မြန်မာပြည် ရော့ခ်ဂီတ သမိုင်းထဲက အစဉ်အလာ ကြီးမားတဲ့ Emperor Band

0
457

AZM_0777Emperor တီးဝိုင်းဆိုတာ မြန်မာပြည်ရဲ့ Rock ဂီတသမိုင်းမှာ ဘယ်လိုမှ ချန်လှပ်လို့ မရနိုင်သလို  မြန်မာ့ရော့ခ် ဂီတရဲ့ ရှေ့ဆောင်  တီးဝိုင်းလည်း ဖြစ်ပါတယ်။ ဒီတီးဝိုင်းကြီးရဲ့ သက်တမ်းက ခုဆိုရင် နှစ်ပေါင်း ၃ဝ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို သက်တမ်းကာလ  အရှည်ကြီးမှာ သူတို့တီးဝိုင်း ဘယ်လို  ပုံစံနဲ့ ဖြတ်သန်း လာခဲ့ကြသလဲ ဆိုတာကို ဒီတစ်ပတ်ရဲ့ အထူးကဏ္ဍ အဖြစ် အမှတ်တရ ဓာတ်ပုံ ရိုက်  ကူးရင်း ဖော်ပြပေးလိုက်ပါတယ်။ သူတို့ရဲ့ ဂီတအပေါ် ချစ်စိတ်နဲ့ ဂီတဖြတ် သန်းမှုအပေါ်က စိတ်ထား အချို့ကိုလည်း Emperor  ရဲ့  ရော့ခ်ကာကြီး ဇော်ဝင်းထွဋ် က အခုလို ပြောပြပါတယ်။

ကျွန်တော်တို့ တကယ်လေးစားတဲ့ သူတွေအများကြီးရှိပါတယ်…

“အလုပ် တစ်ခုကို နေရာ တစ်ခုကို အကြာကြီး ဖြတ်သန်းဖို့ ဆိုတဲ့နေရာမှာ Concentration ရှိဖို့ လိုတယ်။ ကျွန်တော်တို့ ဒီလမ်းကြောင်းပေါ် မှာ  တခြား ဘာကိုမှ မရှာဖွေဘဲ ဂီတကိုပဲ ရှာဖွေခဲ့တဲ့ အတွက် ဒီအချိန်ထိ ရောက်လာခဲ့တာပေါ့။ ကျွန်တော်တို့လိုပဲ တခြား ဘဝတူ  ဂီတသမားတွေလည်း အဲဒီလိုပါပဲ။ အများကြီး ရှိပါတယ်။ တချို့လည်း ဂီတသမား ဘဝကနေ အခြားအရာတွေ ကို ရှာဖွေ ရင်း ဒီထဲက  ထွက်သွား တာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဂီတကိုပဲ တစ်စိုက်မတ်မတ် လုပ်လာခဲ့တဲ့ ကျွန်တော် တို့ရဲ့  လုပ်ဖော် ကိုင်ဖက်တွေ အကုန်လုံးကို လေးစားပါတယ်။ ကျွန်တော်တို့ ထက် စောတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။ ကျွန်တော် တို့  တကယ်လေးစားတဲ့ သူတွေအများကြီး ရှိပါတယ်။ မော်တော် ကားရောင်းပြီး ဂစ်တာ ဝယ်တာမျိုးပေါ့။ အဲဒါမျိုးဆို ချစ် တယ်။ ဂစ်တာရောင်းပြီး  ကားဝယ် ဖို့ဆိုရင်တော့ မချစ်ဘူးပေါ့”  ကန့်လန့်တိုက်တတ်တဲ့သူကို သူက ကန့်လန့်တိုက် တတ်ပါလား လို့မှတ်ထားရင်…

“Band တစ်ခု အနေနဲ့ လုပ်တဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက်တည့် ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

လင်မယား နှစ်ယောက် လည်း  မတည့်နိုင်ဘူး။ မောင်နှမ လည်း မတည့်နိုင်ဘူး။ အရေးကြီးတာ ကတော့ ကိုယ့်ကိုယ်ကိုယ် သက်သာအောင် နေဖို့ပဲ။ သက်သာတဲ့  အတွေးမျိုးတွေးမယ်ပေါ့။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် သက် သာအောင် နေတတ်သလို သူတစ်ပါး ကို ဆက်ဆံတဲ့ အခါမှာလည်း  ဘယ်သူပဲဖြစ်ဖြစ်၊ ကိုယ့်မိဘပဲ ဖြစ် ဖြစ်၊ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ သူစိမ်းပဲဖြစ်ဖြစ် အခြေခံ သဘောတရား ကတော့ အတူတူပဲ။ ကျွန်တော်  လည်း ကျွန်တော့်ကို ခေါင်းစားရင် မကြိုက်ဘူး။ ကျွန်တော့်ကို စိတ်ညစ်အောင် လုပ်ရင် စိတ်ညစ်မယ်။ ပျော်အောင် လုပ်ရင်ပျော်မယ်။  ဒီသဘော တရားပေါ်မှာ အခြေခံပြီး သူတစ်ပါး အပေါ်မှာလည်း ဆက်ဆံ ရင် ပြေလည် ပါတယ်။ ဒါပေမဲ့ ကာရိုက်တာ ကတော့ တစ်ယောက်နဲ့  တစ်ယောက် မတူဘူး။ အမြဲညစ်နေ တဲ့ လူလည်းရှိမယ်။ အမြဲ ကန့်လန့် တိုက်နေတဲ့ လူလည်းရှိမယ်။ ဒါပေမဲ့ ကန့်လန့် တိုက်တဲ့သူကို  ကျွန်တော် တို့က ကန့်လန့်ပြန်တိုက်လို့ ဘာမှအကျိုးမရှိဘူး။ ဒီတော့ ကန့်လန့် တိုက်တတ်တဲ့ သူကို သူက ကန့်လန့်  တိုက်တတ်ပါလားလို့မှတ်ထားရင် သူက တစ်နည်း အားဖြင့် ကျွန်တော် တို့အတွက် Entertainment  တစ်ခုလို ဖြစ်သွားတယ်။ အဲဒီလို  နည်းနဲ့ပဲ ကျွန်တော်တို့ ဆက်ပြီး ချီတက်လာကြတာပေါ့”

ကိုယ်နဲ့ စိတ်တူကိုယ်တူ လူတွေပဲ လိုတာပေါ့…     

“ဒီလိုအရွယ် ဒီလို အနေအထားထိ ဖြတ်သန်း လာပြီးတဲ့အခါမှာ ကျွန်တော်တို့ အတွက် အများကြီး လည်း မလိုတော့ပါဘူး။ ကိုယ်နဲ့  စိတ်တူ ကိုယ်တူ လူတွေပဲ လိုတာပေါ့။ကိုယ့်ဂီတနဲ့ တစ်သားတည်း ဖြစ် မယ့်သူတွေပေါ့။ ကိုယ်ကလည်း ဒီအရွယ်ကြီး ကျမှတော့  နာမည်ကြီး ဖို့တို့၊ ဘာတို့လုပ်ရမယ့် အရွယ်လည်း မဟုတ်ဘူးလေ။ ကိုယ့်နေရာမှာဝင်မယ့် လူငယ်တွေ၊ ကိုယ့်လိုပဲ ဆိုနိုင်တဲ့၊ ကိုယ့်ထက် သာတဲ့  ကလေး တွေ ဖန်တီးနိုင်တဲ့ ကလေးတွေ Band တွေအများကြီး ရှိလာပါတယ်။ ကျွန်တော်တို့က ဒီအချိန်မှာ မိသားစု ပုံစံနဲ့ ပြောရရင်တော့  အဘိုးကြီး  ဖြစ်သွားတဲ့အခါ သားသမီးတွေက ကိုယ့်လည်း လိုအပ်ချင်မှ လိုအပ်မှာပေါ့။ ဒါပေမဲ့ အဘိုး ကလည်း အဘိုးရဲ့ဘော်ဒါ  အပေါင်းအသင်းတွေနဲ့ အတူ ပျော်ရွှင်ခွင့်တော့ ရှိသေးတာပေါ့။ ဒီသဘောပါပဲ။ ကျွန်တော်နဲ့ စိတ်တူကိုယ်တူ ရှိမယ်။ ကျွန်တော် တို့ ဂီတကို  နားလည် လက်ခံတယ်။ ပြီးတော့ ဂီတ ဆိုတာလည်း အရွယ်ရှိသေးတယ်။ ကျွန်တော် တို့လည်း အရွယ်ရလာတဲ့ အခါမှာကိုယ့်အရွယ်နဲ့  လိုက်ဖက်တဲ့ Music မျိုး၊ စိတ်ထဲက ဖြစ်ပေါ်လာတဲ့ ကိုယ်လုပ်ချင်တာမျိုး လုပ်ရ မှာကိုး။ အဲဒီအခါ ကိုယ့်ကို နားလည်မယ့် သူကတော့ ကိုယ်နဲ့  မတိမ်မယိမ်းသူတွေ၊ ကိုယ့်ကို တောက် လျှောက် လေ့လာစောင့် ကြည့်လာသူတွေပေါ့။ သူတို့ကိုပဲ အားကိုးစရာ ရှိတာပေါ့။  ဆက်လျှောက်သွား ရင်လည်း ဒီလူတွေနဲ့ပါပဲ။ ကျွန်တော်တို့ကို စိတ်ဝင်စားလို့ နောက်မျိုးဆက်သစ် တွေကပါ နားထောင် ကြမယ် ဆိုရင်တော့  ပိုကောင်းတာပေါ့”  ဇော်ဝင်းထွဋ်ရဲ့ လက်ရှိ အသက်အရွယ်မှာ ပြောပြခဲ့တဲ့ ဒီစကားတွေက နောင် မျိုးဆက်သစ်တွေ အတွက်လည်း အမှတ်တရ  ဖြစ်စေနိုင်မယ်လို့ ထင်မိပါတယ်။ ဆယ်စုနှစ် သုံးခုကျော်ကို ဖြတ်သန်းလာခဲ့ ပြီဖြစ်တဲ့ Emperor တီးဝိုင်းဟာ နောင်ဆယ်စုနှစ် တွေမှာလည်း  မြန်မာပြည် ရော့ခ်ဂီတ သမိုင်း အတွက် တန်ဖိုးကြီးမားတဲ့ တီးဝိုင်း တစ်ခု ဖြစ်နေဦးမှာကတော့ အသေအချာပါပဲ။

  ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here