ငယ်ငယ်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့်ပြီး ရယ်ချင်သွားတယ်

0
181

pp2

ပေါ်ပြူလာဂျာနယ်ရဲ့ နှစ် ၂ဝ ပြည့် အထိမ်းအမှတ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဒီတစ်ပတ်ပေါ်ပြူလာ အထူးအချပ်ပိုရဲ့ မျက်နှာဖုံးရှင်ကတော့ အဆိုတော် ပိုပိုပဲဖြစ်ပါတယ်။ အထူးပြုကဏ္ဍကတော့ အနုပညာရှင်တို့ငယ်စဉ်က ရိုက်ကူးခဲ့တဲ့ အမှတ်တရဓာတ်ပုံနဲ့ အခုချိန်မှာ ရိုက်ကူးဖြစ်တဲ့ ဓာတ်ပုံကို နှိုင်းယှဉ်ပြသခြင်းပဲ ဖြစ်ပါတယ်။ ဘာပဲပြောပြော သြော်… ငါ ငယ်ငယ်တုန်းက ဒီလိုပုံလေးပါလား၊ အခုချိန်မှာ ငါဘာတွေပြောင်းလဲသွားပြီလဲစသဖြင့် ခံစားချက်လေးတွေ တစ်စုံတစ်ရာရရှိစေဖို့ပါ။ ဒါဟာ အနုပညာရှင်ရယ်မှ မဟုတ်ပါဘူး။ လူတိုင်း၊ လူတိုင်း ပြုလုပ်ဖြစ်ကြတဲ့အရာပါ။ ကဲ.. ထားပါတော့။ ပိုပို့ရဲ့ခံစားချက်ကို မေးကြည့်ရအောင်။ ဒီတော့ သူမက …

” ပိုပို အဲဒီအစီအစဉ်လေးကို စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်တုန်းက ရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့ နှိုင်းယှဉ်မှာကိုး။ တချို့ပုံလေးတွေဆို ဆယ် ကျော်သက်မှာ ရိုက်ကူးထားတဲ့ ပုံလေးတွေ၊ အခု အသက် ၂ဝ နဲ့ ၃ဝ ကြားမှာ ပြန်ရိုက်တာပေါ့နော်။ တချို့ အွန်လိုင်းမှာလည်း တွေ့နေရတာဆိုတော့ ဒီအစီအစဉ်လေးကို သဘောကျသွားတယ်။ ကိုယ်ကိုယ်တိုင်လည်း ငယ်ငယ်တုန်းကရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့် ပြီး ရယ်ချင်သွားတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ငယ်ရွယ်တဲ့ အချိန်လေးတွေကို ပြန်သတိရသွားစေတယ်။ အခုတော့ မျက်နှာအနေအထားက အစ ရင့်သွားတာပေါ့ (ရယ်လျက်) “လို့ ပိုပိုက ဆိုပါတယ်။

pp

ပိုပိုလည်း အနုပညာရှင်မဖြစ်ခင်ကရော၊ ဖြစ်လာခဲ့တဲ့ နောက်မှာရော ဓာတ်ပုံတွေများစွာ ရိုက်ကူးခဲ့တယ်ဆိုတော့ ဓာတ်ပုံတွေ ရိုက်ကူးရတဲ့အပေါ် ပိုပိုဘယ်လို သဘောထားလဲလို့ မေးတော့ …

” ဓာတ်ပုံကတော့ ပိုပိုက ရိုက်ကူးရတာ ဝါသနာပါပါတယ်။ ပိုက လူပုံစံကသူများတွေအမြင်မှာ တက်တူးတွေနဲ့ဆိုတော့ ခပ်ကြမ်းကြမ်းတွေပဲ ရိုက်မယ်ထင်တယ်။ ဒါပေမဲ့ ပိုက Cute ဖြစ်တဲ့ ပုံစံလေးတွေ ရိုက်ကူးရတာသဘောကျတယ်။ ပိုပိုအိုက်တင်တော့ သိပ်အများကြီး မလုပ်တတ်ပါဘူး” လို့ သူမက ပြောပါတယ်။

ပေါ်ပြူလာ အနှစ် ၂ဝ ပြည့်နဲ့ တိုက်ဆိုင်တုန်း ပိုပို အသက် ၂ဝ ပြည့်အရွယ်တုန်းက ဘာတွေလုပ်ဖြစ်နေခဲ့လဲ ဆိုတာကိုလည်း အမှတ်တရအနေနဲ့ မေးမြန်းကြည့်ဖြစ်ခဲ့ပြန်ပါတယ်။ အဲဒီတုန်းက သူမအနေနဲ့ R&B သီချင်းတွေ သီဆိုခဲ့ပြီး Underground ဂီတလောကမှာ ရပ်တည်နေပါပြီ။ “ချစ်ဖူးခဲ့သမျှ” အခွေထွက်ရှိဖို့အတွက် ကြိုးစားနေပါပြီတဲ့။ အခုအချိန်မှာတော့ သူမက အသက် ၂၇ နှစ် အရွယ်ရောက်ရှိနေပြီဖြစ်ပြီး “ချစ်ဖူးခဲ့သမျှ” ၊ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို” ၊ “သင်္ကြန်ဆုတောင်း” စတဲ့ တေးစီးရီးခွေတွေ ထွက်ရှိထားနိုင်ခဲ့ပြီး အောင်မြင်တဲ့ အဆိုတော်တစ်ဦးအနေနဲ့ ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ ဘာပဲပြောပြော အခုလို ငယ်ငယ်က ပုံစံမျိုးအတိုင်း ဓာတ်ပုံ ပြန်ရိုက်ကူးရတဲ့အပေါ် ပိုပိုကဘာများ မှတ်ချက်ပေးသလဲလို့ဆိုတော့…

” ၁၈ နှစ်တုန်းက ပုံနဲ့ အခု ၂၇ နှစ် ပုံနှစ်ပုံဆိုတော့ ၉ နှစ်လောက် ကွာသွားပြီပေါ့နော်။ ၉ နှစ်လောက်ကွာသွားတဲ့ ပုံလေးတွေကို ပရိသတ်တွေကြည့်ပြီး အနည်းဆုံးတော့ ပြုံးဖြစ်လိမ့်မယ်ထင်ပါတယ်။ သြော်.. အဲဒီတုန်းက အဲဒီလိုလေးလား။ အခုကျတော့ ဒီလိုဖြစ်သွားပြီလားပေါ့။ အမှတ်တရပေါ့” လို့ ပိုပိုက ပြောပြ ခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here