ကျွန်ဇာတ်ကားကိုကြည့်ပြီးရင် ထင်မြင်နေတာတွေ ရှင်းလင်းသွားမှာပါ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်

0
204

N M N N A

ရှေးဟောင်းပုဂံဒေသကို အခြေခံပြီး ဘုရားကျွန်များအကြောင်း ဇာတ်လမ်းဖွဲ့ရိုက်ကူးထားတဲ့ “ကျွန်” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်လို့ ဒေသခံများက ဆန့်ကျင် ကန့်ကွက် ဆန္ဒပြမှုရှိခဲ့ကြသလို တရားစွဲဆိုမှုများ ပြုလုပ်မယ်လို့လည်း ကြားသိရပါတယ်။ ဒီလို ပဋိပက္ခ များနဲ့ ကန့်ကွက်မှုများအပေါ်မှာ “ကျွန်” ဇာတ်ကားကို ဖန်တီးပုံဖော်သူ ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရဲ့ဖြေရှင်းမှုများကတော့…

” ဒီဇာတ်ကားနဲ့ပတ်သက်လို့ စွပ်စွဲသလိုမျိုး ဖြစ်နေတဲ့အပေါ်မှာ ကျွန်တော်စိတ်မကောင်းဘူး။ ရုပ်ရှင်သွားရိုက်ကူးတုန်းကလည်း ပုဂံသူ၊ ပုဂံသား တွေကိုတွေ့တယ်။ သူတို့ကရိုးသားကြတယ်။ ဒီရိုးသားမှုအပေါ်မှာ အဖွဲ့အစည်းတစ်ခုခုက ခုတုံး လုပ်ပြီးတော့ ခင်ဗျားတို့ကိုတော့ ဒီဇာတ်ကားထဲမှာ နှိမ်နေပြီဆိုပြီးပြောတာလောက်ပဲ။ အမှန်တကယ် သူတို့ပြောထားတာတွေက အခြေအမြစ်မခိုင်လုံပါဘူး။ ပြောကြတဲ့လူတွေကလည်း ကြော်ငြာလေးလောက်ပဲ ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားကို လာမကြည့်ရှုဘဲ တစ်ဖက်သတ် ပြောနေကြတယ်။ ဒီဇာတ်ကား နဲ့ပတ်သက်ပြီးပြောတဲ့ လူတွေကိုတော့ ကျွန်တော်က ဒီဇာတ်ကားကိုလာကြည့်ရှုဖို့ပြောပါရစေ။ ကျွန်တော် ဖိတ်ခေါ်ပါတယ်။ လာပြီးကြည့်ရှုလိုက်ရင် ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးထင်မြင်နေတာတွေ ရှင်းလင်းသွားမှာပါ”လို့ ပြောပြပါတယ်။

“ကျွန်’ ဇာတ်ကားမှာ ရိုက်ကူးပုံဖော်ခဲ့တဲ့ပုံစံ၊ စိတ်ကူး များနဲ့ဖော်ပြလိုသော အကြောင်းအရာများ အကြောင်းကိုတော့ “ဒီဇာတ်ကားမှာ ဖော်ပြချင်တဲ့အကြောင်း အရာက ဝတ်မှုံရွှေရည်သည် ဆရာဝန်ကြီးရဲ့သမီးလို့ သိထားတယ်။ နောက်တော့မှ ရောဂါသည်မိခင်ရဲ့ သမီးမှန်းသိတယ်။ သိတဲ့အချိန်မှာလည်း သူ့ရဲ့ယောက်ျားအသိုင်း အဝိုင်းကို စွန့်လွှတ်ပြီး အမေကအမေပါပဲဆိုတာ ကို ဖော်ပြသွားတယ်။ ဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ ပုဂံသူ တစ်ယောက်ရဲ့ စိတ်ဓာတ်ရယ်၊ အမေဆိုတာ ဘာပဲ ဖြစ် နေဖြစ်နေ အမေဟာအမေပါပဲဆိုတာကို ဒီဇာတ်ကားမှာ ဖော်ပြသွားတယ်။ နောက်တစ်ခုက လှတဲ့ ရာဇဝင်ပဲဖြစ်ဖြစ်၊ မလှတဲ့ရာဇဝင်ပဲဖြစ်ဖြစ် စစ်မှန်တဲ့ ရာဇဝင်တိုင်းက ဂုဏ် မငယ်ပါဘူး။ ဝတ်မှုံရွှေရည်ဟာ မလှတဲ့ ရာဇဝင်ဖြစ်ခဲ့ဖူးပေမယ့် သူ့ဂုဏ်မငယ်ဘူး။ သူ့အမေဆိုတာကို ရဲရဲဝင့်ဝင့်ထုတ်ပြော တယ်။ ဘုရားကျွန်ဆိုတာကိုလည်း မြင့်မြတ်တယ်ဆိုပြီးပဲ ဇာတ်ကားထဲမှာ ပြောခဲ့တယ်။ လူတွေဟာ အတ္တရဲ့ ကျွန်တွေ ပဲ။ စိုးမြတ်သူဇာဟာလည်း အတ္တတအားကြီးတဲ့အတွက် နောက်ဆုံးမှာသေသွားရတယ်ဆိုတဲ့ အကြောင်းအရာတွေကိုပဲ ဖော်ပြခဲ့ပါတယ်” လို့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ရှင်းပြပါတယ်။ “ကျွန်” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ နေတိုး၊ မြင့်မြတ်၊ ဝတ်မှုံရွှေရည်နဲ့ စိုးမြတ်သူဇာတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here