လူမှုဘဝဝန်းကျင်မှာ သက်ရောက်မှုရှိတဲ့ ငယ်ဘဝပုံရိပ်များ

0
695

yyl

လူတိုင်း၊ လူတိုင်းရဲ့ ဘဝမှာ ငယ်ဘဝ ဖြတ်သန်းမှုအစိတ်အပိုင်းက မှတ်မှတ်ထင်ထင် ရှိနေတဲ့အရာတွေ အနေနဲ့ ရှိနေပါတယ်။ ငယ်ဘဝဖြတ်သန်းမှုရဲ့ အရိပ်အငွေ့တစ်စိတ် တစ်ပိုင်းကလည်း အရွယ်ရောက် လာတဲ့အခါ ဘဝဖြတ်သန်းမှုမှာ အနည်းနဲ့အများ သက်ရောက်မှု ရှိနေပါတယ်။ အရွယ်ရောက်တဲ့အခါ ဘဝကို ဖြတ်သန်းပုံဖော်တဲ့အခါ ငယ်စဉ်က လွှမ်းမိုးခဲ့တဲ့ ကျင်လည် ခဲ့တဲ့ ပုံရိပ်တွေက အမှန်တကယ်ကျင်လည်ရာဘဝမှာ ပျော်ဝင်လာ တတ်ပါတယ်။ ဥပမာ-ငယ်စဉ်က ဘောလုံးကစားခြင်းနဲ့ပဲ မွေ့လျော် ခဲ့တဲ့ ကလေးတစ်ဦးဟာ ကြီးရင့် လာတဲ့အခါ ဘောလုံးသမားကောင်း တစ်ဦးဖြစ်လာဖို့ ရာခိုင်နှုန်းများသလို ငယ်စဉ်ကတည်းက ဂီတတွေသံစဉ်တွေနဲ့ယဉ်ပါးခဲ့တဲ့ကလေး ဟာလည်း အဆိုကျော်တစ်ဦးဖြစ် လာဖို့ ရာခိုင်နှုန်း များပါတယ်။ကံသေကံမ ပြောလို့မရနိုင်သော် လည်း ငယ်ဘဝ ဖြတ်သန်းရာအနေ အထားတွေက အရွယ်ရောက်တဲ့ ဘဝဖြတ်သန်းမှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေမှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

” ကျွန်တော် ငယ်ငယ်က အနုပညာသမား တစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ အဆိုတော် တစ်ယောက်အနေနဲ့တော့ မဟုတ် ဘူး။ ကဗျာဆရာတစ်ယောက် ဖြစ်ချင်ခဲ့တာ။ ကဗျာတွေလည်း မဂ္ဂဇင်း တွေကို ပို့ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီလိုပဲ အနုပညာကို စူးစမ်းရင်းနဲ့ အဆိုတော်တစ်ယောက် ဖြစ်လာတယ်။ နယ်ပယ်ချင်းတော့ မတူပေ မယ့် ဒီအနုပညာ အလုပ်တွေပဲ ဖြစ်တဲ့အတွက် ကျွန်တော်ငယ်စဉ်က မွေ့လျော်ခဲ့တဲ့ အရာနဲ့ထပ်တူညီ တယ်လို့ပြောရမယ်” လို့ လက်ရှိအချိန်မှာအောင်မြင်တဲ့အဆိုတော် တစ်ဦးဖြစ်သူ သားစိုးက ပြောပါတယ်။ ငယ်ဘဝရဲ့ အမှတ်တရများ၊ ဖြတ်သန်းမှု များအပြင်ကျင်လည်ရာ ပတ်ဝန်းကျင်၊ သွန်သင် ပဲ့ကိုင်ရာ လူကြီးသူမတို့ရဲ့ အခန်းကဏ္ဍကလည်း အရေးပါ ပါတယ်။ အဆို တော်မလေး ရတနာမိုင်ကတော့ မိခင်ဖြစ်သူ အဆိုတော် မိုင်ရဲ့အငွေ့ အသက်တွေ နဲ့ ကြီးပြင်း လာတဲ့ အားလျော်စွာ လက်ရှိအချိန် မှာလည်း အောင်မြင်တဲ့ အဆိုတော် တစ်ဦး ဖြစ်လို့နေပါပြီ။

” ညီမ က ငယ်ငယ်လေးကတည်းကလည်း တူရိယာတွေကို စမ်းပြီး လျှောက်တီးကြည့်တယ်။ မေမေကလည်း အဆိုတော်ဆိုတော့ အိမ်မှာ သီချင်းတွေနဲ့ပဲ နေတာများတယ်။ ကိုယ့်ဘာသာကိုယ် အိမ်မှာနေရင်း လည်း သီချင်းတွေလျှောက်ဆိုတယ်။မေမေကလည်း ငယ်ငယ်ကတည်းက သင်ကြားပေးတယ်။ ခုထိလည်း မေမေ့ရဲ့ ဆုံးမ လမ်းညွှန်မှုတွေနဲ့ အတူ ဒီဂီတလမ်းမှာ ဆက်လျှောက် နေပါတယ်။ သီချင်းတွေဘာတွေ ရွေးတာကအစ မေမေက အစစအရာရာ အကြံပေးတယ်” လို့ ရတနာမိုင်က ပြောပါတယ်။လက်ရှိအချိန်မှာ နယ်ပယ် တစ်ခုစီမှာ အနေအထားတစ်ခုစီနဲ့ ရောက်နေကြပြီ ဖြစ်ကြတဲ့ သူအများစုဟာ ငယ်စဉ်ငယ်ဘဝပုံရိပ်ကို ပြန်ကြည့်မယ်ဆိုရင် သူတို့ရဲ့ ဖြစ် တည်လာမှုကို ဆန်းစစ်လို့ ရပါတယ်။ငယ်စဉ်က ဖြစ်တည်ခဲ့တဲ့ ဝါသနာ၊ လွှမ်းမိုးမှု၊ ပတ်ဝန်းကျင်စတဲ့ အခြေအနေအရပ်ရပ်တွေက အရွယ်ရောက်လာတဲ့ ဘဝဖြတ်သန်းမှုမှာ တစ်စိတ်တဒေသ အဖြစ်ပါဝင်နေဦးမှာပဲ ဖြစ်ပါတယ်။

” ကျွန်တော် ဆယ်တန်းဝန်း ကျင် ကာလတွေမှာ အပေါင်းအသင်းများတယ်။ အပေါင်းအသင်းထဲမှာ အစုံပါတယ်။ မူးယစ်ဆေး သုံးစွဲတဲ့ ကိစ္စတွေလည်း ရှိတယ်။ပြောရရင် ပတ်ဝန်းကျင်ပေါ့။ပတ်ဝန်းကျင်က အရေးကြီးတယ်။ကျွန်တော်ဆို အဲဒီတုန်းက ဒီလို မူးယစ်ဆေးတွေနဲ့ ဝန်းကျင်ကနေ ဖောက်ထွက်တယ်။ သီအိုရီ ဖြစ် လာတယ်။ တစ်ခါ ထပ်ဖောက် ထွက်ပြီး ပြည်ပကို ထွက်သွားတယ်။ “ရောသမမွှေ”ဆိုပြီး ထပ်လုပ်တယ်။ ပြောချင်တာက ငယ်စဉ်က ကျင် လည်တဲ့ ပတ်ဝန်းကျင်ကဘယ် လိုပဲဖြစ်ဖြစ် ကောင်းနေတယ်ဆို လည်း ဆက်ထိန်းသွားဖို့၊ မကောင်း ဘူး ဆိုလည်း ဖောက်ထွက်ဖို့ လိုပါတယ်” လို့  အဆိုတော် သားစိုး ကလည်း သူ့အတွေ့အကြုံကို ထပ်မံ ပြောပြပါတယ်။ မတူညီရာ အခြေ အနေ မျိုးစုံနဲ့  ငယ်ဘဝ ဖြတ်သန်း မှုတွေမှာကောင်းခြင်း၊ ဆိုးခြင်း သက်ရောက်မှုများစွာရှိ နေနိုင်မယ် ဆိုရင်လည်းအရွယ်ရောက်လာတဲ့ ဘဝဖြတ် သန်းမှုမှာတော့ ကောင်း မွန်တဲ့ဘဝတစ်ခုအတွက် ကိုယ်တိုင် ဖန်တီးတည်ဆောက်ကြရမှာပဲ ဖြစ်ပါတော့တယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here