ဥရောပနိုင်ငံ ခြောက်နိုင်ငံကို သွားရောက်လည်ပတ်ကြမယ့် ကျော်ကျော်ဗိုရဲ့ Ride On Europe

0
361

Kyaw Kyaw Bo (2)

ဥရောပနိုင်ငံများကို ခြေဆန့်ဦးမယ့် ကျော်ကျော်ဗိုရဲ့ Ride On Europe ခရီးစဉ်မိတ်ဆက်ပွဲကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီက တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အရှေ့ဥရောပ နိုင်ငံများ ဖြစ်တဲ့ ဂျာမနီ၊ ချက်၊ ပိုလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနဲ့ သြစတြီးယားနိုင်ငံ ၆ နိုင်ငံကို ၁၅ ရက်ကြာသွားရောက် လည် ပတ်မယ့် ဒီခရီးစဉ်မှာ သရုပ်ဆောင် ကျော်ကျော်ဗို၊ မာရီကိုး၊ ဒါရိုက်တာ သည်ခေတ်နေနဲ့ Ride On Europe အဖွဲ့သားများ ပါဝင်မှာ ဖြစ်ပါတယ်။

” ကျွန်တော်တို့ နိုင်ငံခြားခရီးသွားအစီအစဉ်လေးလုပ်ဖို့ တိုင်ပင်ထားတာ ၆ လလောက်ရှိပါပြီ။ အခုမှ အကောင်အထည်ဖော်နိုင်တာပါ။ ဒီခရီးစဉ်လေးမှာလည်း ကျွန်တော် သွားတဲ့ရောက်တဲ့နေရာတွေက ယဉ်ကျေးမှုတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ဓလေ့ ထုံးစံတွေကို ကျွန်တော် မြင်ရသလို၊ ကြားရသလို ပရိသတ်တွေ မြင်စေ၊ ကြားစေချင်တဲ့ ဆန္ဒအတိုင်း တင်ဆက်မှာပါ။ ဒါပေမဲ့ ခရီးသွား Channel တွေကလို ပြီးပြည့်စုံအောင် မလုပ်ပါဘူး။ ကျွန်တော်က လွတ်လွတ်လပ်လပ် ခရီးသွားပြီး မြင်ရတွေ့ရတဲ့ ပုံစံလေးတွေကို ပရိသတ်တွေအတွက်ပေးမှာပါ။ သမိုင်းအကြောင်းအရာတွေ နဲ့ အချက်အလက်တွေ အတိအကျကြီးတွေ မပါပါဘူး။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် ခရီးသွားခြင်းဆိုတဲ့ပုံစံနဲ့ပဲ ပရိသတ်တွေ မြင်တွေ့ရမှာပါ” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ဆက်လက်ပြီး ဒီခရီးသွား အစီအစဉ်မှာ ပါဝင်လာတဲ့ မာရီကိုးအနေနဲ့လည်း ပထမဆုံး သူ့ရဲ့ ခရီးသွားအစီအစဉ် အပေါ် ရင်ခုန်သံက…

” ညီမအတွက် ဒီခရီးစဉ်မှာ လိုက်ပါလာတာက စွန့်စားမှုတစ်ခုပါပဲ။ ဒီခရီးစဉ်မှာလည်း မိန်းကလေးဆိုလို့ ညီမတစ်ယောက်ပဲ ပါတယ်။ ပထမတုန်းက မိန်းကလေး တစ်ယောက်တည်း ဖြစ်ပါ့မလားဆိုပြီး စဉ်းစားခဲ့ရတယ်။ ဖြစ်ပါ့ မလားလို့လည်း တွေးတယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် အားမွေးပြီးလိုက်ဖြစ်ခဲ့တာပါ။ ဒီခရီးစဉ်ကနေလည်း ညီမ ဗဟုသုတ အသစ်တွေရမယ်၊ ခရီးသွားခြင်းအကျိုး ကျေးဇူးအသစ်တွေ ရမယ်လို့ထင်ပါတယ်” လို့ ပြောပါတယ်။ Ride On Europe ခရီးစဉ်ကတော့ ၁၅ ရက်ကြာ သွားရောက် ရိုက်ကူးမှာဖြစ်ပြီး ဇွန်လ တတိယအပတ် မှာ ခရီးစဉ်စတင်မယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ကိုလည်း MNTV နဲ့ Channel 9 တို့ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါ တယ်။

မြတ်မိုးပွင့်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here