ကုလားအုတ်လည်ပြန်

0
175

ttunthet

၁၉၉၇ ခုနှစ် ဇွန်လမှာ စတင်ထုတ်ဝေခဲ့သော ပေါ်ပြူလာ အနုပညာ ဂျာနယ်ကား အနှစ် ၂ဝ သက်တမ်းပြည့်ခဲ့လေပြီ။ စာပေအနုပညာဘဝ ကန္တာရကြီးကို တအိအိ ဖြတ်သန်းခဲ့သော ကျွန်တော်သည် ကိုယ့် ကိုယ်ကိုယ် ကုလားအုတ်တစ်ကောင်နှင့် ထပ်တူနှိုင်းလေ့ရှိသည့်အတိုင်း ဟိုး … အနှစ် ၂ဝ ခရီးအစဆီ လည်ပြန်ကြည့်မိသည်။ ကုလားအုတ်လည်ပြန်။ ၁၉၉၇ ခုနှစ်ဆိုသည်က ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြိုခွင်းခံခဲ့ရသည်ပင် ကိုးနှစ်ပြည့် မြောက်ဆယ်စုနှစ်တစ်စုထဲ ရောက်တော့မည့် ကာလ။ ပြည်သူလူထုအား ငြိမ်ဝပ်ပိပြားနေအောင် ဖိနှိပ်ထားခဲ့သော အစိုးရက ၎င်းတို့၏ ပုံရိပ်ကို တစ်ဖန်ပြန်လည် မြှင့်တင်ရန်အလို့ငှာအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက် ရေး ဝိသေသများနှင့် အမည်ပြောင်းထားသည့်ကာလ။ စာပေအနုပညာ ဖန်တီးမှုများအား စာပေစိစစ်ရေးရုံး၏ အလျှော့အတင်း ပေါ်မှာပင် မူတည်လျက်ရှိသေးသည်။ ပြည် သူလူထုဘဝကို ထင်ဟပ်သော ပြည်သူ့ အသံကိုပဲ့တင်ထပ်သော ပုံနှိပ်စာလုံးများ၊ အဖြူပေါ်အမည်းတင်ခွင့်မရှိသေးသည်က အမှန်။ သို့တိုင် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စီးပွားရေးသည် ရောင်းပန်းဝယ်ပန်းသာလှ၏။

၁၉၉၇ ခုနှစ်တွင် မြဝတီရုပ်သံသည် အရှိန်အဟုန်နှင့် ချီတက်နေသည်။ ရုပ်သံ ပရိသတ်များစွာက မိဘအုပ်ထိန်းမှုအောက် မှာ ဗိုင်းကောင်း ကျောက်ဖိကြီးပြင်းလာသည့် အပျိုကြီးတစ်ယောက်နှယ် ဣနြေ္ဒကြီးလွန်း လှသာ မြန်မာ့ရုပ်မြင်သံကြားကို ခဏတာ ခွဲခွာပြီး မြဝတီရုပ်မြင်သံကြား အစီအစဉ် များအား အထူးအားပေးလျက်ရှိသည်။ တေး စီးရီးတွေလည်း ရောင်းကောင်းလှသည်။ ပရီ စနစ်နှင့် ဖြန့်ချိမှုများကို တေးထုတ်လုပ် ရေးများက သေသေသပ်သပ် လှလှပပ လုပ် ကိုင်လာကြသည်။ နှစ်ခွေတွဲများ ခေတ်စား လာသည်။ စာပေလောက စာအုပ်တိုက်က စာရေးဆရာများ၏ ဝတ္ထုဆောင်းပါးများ ကိုပင် အသံသွင်းပြီး အသံထွက် စာအုပ်ဆိုပြီး ထုတ်လုပ်လာသည်။ ပထမဆုံး အသံထွက် စာအုပ်မှာ ဆရာအောင်သင်း၏ “တကယ့် အနုပညာ” ဖြစ်ပြီး ဒုတိယမှာ “လက်ခံလိုက်စမ်းပါ” ဖြစ်သည်။

ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံနှင့် မန္တလေးမြို့ရှိ မြို့မရုပ်ရှင်ရုံသစ်တို့ ကို နိုင်ငံ တကာအဆင့် မွမ်းမံပြင်ဆင် အဆင့်မြှင့် လိုက်ခြင်းနှင့်အတူ ရုပ်ရှင်ရုံများနှင့် ခပ်စိမ်း စိမ်း ဖြစ်နေသော ရုပ်ရှင်ချစ်ပရိသတ်များအား မင်္ဂလာကုမ္ပဏီက ပြန်လည်ဆွဲဆောင်ခဲ့ သည်။ နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရနှင့် တပ်မတော် တို့ကလည်း ပြည်သူလူထုအား ရုပ်ရှင်အနု ပညာတည်းဟူသော မီဒီယာမှနေ၍ အား ထုတ် စည်းရုံးနေသည်။ ရထားဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းစိန်ဦးဆောင်သည့် မြတ် မိခင်ရုပ်ရှင်ကုမ္ပဏီသည် သူ့ကျွန်မခံပြီ ရုပ် ရှင်ကားကြီးကို ရိုက်ကူးထုတ်လုပ်ပြီး ၁၉၉၇ ခုနှစ်တွင် ရုံတင်ခဲ့သည်။

“သူ့ကျွန်မခံပြီ” ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးချိန်မှ ရုံတင်ချိန်အထိ ရုပ်ရှင် ပညာရှင်များ၊ အနုပညာရှင်များနှင့်အတူ နာမည်ကြီး စာရေးဆရာ၊ ဆရာမတချို့က အား ပေးထောက်ခံ၊ ဝန်းရံကူညီခဲ့ကြသည် ကိုလည်း သတိထားမိသည်။ ၁၉၉၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့် သည့်အခါ မြတ်မိခင်ရုပ်ရှင်ကုမ္ပဏီမှ ထုတ် လုပ်သော “သူ့ကျွန်မခံပြီ’ ရုပ်ရှင်ဇာတ်ကား နှင့် မြတ်ခင်းသစ်အနုပညာလွင်ပြင်မှ ထုတ်လုပ်သော ‘မြင့်မြတ်နှလုံးသား” ရုပ်ရှင်ဇာတ်ကားများက အကယ်ဒမီဆုတွေ သိမ်းကျူံး ယူသွားခဲ့သည်။ မင်းမော်ကွန်းနှင့် ပန်းဖြူဆို သည့် အနုပညာပွင့်သစ်လေးတွေ ဖူးပွင့်ခဲ့ သည့်နှစ်။ ပန်းဖြူက ‘အရိပ်”နှင့် အကယ် ဒမီရသည်။ နာမည်ကြီး ပရိသတ်အချစ်တော်
ဒွေးသည်လည်း “အမေ့ခြေရာ” နှင့် ဇာတ် ဆောင်ဆု၊ ချိုပြုံးက ဇာတ်ပို့ဆုများရခဲ့သည်။ ၁၉၉၇ ခုနှစ်အတွင်းမှာတော့ ထိုဇာတ်ကား များအတွက် သက်ဆိုင်သူများ “ရုံတင် ရင်တုန်” အဆင့်မှာပင် ရှိသေး၏။ “အမေ့ခြေရာ” ဆိုသဖြင့် ၁၉၉၇ ခုနှစ်က စတင်ကျင်းပခဲ့သော မန္တလေး အမေနေ့အခမ်းအနားကို ပြေးသတိရမိပြန်သည်။ ၁၃၅၈ ပြာသိုလပြည့် နေ့ အမေနေ့ အခမ်းအနားက ဘဘဦးသုခ ဦးဆောင် ကျင်းပခဲ့သည့် ပထမအကြိမ် အမေနေ့ အခမ်းအနားဖြစ်သည်။ မန္တလေး မြို့ ၃၅ လမ်းနှင့် ၈၅ လမ်းထောင့်ရှိ ပရိ ယတ္တိသာသနာ့ဗိမာန်တော်ကြီးမှာ ဝှဲချီး ကျင်းပခဲ့ခြင်း ဖြစ်သည်။ အမေနေ့အခမ်း အနားနှင့်အတူ “အမေ့ခြေရာ” ခံယူ ခြင်း၊ အမေနေ့ စာပေဟောပြောပွဲ၊ အမေနေ့ စာပေပြိုင်ပွဲများ ကျင်းပလာခဲ့သည်မှာလည်း အနှစ် ၂ဝ ရှိခဲ့ပြီ။

နိုင်ငံတကာမျက်နှာစာဘက် လှည့် ကြည့်တော့ တရုတ်နှင့် ဗြိတိန် တို့၏ ၁၉၈၄ ခုနှစ် သဘောတူညီချက်အရ ၁၉၉၇ ခုနှစ် ဇူလိုင်လမှာ ဟောင်ကောင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ အချုပ်အခြာပိုင်စိုးမှု အောက်ပြန်လည်ရောက်ရှိလာသည်။ ကမ္ဘာ့ ပြည်သူတို့၏ အချစ်တော် တော်ဝင်မင်းသမီး ဒိုင်ယာနာသည် သူမ မိတ်ဆွေသန်ြး<ွကယ် သူဌေးဒိုဒီနှင့် အတူစီးနင်းလာသည့် ကား မှောက်၍ သေဆုံးခဲ့သည်။ ထိုနေ့ ကား ၁၉၉၇ ခုနှစ် သြဂုတ်လ ၃၁ ရက်ဖြစ်သည်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ စိန့်မြစ်အရှေ့ ဘက်ကမ်း မြေအောက် ဥမင်ထဲမှာ အပြင်း အထန်တိုက်မိရာမှ ပွဲချင်းပြီး သေဆုံးရ ခြင်းဖြစ်သည်။ နယူးဝိစ်မဂ္ဂဇင်းကြီးက အင်္ဂ လန်ငိြုေ<ွကးသောနေ့ဟု ခေါင်းတပ်ခဲ့သည်။ကျွန်တော်တို့ စာပေနယ်မှာတော့ စာအုပ်အငှားဆိုင်ခေတ် အရှိန် အဟုန်ကောင်း ဆဲ။ ရပ်ကွက်တွေထဲ မှာ ဗီဒီယိုအငှားဆိုင်တွေ ပေါ်ထွန်းလာသော်လည်း စာပေ၊ တိတ်ခွေ အငှားဆိုင်များ အလုပ်ဖြစ်ဆဲ ဖြစ်သည်။ အလှအပနှင့် ဘဝနေထိုင် နည်းဆိုင်ရာ မဂ္ဂဇင်းသစ်တွေ ထွက်လာသည်။ စာနည်းနည်း၊ အရုပ်များမျာျးှကေူငအပ မဂ္ဂဇင်းခေတ် စတင်လာသည်။ ကမ္ဘာပေါ်မှာ တော့ အီလက်ထရွန်းနစ်မီဒီယာအား ကောင်းလာပြီး ကျွန်တော်တို့ကမူ သတင်း ခေတ်ကြီးထဲသို့ အပတ်စဉ်ထုတ် ဂျာနယ် လေးများဖြင့် တိုးဝင်ကြည့်ရန် စတင်ချိန် ဖြစ်သည်။

သို့သော် သတင်းခေတ်ထဲသို့ တိုးဝင်ရန် ကြိုးပမ်းလာကြသော အပတ်စဉ်ထုတ် ဂျာနယ်များကို စာပေလောကသား အများစု က နွေးနွေးထွေးထွေး မကြိုဆိုကြ။ မသတီ စရာ ကူးစက်ရောဂါသည် တစ်ယောက် ပမာသဘောထားပြီး ခပ်ခွာခွာကနေ စောင့် ကြည့်နေကြသည်။ တချို့က စောင့်ကြည့် မနေနိုင်ဘဲ စကားလုံးအကြီးကြီးတွေကို သုံး ပြီး ယဉ်ယဉ်ကျေးကျေးဆဲရေး ရှုတ်ချကြလေ သည်။ မဂ္ဂဇင်းစာမျက်နှာများစွာကနေ တိုက်ခိုက် ဖိနင်းကြခြင်းဖြစ်သည်။ ဆရာ ကြည်လင်အေးကပင် =မဂ္ဂဇင်းတွေ ပြိုင်ဘက် မရှိမင်းမူကြတုန်းက ထင်ယောင်ထင်မှား လန်ကြုတ်သတင်းခေါင်းတွေ တပ်ပြီး လှုပ်လှုပ်ခတ်ခတ် ရှေ့အတင်းတိုးခဲ့သူက လည်း ဂျာနယ်တွေ ပရိသတ် အကြိုက်တွေ့ လာတဲ့အခါ အဲဒီဂျာနယ်တွေက ထင်ယောင် ထင်မှား ခေါင်းစဉ်တွေဟာ မလုပ်သင့် ကြောင်း ဘာဘာညာညာစာမျိုး သူက ဦး ဆောင်ထည့်လာတာလည်း ဖတ်ခွင့် ကြုံပြန် ပါတယ်+ ဟု ထောက်ပြခဲ့ဖူးသည်။

၁၉၉၇ ခုနှစ် ဇွန်လတွင် ပေါ်ပြူလာ အနုပညာဂျာနယ်ထွက်လာသည်။ ပေါ်ပြူ လာဂျာနယ်၏ အယ်ဒီတာချုပ်က ကျွန်တော် တို့ မန္တလေးသားဝတ္ထုတိုသမားများ၏ ချစ်ခင်လေးစားမှုကို ရရှိထားသော ဆရာ ဟိန်းလတ်။ရှေ့မှာ ပြည်မြန်မာ၊ သတင်းလွှာ အစရှိသည့် ဂျာနယ်များလည်း ထွက်နှင့်ပြီ။ ဦးမြတ်ခိုင်နှင့် လျှပ်တစ်ပြက်၊ ဆရာမောင် တည်ငြိမ်နှင့် သတင်းစုံ၊ ဦးဝင်းငြိမ်းနှင့် အလင်းတန်းတွဲပြီး ပရိသတ်စိတ်ဝင်စားမှု များရှိနေကြပြီ။ မဟေသီ မဂ္ဂဇင်း ဒီဇိုင်းဆရာ ကိုဇန်ဇန်က နံနက်ခင်း သတင်းဂျာနယ်ကို စီစဉ်ထုတ်ဝေလာသည့်အခါ မဟေသီမှာ ပင်တိုင်ရေးသားနေသည့် ရွှေပါးစပ်၊ ငွေ ပါးစပ်ဆရာ ကျွန်တော် ဇန်မြင့်လည်း နံနက် ခင်း ဂျာနယ်၏ မန္တလေးအယ်ဒီတာ ဖြစ်လာ သည်။

ဂျာနယ်ထွက်ရက် တနင်္လာနေ့တိုင်း နဂါးစာပေရှေ့မှာ ယောင်လည်လည်နှင့် တွေ့ရတတ်သော၊ စက်ဘီးတစ်စီးနှင့် မြို့လုံး ပတ်နေတတ်သော၊ နဂါးစာပေ ပတ်ချာက လက်ဖက်ရှည်ဆိုင်တွေမှာ သတင်းထောက် တွေ၊ ကာတွန်းဆရာလေးတွေနှင့်တရုန်းရုန်း လုပ်နေတတ်သော၊ နဂါးစာပေက ဂျာနယ်ဖိုး ငွေ စောင့်တောင်း၊ ဘဏ်မပိတ်မီ အပြေး အလွှားသွား ငွေလွှဲအလုပ်တွေ နေပူကြီးထဲ လုပ်နေတတ်သော ကျွန်တော့်ကို ကြည့်ပြီး သူငယ်ချင်းတွေပင် စိတ်မောလူမောဖြစ်နေ ခဲ့ကြသည်။ ဂျာနယ်အယ်ဒီတာကိုပျာယာ က ပြာတာသာသာပါပဲလား။ ကျွန်တော် သည် လိုအပ်ချက်အရ ဂျာနယ်မှာ စာဝင် ရေးရင်း နံနက်ခင်းမှာသာမက ဃကျအသျာ၊ မြန်မာသစ် စသည့်ဂျာနယ်များမှာပါ ပင်တိုင် ဝင်ရေးဖြစ်တော့သည်။ ဝတ္ထုလည်း မရေး ဖြစ်တော့။ ၂ဝဝ၃ ခုနှစ်မှာတော့ မဟေသီနှင့ှ်ီုနဗ မဂ္ဂဇင်းများမှာ ပင်တိုင်ရေးနေသော ကဏ္ဍများကိုပင် နိဂုံးချုပ်လိုက်ရသည်။ အကြောင်းကား ဂျာနယ်သမုဒ္ဒရာထဲ လက် ပစ်ကူးရန် ခုန်ချလိုက်ရ ခြင်းကြောင့် ဖြစ် သည်။ ထိုနှစ် မတ်လ ၁၇ ရက်တွင် မန္တလေးမြို့ကနေ ထုတ်ဝေသော ရွှေမန္တလေး သတင်း ဂျာနယ်ကို စတင်တာဝန်ယူလိုက် ရသည်။

၁၉၉၇ ခုနှစ်ဆီကိုပင် ပြန်သွား ရလျှင် ထိပ်တန်းရုပ်ရှင်မင်းသမီး တစ်ဦးက ဗီဒီယို အပေါ်ထားသည့် သဘောထားမျိုးအတိုင်း စာရေးဆရာ တော်တော်များများက ဂျာ နယ်တွေအပေါ် အထင်သေးအမြင်သေး ရှိနေကြဆဲ ဖြစ်သည်။ ထိုနှစ်ထဲမှာပင် ဗီဒီယို မရိုက်ဘူးဟုြေ<ွကးကြော်ထားသော မင်းသမီး လေး တစ်ယောက် တပ်မတော်အဖွဲ့အစည်း က ထုတ်လုပ်သော ဗီဒီယိုမှာ သရုပ်ဆောင် ခဲ့ပြီး သူ့စကားသူ မဂ္ဂဇင်းစာမျက်နှာများ ကနေ ဖြေရှင်းချက်ပေးသည်ကိုလည်း ဖတ် လိုက်ရသည်။

မန္တလေးမြို့တွင်မူ ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်၌ မန္တလေးနေ့စဉ် သတင်း စာထုတ်ဝေလိုက်သည်။ မန္တလေးမြို့မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ထုတ်ဝေ သော ရတနာပုံ သတင်းစာနှင့် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေသော မန္တလေးနေ့စဉ် သတင်း စာဟူ၍ သတင်းစာနှစ်စောင်ရှိ လာသည်။ မန္တလေးနေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဆရာ နတ်မောက် ထွန်းရှိန်နှင့် မြို့ခံသတင်း ထောက် အသီးသီးသည်လည်း ရန်ကုန်မြို့ ထုတ်ဂျာနယ်တွေမှာ ဝင်ရောက်ရေးသား နေကြသည်။ ကျွန်တော်သည် လူငယ်သတင်း သမားများဖြစ်ကြသည့် အောင်ကျော်ထွန်း (ပုသိမ်ကြီး)၊ ထွန်းဝင်း(မန္တလေး)၊ အောင်သင်း လှိုင်(မန္တလေး)၊ သျှိုင်းရဲဝံ့တို့နှင့် တတွဲတွဲ ရှိနေတတ်သလို ကာတွန်းမျိုးလေး၊ ပံသု အောင်(မန်း)၊ ငယ်လေး၊ ဝေယံ၊ ဂေါ်ပြား၊ ထင်အောင်(မန်း)၊ အောင်မော်၊ အိုက်ခ (မန်း) အစရှိသည့် လူငယ် ကာတွန်း ဆရာ လေးများနှင့်လည်း တရုန်းရုန်း ဖြစ်နေတတ် သည်။ ထို့အပြင် ဂျာနယ်စာမျက်နှာမှာ အတူရေးဖြစ်နေကြသောဆရာသင့်နော်တို့၊ ဆရာစိုးဘားဒိုင်တို့နှင့်လည်း နေ့စဉ် တွေ့ ထိနေခဲ့သည်။

ပေါ်ပြူလာ အနုပညာဂျာနယ်၏ အယ်ဒီတာ ကိုလွမ်းဝေနိုင်နှင့် ကျွန်တော်တို့ တစ်တွေကတော့ ၂ဝဝဝ ပြည့်နှစ်ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပသော ထန်းရိပ်ညို အနုပညာပွဲတော်တစ်ခုမှာမှ စတင် တွေ့မြင် သိကျွမ်းခဲ့ကြပြီး ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးခဲ့ကြသည်။ ထန်းရိပ်ညို အနုပညာပွဲအမည်က Making Way into 21st Century ဖြစ် သည်။ ကျွန်တော်တို့ ဖိတ်ကြားခဲ့သော ဆရာဟိန်းလတ်က သူ့ကိုယ်စား ကိုလွမ်းဝေနိုင်ကိုလွှတ်ခဲ့ရာ မှ ကိုလွမ်းဝေနိုင်နှင့်နွှယ်ပြီး ပဉ္စမံဒီရိုင်း (ခ) ရဲကျော်မြင့်၊ သျှီသူအောင်၊ ကျော်သီဟ(ဟင်္သာတ)၊ ကိုမျိုး (မြန်မာစာ)တို့နှင့်ပါ ရင်းနှီးခင်မင်ခဲ့ရသည်။

သြော်…အနှစ် ၂ဝ တောင် ကြာခဲ့မင့်ကိုး။ ယခုအခါမှာတော့ သူတကာ အထင်သေး၊ အမြင် သေး ဖြစ်ခဲ့သော ဂျာနယ်သမားများသည်ပင် လူထုအစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် ဂျာနယ်စာမျက်နှာ ကိုယ်စီမှနေ၍ ကျရာတာဝန် အားသွန်ခွန်စိုက် ထမ်းဆောင်ပါဝင်ခဲ့ကြ ပြီးချေပြီ။ ယခုတော့လည်း စတုတ္ထမဏ္ဍိုင်တဲ့လေလား။ ၆၆(ဃ)၏ ခြိမ်းခြောက်မှုများက နိစ္စဓူဝရှိနေ ပြန်သောအခါ စာနယ်ဇင်းနှင့်အစိုးရ ဆိုသည်က လည်း သိကြားနှင့်အသူရာလို ထုံးစံမပျက် စစ်ခင်း ဆဲပါကလားဟု အတွေးရောက်မိလေသည်။မည်သို့ပင်ဖြစ်စေ။ ကျွန်တော်သည်ပင် ဘာပင်စင်လစာမျှ မရသော အငြိမ်းစားအယ်ဒီ တာတစ်ယောက်ဖြစ်နေပြီ။ ဆရာဟိန်းလတ်လည်း ပေါ်ပြူလာမှာ မရှိပြီ။ ကျွန်တော်တို့၏ ဂျာနယ်စာမျက်နှာများပေါ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်သတင်းနှင့် ဓာတ်ပုံများကို နေ့စဉ် ဖော်ပြလျက်ရှိကြသည်။ ၁၉၉၇ ခုနှစ်တုန်းကရော ကျွန်တော်တို့ ဖော်ပြနိုင်ခဲ့ပါသလား။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နဝတအစိုးရကနေ အိမ်အကျယ်ချုပ်ဖြင့် တား ဆီးထားသည့် အမိန့်အား ၁၉၉၅ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပြန်လည် ရုပ်သိမ်းပေးခဲ့သည်။ ၁၉၉၅ခုနှစ် မတ်လ၂၇ ရက်နေ့တွင် ဒေါ်အောင် ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် သည် လန်ဒန်မြို့၌ ဆီးကျိတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ၁၉၉၉ ခုနှစ် သြဂုတ်၂၄ရက် တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌသူရ ဦးတင်ဦးအပါအဝင် အဖွဲ့ဝင်များနှင့်အတူ ကော့မှူးမြို့သို့ စည်းရုံးရေး ကိစ္စဆောင်ရွက်ရန် သွားရောက်ခဲ့ရာ အာဏာပိုင် များ၏ ပိတ်ဆို့တားဆီးခြင်းကို ရှစ်ရက်ခန့်ခံရပြီး နောက်နေအိမ်သို့ အတင်းအကျပ် ပြန်လည်အပို့ခံ ခဲ့ရသည်။ ယင်းနောက် ဒုတိယအကြိမ်နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံခဲ့ရပြန်သည်။

သည်သတင်းတွေကတော့ ပေါ်ပြူလာအပါ အဝင် မည်သည့်ဂျာနယ်စာမျက်နှာများပေါ်သို့မျှ မရောက်ရှိခဲ့ချေ။ ဒေါ်အောင်ဆန်းစုကြည်အမည်ကို ဂျာနယ်စာမျက်နှာပေါ်မှာ ဖော်ပြလို့လုံးဝမရ။ သို့သော် နှောင်းလူတို့ ပြန်လည်ရှာဖွေကြည့်မည် ဆိုလျှင်တော့ ဂျာနယ်အများစု၏ စာမျက်နှာများ ပေါ်တွင် စာလုံးပွိုင့်သေးသေးလေး များဖြင့် စာတွေချည်းြ>ွပတ်သိပ်ညပ်အောင် ဖော်ပြထားသော ဆောင်းပါးများ၌ မကြာမကြာ တွေ့မြင်နိုင်ပါလိမ့် မည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမည်အပြည့် အစုံနှင့်တော့မဟုတ်။ ဒေါ်စုကြည်အမည်နှင့်သာ ဖြစ်ပေလိမ့်မည်။

ပေါ်ပြူလာအနုပညာဂျာနယ် အဓွန့်ရှည်ပါစေသတည်း။

သိုက်ထွန်းသက်


LEAVE A REPLY

Please enter your comment!
Please enter your name here