ကိုယ်တိုင်ရေးတဲ့ သီချင်းကို ဆိုရတာပိုပြီးတော့ အားရတယ် ဝိုင်းလေး

0
270

winelay

အဆိုတော် ဝိုင်းလေး ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုထားတဲ့ “လက်ခံပြီးသား” သီချင်းက MMN Cover Song ပြိုင်ပွဲ Season 4 မှာ ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ရတဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဝိုင်းလေးကို မေးဖြစ်တဲ့အခါ…

” Cover Song က Myanmar Music Network ကနေ ဦးစီးပြီးတော့ လုပ်တာပါ။ ကိုယ့်စိတ်တိုင်းကျ ကြိုက်နှစ်သက်မယ့် သီချင်းကို အနုပညာရှင် တွေနဲ့ ပူးပေါင်းပြီးတော့ သီဆိုလို့ရအောင်ဆိုတဲ့ရည် ရွယ်ချက်နဲ့လုပ်ထားတယ်။ အဲဒီအခါမှာ ညီမရဲ့ “လက်ခံပြီးသား” သီချင်းက မေလထဲမှာ စပြီးတော့ပြိုင်တယ်။ ပြိုင်ရင်းနဲ့မှ like & share အများဆုံး ၃ ဦးကို ဆုပေးတယ်။ အဲဒီကမှ အများဆုံး ပထမရတဲ့ သူကတော့ ညီမနဲ့အတူ “လက်ခံပြီးသား” သီချင်းကို Cover Song ပြန်ပြီးတော့ သီဆိုခွင့်ရမှာပါ။ သူတို့သဘောကျတဲ့ သီချင်းကိုသူတို့ သဘောကျတဲ့ အနုပညာရှင်နဲ့ ပြန်ဆိုရမှာဆိုတော့ အမှတ် တရလေးလည်း ဖြစ်တယ်။ ညီမအနေနဲ့ကလည်း ပရိသတ်ကို ကိုယ်ဆို တာချည်းပဲ မဟုတ်ဘဲနဲ့ သူတို့ကိုလည်း ဖန်တီးခွင့် အနုပညာရသပေးလိုက်တဲ့ သဘောမျိုးဆိုတော့ အရမ်းကောင်းပါတယ်” လို့ သူမက ပြောပါတယ်။

ဒုတိယ တစ်ကိုယ်တော် အခွေကို ၂ဝ၁၇ ခုနှစ်ကုန်ပိုင်းလောက်မှာ ထွက်ဖို့မှန်းထားတဲ့ ဝိုင်းလေးက သူမကိုယ်တိုင် သီချင်းရေးရတာကို အရသာတွေ့နေလေရဲ့။ ” ဒုတိယတစ်ကိုယ်တော် အခွေမှာ ဆိုလို့ရှိရင်လည်း သီချင်းတွေကိုယ်တိုင်ရေးထားတာများတယ်။ ဇာတ်ဝင်တေးအနေနဲ့ကျတော့ အခု kMRTV-4 က ပြနေတဲ့ “ဆုံစည်းခြင်း မိုးတိမ်” မှာ ညီမက ဇာတ်ဝင်ခန်းမှာ ဇာတ်ဝင်တေးအနေနဲ့ ရေးပေးပြီးသီဆိုထားတယ်။ နောက်ပြီးတော့ အဲဒီစီးရီးရဲ့Theme Song အနေနဲ့တော့ ဦးမြင့်မိုး အောင်က ရေးပေးပြီး ညီမသီဆိုထားတယ်။ နောက်ပိုင်းမှာတော့ သီချင်းရေးတာနဲ့ပတ်သက်ပြီးတော့ ကိုယ်တိုင်ရေးတဲ့ သီချင်းကိုဆိုရတာ ပိုပြီးတော့ အားရတယ်” လို့ ဝိုင်းလေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here