“နောင်တွင်ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ဇာတ်ကားကို ဇွန်လမှာ စတင်ရိုက်ကူးမယ့် မြို့တော်မောင်ယဉ်အောင်

0
267

Mg Yin Aung

“နောင်တွင်ဥဒါန်း တွင်စေသတည်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လမှာ ဒါရိုက်တာမြို့တော်မောင်ယဉ်အောင်က ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဖိုးချစ်ရဲ့ မြို့ရွှေမန်းသား ထုတ်လုပ်ရေးမှ ထုတ်လုပ်ခြင်းဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ ကတော့ ရန်အောင်၊ ဖိုးချစ်၊အလင်းရောင်၊ ထွန်းအိန္ဒြာဗိုလ်၊ အေးမြတ်သူ၊ မေသဉ္ဇာဦး၊ မေသန်းနု၊ ရတနာဗိုတို့က ပါဝင် သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ဒီ ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်ကာလက မန္တလေးဆေးတက္ကသိုလ်နှစ်၅ဝ ရွှေရတုသဘင်မှာ ဆေးကျောင်းသားများကပြဖို့အတွက် ရေး သားခဲ့တဲ့ ပြဇာတ်ကို ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်လည်ရေးသားကာ ရိုက်ကူးခြင်းဖြစ်ပါတယ်။

” မန္တလေးဆေးတက္ကသိုလ်မှာ ကပြခဲ့တုန်းကတော့ အခန်းလေးခန်း ကပြခဲ့တာပါ။ ဆေးကျောင်းသားတွေ ကပြခဲ့တာပါ့။ အခုကျတော့ ဇာတ်က အရှည်ကြီးဖြစ်သွားတာပေါ့။ Scence  ပေါင်း၅ဝကျော်လောက် ရှိပါတယ်။ ပြောရရင်တော့ လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်က နန္ဒာလှိုင်က “ကိုးဆယ်ဆသာလိမ့်မယ်” ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီမရလိုက်ဘူး။ အားမငယ်ပါနဲ့လို့။ နောက်တစ်ပုဒ်ရိုက်ကူးမယ်ပေါ့။ ဒါပေမယ့် ၁ဝ နှစ်လောက် ကွာ သွားပြီ။ သူကလည်းအိမ်ထောင်သည်ဖြစ်သွားပြီ။ အခုတော့ သူ့ နေရာမှာ ထွန်းအိန္ဒြာဗိုလ်ဖြစ်သွားတယ်” လို့ နောင်တွင် ဥဒါန်းတွင်စေသတည်းနဲ့ပတ်သက်လို့ ရိုက်ကူးဖို့ စိတ်ကူးဖြစ်ပုံကို သူက ပြောပါတယ်။

“ကိုးဆယ်ဆသာလိမ့်မယ်” ရုပ်ရှင်ဇာတ်ကားမှာလည်း အကယ်ဒမီဆုတွေရရှိအောင်ကြိုးစားပေးနိုင်ခဲ့တဲ့အတွက် အခုဒီဇာတ်ကားမှာ အကယ်ဒမီရင်ခုန်မှုကို မေးကြည့်တဲ့အခါ မှာတော့..”ကျွန်တော်ကတော့ ဇာတ်ကားတိုင်းကို စိတ်နှစ် ပြီးတော့ ရိုက်ကူးပါတယ်။ ပြဇာတ်အနေနဲ့ ကပြရင်တောင် ကပြလို့မှမကြိုက်ရင် ဆက်မကတော့ဘူး။ ပြန်ဖျက်ပစ်တာပါ။ ဘာကြောင့်လဲဆိုတော့ နာမည်ပျက်မှာကြောက်တယ်။ အတတ် နိုင်ဆုံးတော့ စေတနာရော အနုပညာရော ကိုယ်တတ်သရွေ့၊ မှတ်သရွေ့ ကျွန်တော်ကြိုးစားလုပ်တယ်။ အကယ်ဒမီ အနေ နဲ့ကတော့ မမှန်းပါဘူး။ ကိုယ်လည်းဒီလောကသား မဟုတ် ဘူးလေ။ ကိုယ့်အနုပညာနဲ့ ရုပ်ရှင်နဲ့ပေါင်းစပ်ရတာပေါ့။ ကိုယ်က ဇာတ်ခုံပေါ်ကအနုပညာကို သဘာဝလောကကြီးထဲ ချပြပြီးတော့ ကြည့်ရတာပေါ့”လို့ အနုပညာနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံယူချက်ကို မြို့တော်မောင်ယဉ်အောင်က ပြောပြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ဆရာဝန်တစ်ယောက်ရဲ့ သစ္စာကို ရိုက်ကူးပြသသွားမယ့်ဇာတ်ကားပဲဖြစ်ပြီးရန်ကုန်၊ မန္တလေး၊ ပုဂံတို့ဘက်မှာ သွားရောက်ရိုက်ကူးမှာဖြစ်ကာ ရန် ကုန်မှာစတင်ရိုက်ကူးတော့မှာဖြစ်ကြောင်းသိရပါတယ်။ မြို့တော် မောင်ယဉ်အောင်အနေနဲ့ “နောင်တွင်ဥဒါန်း တွင်စေသတည်း” ရုပ်ရှင်ဇာတ်ကားကြီးအပြီးမှာတော့ “မိုင်းမောဧကရီ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ညွှန်းပိုင်းလည်း ပြီးစီးသွားပြီဖြစ်သလို ရိုက်ကူးဖို့အတွက်ကိုလည်း ကတိပေးပြီး သွားပြီဖြစ်တဲ့အတွက် ကျန်းမာရေး ကောင်းရင်တော့ အမြန်ဆုံးရိုက်ကူးနိုင်ဖို့ စီစဉ်သွားမယ်လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here