ဇာတ်တွင် စတိတ်ရှိုးကို ည၁နာရီခွဲအထိသာ ဖျော်ဖြေခွင့်ပြုမည်ဟု ရန်ကုန်တွင်ပြုလုပ်ခဲ့သော ဇာတ်သဘင်ဖျော်ဖြေရေးနှင့်ပညာရပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲတွင် အတည်ပြု

0
147

Tabin

မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို) ရဲ့စီစဉ်မှုနဲ့ မြန်မာ့ဇာတ်သဘင်ဖျော်ဖြေရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲကို မေလ၂၄ရက်၊ နေ့လယ်၁နာရီက ရန်ကုန်မြို့၊ ဆရာစံပလာဇာမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ သဘင်အစည်းအရုံး(ဗဟို) ရဲ့ နာယကကြီးများနဲ့အတူ ဇာတ်သဘင်ပညာရှင်များ၊ တည်ထောင် သူများ၊ ပွဲစီစဉ်သူများက တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဇာတ်သဘင်များမှာ နောက်ပိုင်းဇာတ်တော်ကြီးများကို ကပြရေး၊ စတိတ်ရှိုးကို အချိန်အကန့်အသတ်နဲ့ ဖျော်ဖြေတင်ဆက်ရေး၊ အော်ပရာကပြရေးစတဲ့အချက်တွေကို အဓိကထားဆွေးနွေးဆုံး ဖြတ်ခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးခဲ့ကြတဲ့အခါမှာတော့ နောက်ပိုင်းဇာတ်တော်ကြီးကို ခေါင်းဆောင်မင်းသားကိုယ်တိုင် ၂ ညတွင် ၁ည၊ ၅ညတွင် ၂ည မဖြစ်မနေ ကပြရမှာဖြစ်ပြီး နောက်ပိုင်းဇာတ်တော်ကြီးကို နှစ်ပါးသွား ရဲ့အရှေ့တိုးပြီးကပြလို့ရကြောင်း၊ စတိတ်ရှိုးကဏ္ဍအနေနဲ့ ဘယ်အချိန်ကပဲဆိုဆို ည၁နာရီခွဲနောက်ပိုင်းမှာ ရပ်နားရမှာဖြစ်ကြောင်း၊ အော်ပရာများကို ညတိုင်းကပြရမှာဖြစ်ကြောင်း စတဲ့သဘောတူညီချက်များကို အတည်ပြုခဲ့ကြပါတယ်။

အဆိုပါစည်းကမ်းသတ်မှတ်ချက်များအတိုင်း မလိုက်နာပါက သဘင်အစည်းအရုံး (ဗဟို)မှ ဘယ်လိုဆောင်ရွက်မလဲဆိုတာကိုလည်း ” အရေးယူဖို့နဲ့ စည်းကမ်းတွေထုတ်ဖို့အတွက် ဒီကိစ္စတွေကို လုပ်နေရတာပါ။ ရိုးရာလည်းထိန်းသိမ်းရမယ်၊ စည်းကမ်းဖောက် ဖျက်ရင်လည်း အရေးယူရမယ်။ အရာရာကိုအကုန်လုံးလုပ်ပါ့မယ်။ ကျွန်တော်တို့လည်း အဲဒီလိုလုပ်ရင်းနဲ့ပဲ ကျွန်တော်တို့ အပြောခံနေရတာများနေပါပြီ။ ဒါပေမယ့်လည်း ကောင်းဖို့အတွက် လုပ်ကြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရင်တုန်းက ဒီလိုမျိုးတွေ့ဆုံဆွေးနွေးမှုနည်းတဲ့အတွက် တိုးတက်မှုကလည်း နောက်ကျခဲ့ပါတယ်။ ဒီမိုကရေစီမှာ အဖွင့်နဲ့အပိတ်ဟာ အမြဲတမ်းအရေးကြီးပါတယ်။ ဒါကိုပိတ်မယ်ဆိုရင် ဒါကိုဖွင့်ပေးရပါတယ်ဆိုတဲ့ ကိစ္စရပ်တွေရှိသလို ကျပ်ကျပ်တည်းတည်းကိစ္စတွေကို သိပ်ပြီးတော့ ဆောင်ရွက်လို့မရပါဘူး။ နောက်တစ်ခုကတော့ အားလုံးညှိနှိုင်းပြီး အဖြေရှာတဲ့ကိစ္စက အောင်မြင်တဲ့ကိစ္စပဲဖြစ်ပါတယ်။ ပြီးတော့ပညာရှင်ကြီးများဆီ ကနေ အချက်အလက်တွေယူပြီးတော့ မင်းသားတစ်ယောက်လျှင် ဒီလိုပညာရပ်တွေကို ဆည်းပူးလေ့လာရမယ်။ ဆိုလိုတဲ့သဘောက အတင်းအကျပ်ခိုင်းတာမျိုးမဟုတ်ဘူး။ သိထားဖို့လိုတယ်။ မင်းသမီးဆိုရင်လည်း ဒီလိုပညာရပ်တွေ တတ်ထားရင်ပိုပြီးတော့ ကောင်းပါလိမ့်မယ်။ ဒါမျိုးတွေလည်း ကြေညာပြီးတော့ ကျွန်တော်တို့က ထုတ်ပြန်ပေး ပါ့မယ်။ အဓိကအချက်ကတော့ ကျွန်တော်တို့က ရိုးရာဇာတ်သဘင်ဖြစ်တဲ့အတွက် ရိုးရာထိန်းသိမ်းခြင်းကို လုပ်နေရခြင်းဖြစ်ပါတယ်။ သဘင်အစည်းအရုံးအနေနဲ့ ဘယ်လို မှတန်ဖိုးမဖြတ်နိုင်တဲ့ ရိုးရာတွေပျောက်ပြယ် သွားမှာစိုးတဲ့အတွက် ဒီလိုဆွေးနွေးပွဲကြီး တွေနဲ့ အမုန်းခံပြီးတော့ပြသနာအတက်ခံပြီးတော့ ဆွေးနွေးညှိနှိုင်းနေတာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေမဟုတ်ပါဘူး။အားလုံးရဲ့ ဆုံးဖြတ်ချက်များကို အတည်ပြုခြင်းပဲဖြစ်ပါတယ်” လို့ အဆိုပါနေ့တွေ့ဆုံဆွေးနွေးပွဲမှာ (ဗဟို)သဘင်အတွင်းရေးမှူး ဦးမိုးဝင်းကပြောခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုမှ အတည်ပြုဆုံးဖြတ်ချက်များကို မြန်မာပြည်အထက်ပိုင်းရှိ သဘင်ပညာရှင်များ၊တည်ထောင်သူများ၊ ဇာတ်ပွဲစီစဉ်သူများနဲ့ ထပ်မံညှိနှိုင်းရဦးမှာဖြစ်ကြောင်းလည်းသိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here