရာကောင်းသန့်က လက်ရှိအခြေ အနေကို ပြောပြ ခဲ့ပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here