သီချင်းများနဲ့ တော်လှန်ရေးလူသား (သို့မဟုတ်) တေးရေးကိုနေဝင်း

0
154
KODAK Digital Still Camera
KODAK Digital Still Camera
KODAK Digital Still Camera

လက်ရှိအချိန်တွင် အသက် ၆၇ နှစ်ရှိနေပြီဖြစ်သည့် တေးရေးကိုနေဝင်းနှင့် မေလ နောက်ဆုံးပတ်များထဲမှတစ်ရက်တွင် တွေ့ဆုံဖြစ်သည်။ ကိုနေဝင်းနေထိုင်ရာ အင်းစိန်၊ ကြို့ ကုန်းရှိ နေအိမ်တွင်သွား ရောက်တွေ့ဆုံဖြစ်ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကိုနေဝင်းအိမ်ရောက်ချိန် မိုးက သည်းသည်း မဲမဲရွာနေသည်။ ” ခင်ဗျားတို့မလာခင်လေးမှာ မီးပျက်နေတာ။ ခုပြန်လာပြီဆိုတော့ ခင်ဗျားတို့ကံကောင်းတယ်” ဟု သူက ခရီးဦးကြိုပြုရင်းပြောသည်။

တီရှပ်အနက်၊ ဘောင်းဘီရှည် နှင့် သူ့ဟန်ပန်က အသက်အရွယ် ကြီးမြင့်သည့်တိုင်လတ်ဆတ်သော ဂီတသမားတစ်ဦးအသွင်ကို ဆောင်နေသည်။ သူကရော့စတီးဝပ်ကြိုက်သည်။ ပရက်စလေကြိုက်သည်။ Scorpion ကြိုက်သည်ဟုဆိုသည်။ သူနှစ်သက်သည့် သီချင်းများအကြောင်း၊ သူဆွဲလေ့ရှိသော ပန်းချီကားများအကြောင်း၊ အာလာပ၊ သလ္လာပအနည်းငယ်ပြောဆိုကြပြီး ကိုယ်ပိုင်သံစဉ်ရေးဆွဲဖွဲ့အားကောင်းသည့် သူ့ကို ကော်ပီသီချင်းများကြီးစိုးသည့် ခေတ်ကာလမှာ ကိုယ်ပိုင်သံစဉ်သီချင်းများရေးဖွဲ့ဖြစ်ပုံ အကြောင်းမေးဖြစ်သည်။

” ရေဒီယိုကလာတဲ့ မိုနီသီချင်းတွေပါ့။ အဲဒီမှာတယ်၊ မယ်၊ ကွယ်၊ မေ၊ ရေ၊ လေ စသည်ဖြင့် အဲဒီလိုကာရန်တွေပေါ့။ အဲဒီလို ကာရန်ကိုက်ရေးတာတွေကို ကျွန်တော်မလုပ်ချင် တော့ဘူး။ နောက်ပုံစံတစ်မျိုးကို ချီတက်ရမယ်။ ” အားလုံးကို ကျော်ဖြတ်ရမယ်” သီချင်းမှာကြည့်။ တစ်ခါ တလေကြုံမယ်၊ အကောင်းအဆိုးလည်း တွေ့ရမယ်။ အလိုက်အထိုက် ပေါ့လေ။ ကောင်း၊မယ်၊လေ စသည် ဖြင့် အဆုံးသတ်ထားတယ်။ အဲဒါပါပဲ။ ရေဒီယိုကလာတဲ့ သီချင်းတွေကို ငြီးငွေ့လို့။ ဒါပေမဲ့ ကျွန်တော့်မှာ အနောက်တိုင်းဂီတရဲ့ လွှမ်းမိုးမှု မကင်းနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် သီချင်း ကျွန်တော်ရေးတဲ့ အခါမှာ တော့ ကျွန်တော်ကြိုက်တဲ့ ပြည်ပက Artist တွေရဲ့ လွှမ်းမိုးမှုတွေကို နှင်ထုတ်လိုက်တယ်။ ကိုယ်ပိုင်ကျန်အောင်လုပ်တယ်။ ကော်ပီအနေနဲ့ကတော့ ကျွန်တော်သိပ်ကြိုက်တဲ့ သီချင်းတွေကို ရေးမိတယ်။ ရန်ကုန်မှာ စားဝတ်နေရေးအတွက် ရပ်တည်ရမယ်ဆိုရင် ကျွန်တော်က အရေးသမားပဲလုပ်လို့ရမယ်။ အဆိုတော် မဖြစ်နိုင်ဘူး” ဟု သူက ပြောသည်။

ကိုနေဝင်းကို ၁၉၅ဝခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၁၃၊ ၁၄နှစ် ဝန်းကျင်မှာ စတင်ကာ သီချင်းများ ရေးသားခဲ့သည်။ သူ၏နာမည်ကျော် “မောင့်လပြည့်ဝန်း” သီချင်းကို ၁၉၇၆ ခုနှစ်ဝန်းကျင်ကာလများတွင် ရေးသားပြီးစီးခဲ့သည်ဟု သူကဆိုသည်။ ” ကျွန်တော် ၁၃ နှစ်သား လောက်မှာ စရေးတယ်။ ကော်ပီသီချင်းလေးတွေ စရေးတာပေါ့။ မန္တလေးမှာ သူငယ်ချင်းတွေနဲ့ Lonely Heart ဆိုပြီး တီးဝိုင်းစဖွဲ့ တယ်။ အဲဒီမှာ ကျွန်တော် Lead ဂစ်တာတီးတယ်။ Classical ဂစ်တာက နောက်မှတီးတာ။ လန်ဒန်အတ်ဦးအုန်းမောင်ရဲ့သား ရီတာအုန်းမောင်က သင်ပေးတယ်။ ပြီးတော့ ရန်ကုန်ကိုရောက်တယ်။ အဲဒီမတိုင်ခင်မှာ “ဒေါက်ဒေါက် ဘယ်သူလဲ’ ဆိုပြီး ကျွန်တော် တစ်ခွေထွက်ခဲ့သေးတယ်။ ကော်ပီ၁ဝပုဒ်၊ owntune တစ်ပုဒ်ပါတယ်” ဟု သူက ပြောသည်။

“ကျွန်တော်က “မောင့်လပြည့်ဝန်း” ကို နောင်မွန်မှာရေးတယ်။ ဒါပေမဲ့ မပြီးသေးဘူး။ ကွယ်လွန်ခြင်း၊ အလည်လွန်ခြင်းစသည်ဖြင့် စာသား တွေရေးပြီး နယ်ကျွံခြင်း၊ မရေးရ သေးဘူး။ တစ်နှစ်လောက်ကြာသွားတယ်။ တစ်နှစ်လောက်ကြာတော့ ဦးသန့်အရေးအခင်း မဖြစ်ခင်ပေါ့။ စိုင်းထီးစိုင်တို့၊ ဆွန်ကျဲအိုတို့ အခန်းမှာနေပြီး ရေးလိုက်တယ်။ သီချင်း အဆုံးသတ်ပြီးတော့ အဆောင်ရှေ့ တွေမှာ တီးကြတယ်။ ” ချစ်၍စွန့်သွားတဲ့မင်းကို စွန့်၍ ချစ်သွားမယ်” ဆိုပြီး စကားလုံးလေး လှည့်သုံးလိုက်တယ်။ အမှတ်တမဲ့ရေးလိုက်ပေမယ့် အမှတ်တရ ဖြစ်သွားတာပေါ့။ အဲဒါရေးပြီး ၁၉၇၆ခုနှစ်မှာ ကျောင်းတွေ ပိတ်တယ်။ တစ်ခါကျောင်းတွေ ပြန်ဖွင့် တော့ စိုင်းထီးဆိုင်က သူ့ကိုအဲဒီ သီချင်းရောင်းပါဆိုပြီး လာပြောတယ်။ သူ့ရဲ့ စိတ္တဇအလွမ်းထဲမှာ အဲဒီသီချင်းပါလာတယ်” ဟု သူက မောင့် လပြည့်ဝန်းသီချင်း နောက်ခံ ရာဇဝင်ကို ပြောပြသည်။

ကိုနေဝင်းသည် သူ၏ဂီတသက်တမ်းနှစ် ၄ဝ အတွင်း သီချင်းပုဒ်ရေ ၅ဝဝ နီးပါးခန့် ရေးသားခဲ့ပြီး ကိုယ်ပိုင်သံစဉ်အပုဒ် ၃ဝဝကျော်၊ ကော်ပီသီချင်း ၂ဝဝနီးပါး ရေးသားခဲ့ သည်။ ကိုနေဝင်းတို့အုပ်စုသည် အာဏာရှင်ခေတ်ကြီးထဲတွင် သီချင်းများဖြင့် တော်လှန်ခဲ့ကြသူ များလည်း ဖြစ်သည်။ တင်းကြပ်သော ဆင်ဆာ အောက်တွင် ဝေ့ဝိုက်ကာ ရေးစပ်ခဲ့သော သူ၏သီချင်းများသည် အဖိ နှိပ်ခံပြည်သူတို့ကို ကိုယ်စားပြုခဲ့သည်။ ” နင့်ကိုငါချစ်တယ်။ ငါ့ကိုနင် ချစ်မလားဆိုရင် နင်/ငါ ဆိုတာ ရိုင်းတယ်။ ငါထည့်လို့မရဘူးတဲ့။ ဆင်ဆာကပိတ်တယ်။ တစ်ခါ မီးပါတဲ့ စကားလုံးထည့်လို့မရဘူး။ ပြီးတော့ တင့်တင့်ထွန်းဆိုတဲ့ “နမ်းပါ’ သီချင်းမှာ အနမ်းတွေများနေပြီတဲ့။ နောက်တစ်ခါ အနမ်းနှစ်ခါထက်ပိုရင် ဆင်ဆာဖြတ်မယ်ပြောတယ်။ တောင်စွယ်မှာ စီးဆင်းနေတဲ့ စမ်းချောင်းလေး အကြောင်းရေးတာတောင်တောင် စွယ်ရဲ့ဟိုဘက်မှာ ကျောင်းသား အဖွဲ့ တွေရှိတယ်ဆိုပြီးဆင်ဆာပိတ်တယ်” ဟု သူကပြောသည်။

တင်းကျပ်သည့်ဆင်ဆာ၊ ထိလွယ်ရှလွယ်သည့် အာဏာရှင်စနစ် အောက်တွင် ပြည်သူတို့ဘက်မှ ရပ်တည် သော စာသားများဖြင့် တွန်းလှန်ခဲ့သော ကိုနေဝင်း၏ သဘောထားမှာ မည်သို့ရှိသနည်း။ ” ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေရှိလာလေ ကျွန်တော် ပိုကြိုးစားလေပဲ။ ကျွန်တော့်ဝမ်းစာအတွက် ကိုးပုဒ်ရေးရင် တိုင်းပြည်အတွက် တစ်ပုဒ်ရေးတယ်။ ဆယ်ပုဒ်စလုံးရေးပြီး အားလုံးကို ကိုယ့်ဗိုက်ထဲ ထည့်တာမဟုတ်ဘူး။ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ပြန်ကြားနိုင်လောက်အောင် Wave တစ်ခုနဲ့ စီးမျောလိုက်တယ်” ဟုသူ၏ သဘောထားကို ကိုနေဝင်းက ပြောသည်။ ရသမြောက်ရေးဖွဲ့သည့် တေးရေးဆရာတစ်ဦးအနေဖြင့် အပိတ်အပင်အတားအဆီးများကြားတွင် အားမလို
အားမရဖြစ်ရသည့်အခါများလည်း ရှိသည်။ သူဖြတ်သန်းခဲ့ရာခေတ် ကြီးတစ်လျှောက်လုံးတွင် ရေးသားခဲ့သော သူ၏သီချင်းများထဲမှအချို့ကိုလည်း ယခုပွင့် လင်းလာသည့် ခေတ်ကျမှ ပြန်လည်ထုတ်ဝေရသည်များလည်းရှိသည်ဟု သူက ဆိုသည်။

” ကိုမွန်းအောင်စီးရီးအသစ်ထဲမှာ အရင်ကဆင်ဆာအပိတ်ခံရတဲ့ သီချင်းတွေကို အသစ်ပြန်ရေးပြီး ထည့်ထားတာလည်းပါတယ်။ အခုအသစ်ထပ်ရေးတာတွေလည်းရှိ တယ်။ ကျွန်တော်အခုကျွန်တော့်သီ ချင်းတွေ တေးပေါင်းချုပ်ဆိုပြီး ပြန်ထုတ်ဖို့ရှိတယ်။ သီချင်းစာအုပ်လေးပေါ့။အဲဒါလေးထွက်ပြီးရင်တော့ ကျွန်တော့်အတ္ထုပ္ပတ္တိနဲ့သီချင်းလေး တွေအကြောင်း အတ္ထုပ္ပတ္တိစာအုပ်လေးထုတ်မယ်။ အဲဒါကိုကျွန်တော့်သားက ကူညီပြီးရေးပေးနေတယ်” ဟု သူကပြောတာကြောင့် ကိုနေဝင်းသီချင်းများစုဆောင်းလိုသူတို့ အတွက် ဝမ်းသာမိသည်။

” အားလုံးပဲသတ္တိရှိကြပါလို့ ပြောချင်တယ်။ သတ္တိရှိတယ်ဆိုတာ လူသတ်ရဲတာကို ပြောတာ မဟုတ်ဘူး။ ကြုံလာသမျှ ဒုက္ခတွေကို ကြံ့ကြံ့ခံနိုင်တာကိုမှ သတ္တိလို့ခေါ်တယ်။ ခုလိုအပြောင်းအလဲ ကာလမှာလည်း ဒုက္ခတွေကြုံနိုင်ပါတယ်။ ဒါတွေကိုလည်း သတ္တိရှိရှိနဲ့ကြံ့ကြံ့ခံကျော်လွှားပါလို့။ ကျွန် တော်လည်း ကြံ့ကြံ့ခံပြီးနေနေဆဲပါ” ဟု ပြန်ခါနီး သူပြောလိုက်သည့်စကားမှာ သူ့မာန်သူ့ဟန်နှင့် သူ့စိတ်ဓာတ်ကို မြင်ရသည်။ “အားလုံးကို ကျော်ဖြတ်ရမယ်”၊ “နောက်ဆုံးအိပ်မက်’၊ “မောင့်လပြည့်ဝန်း”၊ “သဇင်ကြွေတဲ့ဆောင်း” ၊ “မောင်ငိုမယ်မိုးသည်းထဲမှာ” စသည့်သီချင်းများအပြင် သီချင်းကောင်းများ စွာရေးဖွဲ့ခဲ့သည့် ကိုနေဝင်း၊ အာဏာရှင်ခေတ်ထဲမှာ သီချင်းများမှတစ်ဆင့် ပြည်သူဘက်မှ ရပ်တည်ခဲ့သည့် ကိုနေဝင်း၊ ကျန်းမာရေးမကောင်းသော်ငြားလည်း စိတ်ဓာတ်ကောင်းများဖြင့် နေထိုင်ခဲ့သည့် ကိုနေဝင်းသည် ပြည်သူတို့၏ရင်ထဲတွင် အမြဲရှိနေဦးမည်လည်း ဖြစ်သည်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here