သဘင်(ဗဟို)မှ ထုတ်ပြန်လိုက်သည့် စည်းကမ်းချက်များအပေါ် ဆိုင်းလောကသားများ သုံးသပ်ဆွေးနွေး

0
204

thab

မြန်မာနိုင်ငံ သဘင်ပညာရှင် များအစည်းအရုံး (ဗဟို) ကထုတ်ပြန် လိုက်သည့် စည်းကမ်းချက်များအပေါ် အထက်မြန်မာနိုင်ငံ ဆိုင်းလောက သားများ၏ ခံစားချက်များနှင့် ပညာရှင်များ၏ သုံးသပ်ဆွေးနွေးပွဲကို ဇွန် ၆ရက်နံနက်၉ နာရီခွဲက မန္တလေးမြို့ လူထုစင်တာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆိုင်းပညာရှင်၊ ဆိုင်းနောက်လိုက်၊ ဆိုင်းတည်ထောင်သူများ၊ ဘိသိက်ဆရာများ၊ ဆိုင်း လောကသားများ စုစုပေါင်း ၂ဝဝဦးခန့် တက်ရောက်ခဲ့ကြသည်။

” ဂီတရေစီးကြောင်း ပြောင်းလဲနေပါတယ်။ ကမ္ဘာ့ဂီတနဲ့ မြန်မာ့ဂီတပေါင်း စည်းတာကို ကျွန်တော်က မုဒိတာပွားပါတယ်။ သဘင်အနုပညာရှင်များအတွက် ဗဟိုဦးစီးစနစ်နဲ့ ထွက်ပေါ်လာတဲ့ စည်းကမ်းချက် တွေဟာ ကောင်း တာတွေပါသလို မလိုက်နာနိုင်တဲ့ အချက်တွေလည်း ပါနေပါတယ်။ အဲဒါကြောင့် လက်တွေ့ဆိုင်း နဲ့ အသက်မွေးနေရတဲ့ ဆိုင်း ပညာရှင်လူငယ်တွေက လက်တွေ့တီးမှုတ်နေရတဲ့ဘဝ၊ ရင်ဆိုင်နေရတဲ့ ဘဝကိုဒီနေ့အခမ်းအနားမှာ ပွင့်လင်းမြင်သာစွာတင်ပြတာဖြစ်ပါတယ်” ဟု ဆိုင်းပညာရှင် ရွာစားကြီးစိန်တင့်လွင်က ပြောကြားသည်။

” ဒီမိုကရေစီစနစ်အောက်မှာ ဒီမိုကရေစီနည်းအရ ဒီပွဲလုပ်တာ ကိုကျေနပ်တယ်။ မပွင့်လင်းမမြင်သာဘဲ လုပ်သွားတဲ့ အလုပ်က ရေရှည်မခံပါဘူး။ အခုကိစ္စက ကျယ်ပြန့်ပါတယ်။ ကျွန်တော့်အကြိုက် တင်ပြရရင် ဘောင်အတွင်းကနေ တရားဝင်တိတိကျကျ ဆိုင်းလောက သားတွေရဲ့ သဘောထားကို လက်မှတ်ထိုးယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ သဘင်ဗဟိုအစည်းအရုံးကို အကြံပြုတင်ပြရင် ထိရောက်မယ်လို့ ယုံကြည်ပါတယ်”ဟု ဆိုင်းပညာရှင် စိန်ဒူးဝါးက ပြောသည်။ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များထဲမှမလိုက်နာနိုင်သည့် စည်းကမ်းချက် များနှင့် လက်ရှိလုပ် ကိုင်နေရသည့် အခြေအနေကို ကျောက်ဆည်မြို့ နယ်သဘင်ပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဆိုင်းဆရာကိုဇော်သူဟိန်းက ..

” အခုလက်ရှိပုံစံအတိုင်း အနုပညာသမား ဆိုင်းသမားလေးတွေမှာ အဆင်ပြေနေကြပါတယ်။ နယ်တွေ၊ရွာတွေ၊ပွဲငှားတွေနဲ့လည်း အဆင်ပြေပါတယ်။ အားလုံးအဆင်ပြေပါတယ်။ စည်းကမ်းချက်မှာ နိုင်ငံခြားတူရိယာမပါရတာမဟုတ်ဘူး။ ကီးဘုတ်တစ်ခုပဲပါရမယ်။ ကျန်တာတွေပါလို့မရဘူးဆိုတော့ အဆင်မပြေတော့ဘူးဖြစ်နေတာပါ” ဟုဆိုသည်။ ထို့နောက် အခမ်းအနားမှူးက ဆွေနွေးပွဲမှ ထွက်ပေါ်လာသော အကျိုးရလဒ်များ သဘောတူညီချက်များအား အနှစ်ချုပ်တင်ပြဆွေးနွေးပြီး တက်ရောက်လာသူများက ဆွေးနွေးပွဲမှ အတည်ပြုချက်များကို ထောက်ခံကြောင်း လက်မှတ်များ စုပေါင်းရေးထိုးခဲ့ကြကြောင်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here