မေတ္တာသင်္ဂဟအဖွဲ့ရဲ့ အလှူဒါနများ

0
251

myinta

မေတ္တာသင်္ဂဟအဖွဲ့တည်ထောင်သူ အကယ်ဒမီခန့်စည်သူရဲ့ မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၁ ရက်နေ့မှာတော့ မေတ္တာသင်္ဂဟအဖွဲ့က သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဓမ္မဝိဟာရဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆင်းရဲနွမ်းပါး တဲ့ ကျောင်းသား၊ ကျောင်းသူ ၄ဝဝ ကျော်အတွက် ပညာသင်စရိတ် ကျပ် သိန်း ၅ဝကျပ်အပြင် ကျောင်းဝတ်စုံ၊ သင်ထောက်ကူပစ္စည်းများကို မနက် ၉နာရီခွဲက လှူဒါန်းခဲ့ပါတယ်။ အဆိုပါကျောင်းရှိ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုများ ချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် မေတ္တာသင်္ဂဟ အဖွဲ့က Y-8 လေယာဉ်ခရီးစဉ်မှာ ပါဝင်သွားတဲ့ တပ်မတော်သားတွေရဲ့ ကျန်ရစ်သူ မိသားစုများအတွက် အလှူငွေ ကျပ်၁ဝသိန်း၊ ရှေ့နေ ဦးကိုနီရဲ့ ကျန်ရစ်သူ မိသားစုများအတွက် အလှူငွေ ကျပ်၁ဝ သိန်း၊ ကိုနေဝင်းရဲ့ ကျန်ရစ်သူ မိသားစုများအတွက် အလှူငွေကျပ် သိန်း ၄ဝ တို့ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ မေတ္တာသင်္ဂဟအဖွဲ့ရဲ့အလှူနဲ့ ပတ်သက်ပြီး ခန့်စည်သူက ….

” ဒီနေ့ ကိုယ့်ရဲ့မေတ္တာသင်္ဂဟအဖွဲ့တွေနဲ့ပေါင်းစည်းပြီး လှူရတဲ့အတွက် ဝမ်းသာပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ဒီနေ့ အလှူတွေက ကြုံကြိုက်သွားတယ်လို့ ပြောရမယ်။ Y-8 ဆိုလည်း မမျှော်လင့်ဘဲ ဖြစ်သွားတယ်။ တပ်မတော်သားတွေကလည်း ကျွန်တော်တို့ ပြည်သူတွေပဲ။ ပြည်သူတွေဆုံးရှုံးသွားတဲ့အတွက် ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူပဲ ကျွန်တော်တို့လည်း ခံစားရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပါတယ်။ ဦးကိုနီတို့ အတွက်ကလည်း အစကတည်းက အဖွဲ့လိုက် လှူဒါန်းဖို့အစီအစဉ်ရှိပြီးသားပါ။ ဘာပဲဖြစ်ဖြစ်ပါ။ လူအချင်းချင်း ဒီလိုအကြမ်းဖက်တာကို ရှုတ်ချပါတယ်။ ဒါကြောင့် ဦးကိုနီရော၊ ကိုနေဝင်းရော အသက်ဆုံးရှုံးသွားတဲ့ အတွက် ကိုယ်ချင်းစာတဲ့အနေနဲ့ ကျန်ရစ်သူ မိသားစုတွေကို နိုင်သလောက် လေး ထောက်ပံ့တာပါ” လို့ပြောပါတယ်။ အဆိုပါနေ့မှာပဲ မေတ္တာသင်္ဂဟ အဖွဲ့က ရွှေပါရမီပညာရေးကျောင်းအတွက် အလှူငွေကျပ် ၁ဝ သိန်းကိုလည်း လှူဒါန်းခဲ့တာကြောင့် စုစုပေါင်းအလှူငွေ ကျပ်သိန်း ၁၂ဝ ကျပ်ကို လှူဒါန်းခဲ့ ကြာင်း သိရပါတယ်။ အကယ်ဒမီ ခန့်စည်သူရဲ့ မွေးနေ့ပွဲကိုတော့ ဇွန်လ ၁၁ရက်နေ့ ညပိုင်းက တော်ဝင်ဂါးဒင်းဟိုတယ်မှာ အနုပညာရှင်များ၊ မိတ်ဆွေများနဲ့အတူ ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။

ခိုင်ဝေလွင် ၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here