ပေါ်ပြူလာလဲ နှစ် ၂၀ တိုင်ခဲ့ပြီ ရန်လိုကျွဲလည်း ထမင်းစားမပျက်သေး

0
277

konyein

ဟိုတလောက “ပျင်းပျင်းရှိတာ နဲ့…” စာတစ်ပုဒ်ရေးဖြစ်သွားတဲ့အကြောင်း အွန်လိုင်းပေါ်တင်လိုက်မိတယ်။ အဲဒီပို့စ်မှာ ပေါ် ပြူလာဂျာနယ်က အယ်ဒီတာလေး ညိုသစ်ငယ်က ဒီလိုမန့်ရေးပါတယ်။ ” များများပျင်းပါ ဆရာ၊ ပေါ်ပြူလာ နှစ် ၂ဝ ပြည့်အတွက်လည်း ပျင်းပေးပါဦး” လို့ မန့်လာတော့ ကျွန်တော်လည်း “ဆက်လက်ပျင်းမယ်’လို့ ပြန် ရေးမိလိုက်တယ်။ အဲအခုသာ “ပြန်ရေးမိလိုက်တယ်” လုပ်နေတာလေ။ တကယ်ကတော့ ကတိပေးလိုက်တာ။ ကိုယ်ကတော့ ကတိတွေ ဘာ တွေ အကြီးကြီးမစဉ်းစားပါဘူး။ နောက်ပြန်စဉ်းစားမှ “အလိုလေး” ဖြစ်ရတော့တာ။ ကိုယ်ကလည်း ၁ဝ နှစ်ပြည့်တို့ အနှစ် ၂ဝပြည့်တို့ကို တစ်ခါမှ ကြုံဖူးတာမဟုတ်။ ဒါပေမဲ့ အနှစ်၂ဝဆိုတဲ့ ကာလက မသေးဘူး။ ဒီအနှစ် ၂ဝ အတွင်းမှာကို ပျောက်သွားတဲ့ ဂျာနယ်တွေ မနည်းဘူး။ ဒီပျောက်ကွယ်သွားတဲ့အထဲ အလွန်နှမြောစရာကောင်းလှတဲ့ စာပေ အနုပညာဂျာနယ်တွေလည်း ပါကုန်တယ်။ ဒီနှစ်၂ဝ မတိုင်ခင် ဟိုဘက်မှာလည်း ဂျာနယ်ကောင်းတွေ အများကြီးကို ရှိခဲ့ကြတာ။

ဂျာနယ်တွေ တစ်စတစ်စ ချုပ်ငြိမ်းပုံက “မန္တလေးအငြိမ့်” တွေ ချုပ်ငြိမ်းပုံနဲ့တူသဗျ။ တစ်ခေတ်ကတော့ မန္တလေးမှာ အငြိမ့်အဖွဲ့တွေ အဖွဲ့ ၄ဝလောက်ရှိခဲ့တာ။ အခုတော့ ၄ဖွဲ့ တောင်ရှိသေးရဲ့လားမသိ။ ဒါကလည်း အနှစ်၂ဝ အတွင်း လောက်မှာ ဖြစ်သွားတာ။ မကမကဘဲ။ လက်ရှိရှိနေတဲ့ ဂျာနယ်တွေကလည်း “ဂျာနယ်သက်” ရှည်အောင် ရုန်းကန်နေကြမှာအမှန်။ ဒီရုန်းကန် မှုတွေထဲမှာ “ပေါ်ပြူလာဂျာနယ်” လည်း ပါရမှာပေါ့။ ဆိုရှယ်မီဒီယာခေတ်မှာဖေ့စ်ဘုတ် ပဲ ဆိုရှယ်ကျနိုင်ပြီး ကျန်တာတွေ ဆို ရှယ်လည်း မကျနိုင်ဘူး။ စမတ်လည်း မကျနိုင်ကြဘူး။ ဖေ့စ်ဘုတ်ကလည်း သူ့ မျှား တံတွေကို အရပ်ရှစ်မျက်နှာ အကုန်ပစ်လွှတ်နေ တာ။ ဘာသာရေး နယ် ပယ်ကိုရော၊ စီးပွားရေးနယ်ပယ်ကို ရော၊ ပညာရေးနယ်ပယ်ကိုရော၊ အနုပညာအကုန်လုံးရဲ့ နယ်ပယ်ကို ရော၊ ဒီလိုအခြေအနေမှာ ကျန်ခဲ့တဲ့ ဂျာနယ်ဟာ သူရဲကောင်းပါပဲ။

အဲ သူရဲကောင်းဆိုတိုင်းလည်း သိပ်ကောင်းကြတာတော့ မဟုတ်ဘူး။ အနာအဆာလေးတွေတော့ ရှိကြမြဲလေ။ သူရဲကောင်းဆိုတော့လည်း အင်းဝခေတ်က သူရဲကောင်း မြန်မာ ၃ဦးကို သတိရမိတယ်။ ဒီနေ့ ဂျာနယ်တွေ အခြေအနေကလည်း ဒီ သူရဲကောင်း ၃ယောက်ရဲ့ အခြေ အနေမျိုးလို့ ထင်မိပါတယ်။ အင်းဝ ခေတ်၊ ညောင်ရမ်းမင်းတရား လက် ထက် (၇၈၈-၈ဝဝ)မှာ သားတော် သူရဲကောင်း ၃ယောက်ရှိတယ်။ ကြီးစဉ် ငယ်လိုက်ပြောလိုက်ရင် (၁) ဘယဂါမဏိ၊ (၂) ရာဇသင်္ကြံ၊ (၃) ရန်လိုကျွဲ၊ သားသုံးယောက်။ ရာဇဝင်အရေးအသားအတိုင်းဆိုလျှင် “တစ်ခါသ၌ ညောင်ရမ်းမင်း၏ သားတော် အိမ်ရှေ့မင်းနှင့်အတူ စစ်ထွက်ခဲ့ရာ တောင်တွင်းသို့ချီ၍ လုပ်ကြံတော်မူရသည်။ မြို့၊ ပြ၊ ကျုံး၊ မြောင်း၊ ခိုင်ခံ့လှသောကြောင့် မရချေ။ ဝန်းရံ၍သာ နေတော်မူရချေ ၏။ ထိုသို့ဝန်းရံနေစဉ် မြို့တွင်းက “လှံ” နှင့် လွှတ်သည်။ ပွဲလယ်သို့ လှံကျလာသည်။ ပွဲမှာ သားတော်သူရဲကောင်း ၃ ၏ ထမင်းဝိုင်း။ လှံတံက ထမင်းဝိုင်း စားပွဲ လာစိုက်သည်။ ထိုအခါ ဘယဂါမဏိ ထယောင်ပြု၏ ။ ရာဇသင်္ကြံလက်ကိုရှပ်ယောင်ပြု၏ ရန်လိုကျွဲကား ထမင်းစားမပျက်။ ပေါ်ပြူလာဂျာနယ်အတွက် ပြောချင်တာက ဒါပါပဲ။ ဒီအနှစ် ၂ဝ ဆိုတဲ့ ကာလရှည်ကြီးအတွင်းမှာ ပေါ်ပြူလာ ထယောင်ပြုကောင်း ပြုမိချင် ပြုမိမည်။ ထိုနည်းတူ လက်ကိုလည်း ရှပ်ယောင်ပြုမိချင် ပြုမိပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ပေါ်ပြူလာဂျာနယ်က “ထမင်းစား အပျက်ခံမည်မဟုတ်ကြောင်း” ကျွန်ုပ်တို့ယုံသည်။

ကိုငြိမ်း (မန္တလေး)


LEAVE A REPLY

Please enter your comment!
Please enter your name here