ကာတွန်းရေးဆွဲတဲ့အခါ မိမိချစ်တဲ့သူကို သာစေ၊ မိမိမုန်းတဲ့ သူကို နာစေဆိုပြီး မရေးရဘူး ကာတွန်းရွှေမင်းသား

0
263

shwe min thar a

ကာတွန်းပုံကောင်းတစ်ပုံထွက်ဖို့ဆိုတာက ကာတွန်းဆရာရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးမှု အနေအထားလည်း လိုအပ်သလို ကာတွန်းပုံ ရဲ့ ရေးဆွဲမှုအပိုင်းလည်း လိုအပ်တယ်လို့ ပြောလာသူကတော့ ဝါရင့် ကာတွန်းဆရာကြီး ကာတွန်းရွှေမင်းသားပဲဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် ကျောင်းသားဘဝ အရွယ်ကတည်းက ဝါသနာပါရာ ပန်းချီအခြေခံ သင်ယူရင်းနဲ့ ဆရာဦးဖေသိန်း၊ ဆရာဦးအောင်ရှိန်တို့ဆီမှာ ကာတွန်းပညာသင်ယူရင်း ဒီနေ့အချိန်ထိ ကာတွန်းလောကမှာ အောင်မြင်စွာ ရပ်တည်နေတဲ့ ကာတွန်း ရွှေမင်းသားက …

” ကာတွန်းပုံတစ်ပုံရေးတယ်။ စိတ်ကူးတစ်ခုထုတ်တယ်ဆိုရင် အနည်းဆုံးညီမျှမှုက ၁ဝဝ ရာခိုင် နှုန်းရှိရမယ်။ အဲဒီတော့ စိတ်ကူး က ၅ဝ ရာခိုင်နှုန်း၊ ပုံက ၅ဝ ရာခိုင်နှုန်း ဆို ရင် ကြည့်ကောင်းတာပေါ့။ စိတ်ကူးက ၈ဝ ရာခိုင်နှုန်းဖြစ်နေပြီး ပုံက ၂ဝ ရာခိုင်နှုန်းလောက်ပဲ ရေးနိုင်မယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး”လို့ ပြောပါတယ်။ ဆရာရွှေမင်းသားက ကာတွန်း မရေးဆွဲမီက ပန်းချီပညာကို စတင်သင်ယူခဲ့တယ်လို့လည်း သိရပါတယ်။ ပန်းချီသင်ယူခဲ့မှုက ကာတွန်းအတွက် အထောက်အပံ့ ဖြစ်စေခဲ့မှုအပိုင်းကို မေးကြည့်ရာမှာ တော့ ဆရာရွှေမင်းသားက …

” ပူလစ်ဇာဆုရကာတွန်းများကို ကြည့်ဖြစ်တယ်။ အရမ်းသဘော ကျတယ်။ အဲဒီမှာ အဖြေဘာသွားရသလဲဆိုတော့ ပူလစ်ဇာဆုရ ကာတွန်းတွေက ကမ္ဘာကျော်ကာတွန်းတွေဖြစ်တယ်။ သူတို့ဟာ ပန်းချီ ပညာကို ပြည့်ပြည့်ဝဝတတ်ပြီးကာမှ ကာတွန်းရေးဆွဲကြတာ သွားတွေ့ တယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ဆုံးမတယ်။ ဘာမှမင်းမတတ် သေးဘူး။ ပန်းချီကျောင်းသွားတက်ပေါ့။ ၁၉၆၇ ခုနှစ်မှာ ပန်းချီကျောင်း တက်ပြီး ၁၉၇ဝခုနှစ်မှာ ပန်းချီကျောင်းဆင်းခဲ့တယ်။ အဲဒီတော့မှ ပန်းချီနဲ့ ပတ်သက်တဲ့ တကယ့်လိုအပ်ချက်တွေ အပြည့်အစုံကို နားလည် သဘောပေါက်ပြီး ရေးတတ်သွားတာ။ တကယ့်ကမ္ဘာကျော်တဲ့ ကာတွန်း ဆရာများ ဟာလည်း ပန်းချီတတ်ပြီးမှ ကာတွန်းရေးဆွဲကြတာပါ။ ပန်းချီတတ်ပြီးမှ ကာတွန်းရေးဆွဲတာ ပိုကောင်းတယ်” လို့ ဆရာရွှေ မင်းသားက ပန်းချီက ကာတွန်းရေးဆွဲမှုအပိုင်း အထောက်အကူပြုမှုကို ပြောပြပါတယ်။ ခေတ်အခြေအနေအရပ်ရပ်ကို ဖြတ်သန်းခဲ့တဲ့ ကာတွန်း ရွှေမင်းသားက ဒီနေ့ခေတ်မှာတော့ စာပေစိစစ်ရေးမရှိတော့တဲ့အတွက် ရေးဆွဲလို့ကောင်းလာတယ်လို့လည်း ပြောပါတယ်။

သတင်းစာတွေ၊ ဂျာနယ်တွေ အခုလို လွတ်လွတ်လပ်လပ်ရေးလို့ရ တယ်။ ဒါပေမဲ့တစ်ခုရှိတာက ကိုယ်ယူဆတဲ့ အကြောင်းအရာဟာ နိုင်ငံ ရေးနဲ့ ပတ်သက်ရင်တော့ သတိထားရမယ်။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာဟာ ပြည်သူနဲ့ တစ်သားတည်းကျရဲ့လားဆိုတာ ကိုယ်က စဉ်းစားရမယ်။ ပြည်သူ့နဲ့ တစ်သားတည်း မကျရင်တော့ ဒီကာတွန်း မရေးနဲ့။ အလကားပဲ။ ကန့်လန့်တိုက်မယ်ဆိုရင်တော့ မရေးဆွဲနဲ့။ ကာတွန်းဆိုတာက သူများကို စော်ကားဖို့မှ မဟုတ်တာ။ ဘေးရန် ကင်းကင်းလေးနဲ့ အကြောင်းအရာ လေးပေါ်မှာပဲ အသိပေး၊ သတိပေး တဲ့အနေနဲ့ ရေးဆွဲသင့်တယ်။ မိမိချစ်တဲ့သူကို သာစေ၊ မိမိ မုန်းတဲ့သူကို နာစေဆိုတဲ့ စိတ်သဘောထား မထားရဘူး။ ကာတွန်း ဆရာက အဲဒီလမ်းပေါ်မှာ လျှောက်ရတာ။ မုန်းသူကို မနာစေရ။ ချစ်သူကို မသာစေရ။ ဒီဆောင်ပုဒ်လေးနဲ့သွားမှ ကာတွန်းဆရာက ရေရှည်မြဲမှာ” လို့ ဆရာရွှေမင်းသားက သူ့အမြင်ကိုပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here