ရန်ကုန် Rangoon

0
224

Rangoon-2017

အခု ရန်ကုန်ဆိုတဲ့ အမည်နဲ့ ၂ဝ၁၇ခုနှစ်မတ်လဆန်းပိုင်းက ဟင်ဒီဘာသာစကားပြောတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားသစ်တစ်ကား ထွက်ရှိလာခဲ့ပါတယ်။ ဒါရိုက်တာ Vishal Bhardwaj ကရိုက်ကူးပြီး Saif Ali Khan နဲ့ Shahid Kapoor ဆိုတဲ့ နာမည်ကျော် မင်းသားနှစ်ယောက်နဲ့အတူ မင်းသမီးချောတစ်ဦးဖြစ်တဲ့ Kangana Ranaut က တွဲဖက်ပြီး အပြိုင်ကြဲ ထားပါတယ်။ ဒီဇာတ်ကား တစ်ကားလုံး ဒီမင်းသမီးရဲ့ ဇာတ်လို့တောင် ပြောမယ်ဆို ပြောလို့ရမယ် ထင်ပါတယ်။ သူ့ကိုကြည့်ရင်း အီတလီရဲ့ နာမည်ကျော်မင်းသမီး “ဆိုဖီယာလော ရင့်” ကို ပြန်မြင်လာရသလိုပါပဲ။ တကယ်တူလည်းတူ၊ တော်လည်း တော်လွန်းပါတယ်။

ရုပ်ရှင်ဇာတ်ကားနာမည်ကို “ရန်ကုန်” ဆိုပြီး ရိုးရိုးရှင်းရှင်းလေး ပေးထားလို့ လူတွေ စိတ်ဝင်စားကြမှာ မလွဲပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်း တစ်ဖက်ခြမ်းမှာ ဂျာမန်အင်ပါယာ ကြီးရဲ့ အရှင်သခင်ဖြစ်နေတဲ့ ဟစ်တလာလည်း ရှိနေသေးတဲ့အချိန် ဒီဘက်အရှေ့ခြမ်းမှာရှိနေတဲ့ ဗမာပြည်မှာလည်း စစ်ရှုံးသွားတဲ့ အင်္ဂလိပ်ကို မဟာမိတ်ပြန်ပြုပြီး ဖက်ဆစ် ဂျပန်ကို ပြန်တော်လှန်နေရတဲ့ အချိန်။ အဲဒီအချိန်ကာလမှာ ဗြိတိသျှ လက်အောက်ရောက်ပြီး ကျွန်သက် အရှည်ဆုံး ဖြစ်နေရတဲ့ အိန္ဒိယနိုင်ငံ ရဲ့ အခြေအနေဟာ ဘယ်လမ်းကို လိုက်ရမှန်းမသိအောင် ဝေဝါးနေကြ ရပါတယ်။ အဲဒီလို ဘယ်လမ်းကို လိုက်ရမှန်း မသိတဲ့ အိန္ဒိယရဲ့ လွတ်လပ်ရေး တိုက်ပွဲတစ်ခုအကြောင်းကို နာမည်ကြီး အိန္ဒိယရုပ်ရုင်ကုမ္ပဏီကြီး တစ်ခုရဲ့ စီးပွားရေးနဲ့ ဆက်စပ်ပတ်သက်ပြီး ရိုက်ကူးတင်ပြထားပါတယ်။

အချိန်ကာလက ၁၉၄၃ ခုနှစ်။ ဒီအချိန်မှာ မဟတ္တမဂန္ဓီက အကြမ်းမဖက်တဲ့ လှုပ်ရှားမှုနဲ့ ဗြိတိသျှ အစိုးရရဲ့ အုပ်ချုပ်မှုအောက်ကနေ လွတ် အောင် ရင်ဆိုင်ဖြေရှင်းနေတယ်။ အဲ ဒီမှာ ဂန္ဓီရဲ့ အယူအဆနဲ့ ဆန့်ကျင် ဘက်ကျတဲ့ လွတ်လပ်ရေး စစ်ခေါင်း ဆောင်တစ်ယောက်ဖြစ်တဲ့ “ဆူဘာ ကျန်ဒဲလ်ဘိုးစ်” က “ရန်သူ လက်ထဲ က လွတ်လပ်ရေးကို တောင်းယူလို့ ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ကျည်ဆန်အမှန်ခံပြီး ဆန္ဒပြယူလို့လည်း ရမှာ မဟုတ်ဘူး။ ရန်သူ ကိုရင်ဆိုင်ပြီး သေနတ်နဲ့ ပစ်သတ် တိုက်ယူမှရမှာ” ဆိုပြီး တိတ်တဆိတ် စင်ကာပူဘက်ကို လာရောက်ပြီး အိန္ဒိယရဲ့ ဟိန္ဒူစတန်လူမျိုးတွေချည်းပဲ လျှို့ဝှက်စစ်တပ် တစ်ခု ဖွဲ့စည်း တယ်။

ပြီးတော့ မိမိတို့ရဲ့ ရန်သူဖြစ် တဲ့ အင်္ဂလိပ်ရဲ့ ရန်သူဖက်ဆစ် ဂျပန်တွေနဲ့ မဟာမိတ်ဖွဲ့လိုက်တယ်။ ခက်နေတာက အိန္ဒိယလူမျိုး ဟိန္ဒူစတန် တွေ တော်တော်များများ ကိုယ်တိုင် က မိမိတို့အပေါ် ကျွန်ပြုထားတဲ့ အင်္ဂလိပ် ဗြိတိသျှရဲ့လက်အောက် မှာ သစ္စာခံပြီး စစ်ပွဲမှာ အင်္ဂလိပ်တွေအတွက် အသက်အသေခံကာ တိုက်ပေးနေကြပြန်တော့ တော်တော့် ကို အကွဲကွဲ အပြားပြား ဖြစ်နေကြတယ်။ တချို့ကလည်း ဟစ်တလာရဲ့ ဂျာမန်နာဇီတွေနဲ့ သွားပြီး ပူးပေါင်းဖို့ လုပ်နေကြပြန်တယ်။ အင်ဒိုချိုင်းနားမှာရှိတဲ့ ဖက် ဆစ်ဂျပန်တွေရဲ့ သြဇာအာဏာဟာကြီးထွားလာတာကို သတိထားမိကြတဲ့ “အိုင်အန်အေ” လျှို့ဝှက်လွတ်လပ်ရေး တပ်ဖွဲ့ဟာဂျပန်နဲ့ ပေါင်းထားသင်းထားသလိုရှိချိန်မှာ အင်္ဂလိပ် တပ်တွေ အခက်ကြုံသွားတယ်။

ရုပ်ရှင်ဇာတ်ကားကို ၁၉၄၃ ခုနှစ်၊ ဗမာ ပြည်နယ်စပ်မှာဖြစ်တဲ့ ဖက်ဆစ်ဂျပန်စစ်ပွဲတစ်ခုနဲ့ စတင်ထားပါတယ်။ လျှို့ဝှက်လွတ်လပ်ရေးအဖွဲ့ဟာ အင်္ဂလိပ်စစ်တပ်ကိုတိုက် နိုင်ဖို့အတွက် လက်နက်၊ ခဲယမ်း၊ အမြောက်စတာတွေ အတော်လိုအပ် နေပါတယ်။ ဘယ်သူက ဖြည့်ဆည်း ပေးပြီး ဘယ်သူက စပိုင်ဖြစ်နေလဲ၊ နိုင်ငံကျော်ရုပ်ရှင်မင်းသမီးဟာ စစ်ပွဲထဲမှာ နောက်ဆုံး ဘာတွေလုပ် ဆောင်သွားနိုင်သလဲ၊ အရမ်းကြည့်လို့ ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ် ကြောင်း ပြောလိုက်ပါရစေ။

ဝင်းကိုမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here