တစ်လတစ်ကြိမ် လက်ရွေးစင်သီချင်းတွေ စုပြီး အခွေပြန်ထုတ်မယ့် ဇော်ဝင်းထွဋ်

0
235

Zaw-Win-Htut-(2)အဆိုတော်ကြီး ဇော်ဝင်းထွဋ်က ကိုယ်တိုင်လည်း ဂီတ အလုပ်တွေနဲ့ မွေ့လျော် ပျော်မွေ့နေသူဖြစ်သလို မျိုးဆက်သစ်များ အတွက် ဂီတလုပ်ငန်း များမှာလည်း ပါဝင်ကူညီ ပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ ဇော်ဝင်းထွဋ်က မန္တလေးက Rock Band  တစ်ခုဖြစ်တဲ့ Romantic အဖွဲ့ရဲ့စီးရီးကို ထုတ်လုပ်သူ အဖြစ်တာ ဝန်ယူထားတယ် လို့လည်း သိရပါတယ်။ “ကျွန်တော်က producer အနေနဲ့ တာဝန်ယူထားတာပေါ့။ တီးခတ်မှုကတော့ သူတို့ဝိုင်း သူတို့သီချင်းတွေပဲ။ ကျွန်တော်က နည်းနည်းပါးပါး နားထောင်ပေးပြီး အကြံပြု တာ လောက်ပါပဲ။ အားလုံး သူတို့စိတ်ကြိုက် ဖန်တီးထားတဲ့ သီချင်းတွေပါ။ အဲဒီသူတို့ အဖွဲ့ရဲ့ အခွေလေး အရင်ပြီးအောင် ဖြတ်ပေးဖို့ စီစဉ်နေပါတယ်” လို့  ဇော်ဝင်းထွဋ်က ပြောပါတယ်။ ဇော်ဝင်းထွဋ်က သူငယ်ချင်းဖြစ်တဲ့ ရင်ဂိုရဲ့ “စနေနေ့စနေည” စီးရီးကိုလည်း ထုတ်ဝေပေးခဲ့ပြီး သူ့အနေနဲ့ စိတ်တူကိုယ်တူ ရှိသူတွေဆိုရင် ကြီးသည်ငယ်သည် မရွေးဘဲ လက်တွဲချင်တယ် လို့ ဆိုပါတယ်။

ဇော်ဝင်းထွဋ်က သူသီဆိုခဲ့တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို အသစ်ပြန် တီးခတ်နေပြီး မကြာမီမှာ ဖြန့်ချိသွားဖို့ ရှိတယ်လို့လည်း သိရ ပါတယ်။ “တီးခတ်နေတာ အပုဒ်၃ဝ လောက်တော့ရှိပြီ။ ကိုယ်ပိုင် သံစဉ်တွေထဲ ကပဲပေါ့။ ကျန်တာတွေလည်း ထပ်တီးခတ်ပြီး အပုဒ်၂ဝစီလောက် လစဉ် ထုတ်သွားဖို့  စီစဉ်ထားတယ်။ မဂ္ဂဇင်းတွေလို တင်ထုတ်ပေါ့။ နုတ်တွေ ဘာတွေနဲ့ သေချာလေး လည်း သိမ်းလို့ရအောင်ပေါ့။ ကိုယ်ပိုင်သံစဉ် ဆိုပေမယ့် တချို့ကိုယ်ပိုင် သံစဉ် အခွေထဲမှာလည်း မှီငြမ်းထားတာပါတယ်လေ။ Chorus က သူများ သီချင်းက အပုဒ်ကို ယူထားတာတို့ ဘာတို့ရှိတယ်။ အခုအဲဒါမျိုးတွေ မပါဘူး။ တကယ့်ကိုယ် ပိုင်ဖြစ်တာတွေပဲ ရှာပြီးတော့ ပြန် သွင်းနေတယ်။ ဒီလကုန်လောက် မှာ ပထမဆုံး စဖြန့်ချိနိုင်တော့မယ် ထင်တယ်။ အခွေ အနေနဲ့လည်း ကျွန်တော်တို့ အရွယ်တန်း တွေ ကတော့ အခွေဝယ်နေကြသေးတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဝယ်တယ်။ ဘွန်ဂျိုဗီပဲထွက်ထွက်၊ ဘယ်သူပဲထွက်ထွက် အွန်လိုင်းက နားမထောင်ဘူး။ သိပ်ကြိုက်ရင်သာ Intro လောက်နားထောင်တာရှိတယ်။ အခွေကောင်းကောင်းပဲ နားထောင်ချင်တယ်။ အဲဒီတော့ အခွေကို ရအောင် ရှာဝယ်တယ်။ အွန်လိုင်းက ဖြစ်ဖြစ်မှာ ဝယ်တယ်။ အမှတ်တရ ပစ္စည်းတစ်ခု အနေနဲ့လည်း သိမ်းတာပေါ့။ လက်ထဲမှာ အခွေကို ကိုင်ရမှ သီချင်းလို့ထင်တဲ့ Generation ဆိုတော့ ဝယ်နေသေးတဲ့ သူတွေရှိတယ်။ အဲဒီအတွက် အမှတ်တရလည်း ဖြစ်အောင်ပါ” လို့ ဇော်ဝင်းထွဋ်က ပြောပြခဲ့ပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here