စိတ်

0
450

sate

 

‘စိတ်’ အာရုံကိုသိခြင်း သဘောတရားတဲ့။ အဲဒီအာရုံကိုသိခြင်းသဘော တွေက များလွန်းပါတယ်လေ။ခုတ လော စိတ်အကြောင်းကို စာရေးသူ တွေးနေမိတယ်ပေါ့။ ဆိုတော့ကာ အကြောင်းအရာ အမျိုးမျိုးတွေ့ရပါ တယ်။

ရိုးရိုးလေးတွေးတော့တစ်မျိုး၊ စဉ်းစားဆင်ခြင်ကြည့်တော့တစ်မျိုး၊ ဖြစ်နေတဲ့စိတ်အပေါ်မှာ တွေ့မြင် ရတယ်ပေါ့။ စာရေးသူတွေးမြင်မိ တာလေးတွေကို စာဖတ်သူတို့ဆီ ပို့ရ ဦးမယ်လို့ တွေးနေမိတယ်။

ပို့လိုက်တဲ့အခါမှာ ကြံကြံဖန်ဖန် ရေးတယ်လို့တစ်မျိုး၊ ဟုတ်သားပဲလို့ တစ်သွယ် စာဖတ်သူတို့လည်း ထပ် ဆင့်စဉ်းစားဆင်ခြင်မိမယ်ဆိုရင် ရေးရကျိုးနပ်တယ်ပေါ့။ ဒီနေ့မနက် ပဲ တွေးမိတာလေးက ‘စိတ်ဓာတ်ကျ ခြင်း’တဲ့။

စိတ်ဓာတ်ကျခြင်း
အဲဒီစကားလေးကို စာမေး ပွဲမအောင်ခြင်း၊ စီးပွားရေးအဆင် မပြေခြင်း၊ လိုတာမရခြင်းစတာတွေ မှာ ဖြစ်တတ်တဲ့ သဘာဝပြောစကား တွေပေါ့လေ။

ဓာတ်တူမှပေါင်းလို့ရတယ်။ ဓာတ်ကျမှ အဆင်ပြေစွာနေထိုင်နိုင် တယ်လို့လည်း ပြောတတ်ပါသေးရဲ့။ ရိုးရိုးလေးကတော့ စိတ်ဓာတ်ကျတယ် ဆိုတာ စိတ်ကျရောဂါတစ်မျိုးလို့ပဲ ပြောဆိုတတ်တာပေါ့လေ။ စိတ်ဓာတ် ကျခြင်းကို စာရေးသူက ‘စိတ် ဓာတ် ကျ’လို့ တွေးမြင်လိုက်တယ်ပေါ့။ ကျောင်းသားတွေအတွက်ဆိုရင် မိမိ တို့ဆိုင်ရာ ဘာသာရပ်တွေကို ‘စိတ် ဓာတ်ကျ’အောင်နေနိုင်မှ၊ ကျက်မှတ် နိုင်မှ အောင်မြင်နိုင်ပါမယ်။ မဟုတ် ရင်တော့ ‘စိတ်ဓာတ်ကျ’ပြီး အရက် သောက်၊ ဆေးချ၊ ရူးသွပ်ခြင်းတို့ ဖြစ် သွားနိုင်ပါတယ်။

ကျောင်းသားမိဘတွေကလည်း မိမိတို့စိတ်ဓာတ်ကျရာ ဘာသာရပ်ကို သားသမီးများအား အတင်းတိုက် တွန်းမတက်စေဘဲ၊ သားသမီးများ ဓာတ်ကျရာ ဘာသာရပ်တွေကို လိုက်စေမယ်ဆိုရင် သားသမီးများ အောင်မြင်လို့ နိုင်ငံအတွက် အားထား ရာ အနာဂတ်သားကောင်းတွေ ပေါ်ထွန်းနိုင်မယ်လို့ တွေးနေမိပါရဲ့။

စီးပွားရေးမှာဆိုရင် သူများ အောင်မြင်လို့ လိုက်လုပ်တာမဟုတ် ဘဲ၊ မိမိဓာတ်ကျရာ (စိတ်ဝင်စားရာ) ကို လုပ်မယ်ဆိုရင် လိုချင်တာမရလို့ စိတ်ဓာတ်ကျခြင်း မဖြစ်နိုင်တော့ဘူး ပေါ့။ ဒါကြောင့် ‘စိတ်ဓာတ်ကျ’သောသူမဖြစ်စေဖို့၊ ‘စိတ်ဓာတ်ကျ’တဲ့ အရာကို ရွေးချယ်သင်ယူလုပ်ကိုင် စေချင်ပါတယ်။

စိတ်ပိန်တယ်
ဒီနေ့ခေတ်မှာ စကားဆန်းတွေ ပိုသုံးလာတာတွေ့ရပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတဲ့ စကားနဲ့ အတူ ‘စိတ်ပိန်တယ်’လို့လဲ ပြောတတ် ပါသေးတယ်။ အဲဒီစကားကလည်း တစ်ခုခုကို အလိုမကျဖြစ်တဲ့အခါ သုံးတယ်ပေါ့။ အလိုမကျတာတွေ ဖြစ်တဲ့အခါ ပြောတယ်ပေါ့နော။ အမလေး၊ စိတ်ပိန်လိုက်တာ၊ ပြော လိုက်ရတာ မောလိုက်တာ။ ပိန်တယ် ဆိုတာက လေပူဖောင်းတစ်ခုကို မြင်ကြည့်လိုက်ပါလေ။ လေပြည့်နေ တာကို ဖောင်းနေတယ်လို့ပြောပြီး လေလျော့သွားတာကို ပိန်တယ်လို့ ပြောတယ်မဟုတ်လား။ ဒါဆိုလေရှိ နေတာကဖောင်းတယ်။ လေမရှိတာ က ပိန်တယ်ပေါ့နော်။

ဒီလိုပဲပေါ့။ မိမိတို့ရဲ့စိတ်ထဲမှာ စိတ်များစွာဖြစ်နေတာနဲ့ စိတ် အနည်းငယ်ဖြစ်နေတာကို စဉ်းစား ကြည့်လိုက်ပါ။ အများအားဖြင့်တော့ လိုချင်စိတ်တွေများပြီး အလိုမကျတဲ့ အခါ စိတ်ပိန်တယ် ပြောတတ်တာ လေ။ အမှန်က စိတ်တွေပြည့်နေ တာပါ။

‘ဝ’လို့ ‘လှ’လို့ပါလားလို့ ပြော တတ်ပေမယ့် စိတ်ကိုဆင်ခြင်ကြည့် တဲ့အခါမှာတော့ မေတ္တာစိတ်ပြည့် တာကလွဲရင် တခြားစိတ်တွေပြည့်နေ ရင် မလှတော့ပါဘူးလေ။ ဒေါသစိတ် များတဲ့အခါ ရုပ်ဆိုးစေတယ်။ လော ဘစိတ်များတဲ့အခါ ရွံ့မုန်းစရာ ကောင်းတယ်။ မောဟစိတ်တွေ ဝေတဲ့အခါ ရုပ်ကိုညှိုးစေတယ်ပေါ့။ ဒီလိုဆိုတော့ကာ စိတ်ပိန်တဲ့အခါ လှပြီး စိတ်ဝ (များ)နေတော့ မလှ ဘူးပေါ့နော်။
လောဘ၊ ဒေါသ၊ မောဟ စိတ် တွေများနေရင် ယေဘုယျအားဖြင့် ရုပ်ဆိုးစေပြီး မေတ္တာ၊ ကရုဏာ၊ မုဒိ တာ၊ ဥပေက္ခာစိတ်တွေ များရင်တော့ လှစေတယ်ပေါ့လေ။ ဒီတော့ကာ စာဖတ်ပရိသတ်တို့ရေ။ လိုချင်စိတ် တွေနဲ့ စိတ်ပိန်တာက မကောင်းဘူး။ ပြောရရင်တော့ လောဘ၊ ဒေါသ၊ မောဟတွေများပြီး စိတ်’ဝ’ နေရင် လည်း မကောင်းဘူး။ မိမိတို့ရဲ့ ရုပ်လေးလှစေဖို့ ဘယ်လိုစိတ်တွေနဲ့ ပြည့်ရမလဲ ဆင်ခြင်ပေါ့လေ။ ဒီနေ့ ခေတ်လောကကြီးက စိတ်ကြောင့် ရုပ်မလှစေတာတွေ များနေပြီပေါ့။ လှချင်ရင်တော့ မေတ္တာနှင့်ယှဉ် သုံးသင့်သည်မှာ စိတ်ပိန်ခြင်းကင်း၊ အလှတွေဆင်းလာလိမ့်မယ်ပေါ့။

စိတ်ကောက်သူ
တစ်နေ့ သူငယ်ချင်းတစ် ယောက် သူ့မမက စိတ်ကောက်လို့တဲ့။ ချော့နေရတယ်ပေါ့။ စိတ်အကြောင်း ဆင်ခြင်ရင်း ကြားမိတော့ ‘စိတ် ကောက်ခြင်း’ဆိုပြီး ခွဲခြားဆင်ခြင် တွေးတောနေမိပြန်တယ်။ အင်း။ ရိုးရိုးမတွေး ဆန်းဆန်းတွေးကာ ချစ် ပရိသတ်စာဖတ်သူကို အလုပ်ပေး လိုက်ဦးမယ်ပေါ့။ တစ်ယောက်နှင့် တစ်ယောက် တစ်ခုခုအလိုမကျရင် စိတ်ကောက်တယ်လို့ သုံးတယ်ပေါ့ လေ။ အလိုကျသွားရင် စိတ်ကောက် ပြေတယ်ပေါ့။ အများကဒီလိုပဲ မြင်ကြပါတယ်။

ကောက်တယ်ဆိုတာကို တစ်ခု ခု လွတ်ကျသွားရင်လည်း သုံးပါ တယ်။ ဒီလိုပါပဲ ပညာရေးနဲ့ယှဉ်ပြီး တွေးကြည့်တဲ့အခါမှာ ကြိုးစားကျက် မှတ်နေရင်း အာရုံတွေလွင့်သွားတော့ စာမရတတ်ပါဘူး။ ဒီတော့ လွင့်နေ တဲ့စိတ်တွေ ပြန်ကောက်ယူစုစည်း ပြီး ကျက်မှတ်မှ အောင်မြင်မယ်ပေါ့။ စီးပွားရေးလည်း အလားတူပါပဲ။ မိမိတို့ လုပ်ကိုင်နေဆဲ အလုပ်အပေါ် အာရုံစူးစိုက်မှုနည်းရင် ကျရှုံးတတ် ပါတယ်။ လူမှုရေးမှာလည်း ဆက်ဆံ ရေးနယ်ပယ်မှာ သဘာဝမတူရင် တူအောင်ပြန်ညှိမှ အဆင်ပြေပါ မယ်။ ဒီတော့မှ နယ်ပယ်ကျော်ပြီး လွင့်နေတဲ့စိတ်တွေကို ပြန်ကောက် ကြပေါ့ဗျာ။

စိတ် ကောက်ယူခြင်းကို ထာဝရ အေးငြိမ်းရာ လိုလားသူတို့က ပိုမို လုပ်ဆောင်ရတတ်ပါတယ်။ မိမိတို့ ရဲ့ စိတ်တွေဟာ ရုပ်နာမ်ဓမ္မသင်္ခါရ တရားရှုမှတ်ရင်း လွင့်သွားတတ်ပါ တယ်။ လွင့်နေတဲ့စိတ်တွေကို ပြန်စု စည်းပြီးသကာလ ရုပ်နာမ်တို့ကို လက္ခဏာရေးသုံးပါးနဲ့ ပြန်လည် ဆင်ခြင်ရင်း ထာဝရငြိမ်းချမ်းရာကို အရိယာတို့ ကြွမြန်းနေကြပါတယ်။အောင်မြင်မှုလိုချင်ရင် လွင့်နေတဲ့ စိတ်ကို ပြန်ကောက်ကြပါ။

စိတ်ပျက်တယ်
လိုချင်တဲ့ပန်းတိုင်မရောက်ရင် စိတ်ပျက်တယ် ညည်းညူတတ် ပါတယ်။ အင်ဂျင်နဲ့ အသုံးပြုရတဲ့ ပစ္စည်းတွေပျက်ရင်ခရီးဆုံး မရောက် တတ်ဘူးလေ။ ဒီလိုပါပဲ၊ ဒီလိုပါပဲ စိတ်ပျက်အားလျော့နေရင်လည်း လိုရာမရ၊ လိုရာမရောက် ဖြစ်တတ်ပါ တယ်။ စက်တွေပြင်သလို စိတ်တွေကို လည်း ပြင်ရပါမယ်။ ဒေါသကြောင့် စိတ်ပျက်စီးမှု ကြုံခဲ့ရင် မေတ္တာတရား နဲ့ အစားထိုးပြုပြင်မယ်။ မောဟ တရားကြောင့်ဆိုရင် ဆင်ခြင်သုံးသပ် ခြင်း ပညာနဲ့ ပြုပြင်မယ်။ လောဘ ကြောင့်ဆိုရင်တော့ ပေးကမ်းလှူဒါန်း ခြင်းနဲ့ ပြုပြင်ရမယ်ပေါ့။ တဖြည်း ဖြည်း ပြုပြင်သွားရင် ဖြစ်နိုင်ပါတယ်။

စက်တွေလုံးဝပျက်စီးခြင်း မဖြစ် ရအောင် မပျက်ခင် ဂရုစိုက်ပေး ရပါတယ်။ ဒီလိုပါပဲ စိတ်တွေ ပျက် တာမများအောင်လည်း သတိတရား လက်ကိုင်ထားရပါမယ်။ လောဘ၊ ဒေါသ၊ မောဟတရားများ မကြီးစိုး ခင် သတိချွန်းနဲ့ အုပ်နိုင်ပါက စိတ် အပျက်အစီး နည်းမယ်ပေါ့။ စိတ်မ ပျက်အောင် သတိဆောင်က အဆုံး ခရီး ရောက်မယ်ပေါ့လေ။

စိတ်ချမ်းသာတယ်၊ စိတ်ဆင်းရဲတယ်
ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်ရ ချင်တာတွေ ကိုယ်စားချင်တာတွေ ရတဲ့အခါမှာ စိတ်ချမ်းသာတယ်။ မဖြစ်ခဲ့ရင် စိတ်ဆင်းရဲတယ်ပေါ့။ ဒါပေမဲ့ ငွေကြေးအနေနဲ့တွက်ရင် အများကြီးရှိရင် ချမ်းသာတယ်။ မရှိရင် ဆင်းရဲတယ်၊ မွဲတယ်လို့ ဆိုလို တယ် မဟုတ်လား။ ဒါဆိုတော့ မိမိတို့ စိတ်ထဲမှာ ဖြစ်ချင်တာ၊ ရချင်တာ များနေရင် စိတ်တွေချမ်းသာနေ တယ်လို့ ပြောရင်မှားတယ် ပြော မလား။ အဲလိုစိတ်တွေ သိပ်မရှိရင် စိတ်တွေဆင်းရဲနေတယ်ပေါ့။

လောကသဘာဝက စိတ်ချမ်း သာရင်ကောင်းတယ်။ စိတ်ဆင်းရဲ ရင်မကောင်းဘူးပေါ့လေ။ စာရေး သူမြင်ကြည့်လိုက်တော့ စိတ်တွေ ချမ်းသာနေတာက လူကိုပင်ပန်း စေပြီး စိတ်တွေဆင်းရဲတဲ့အခါ လူက အေးချမ်းနေပါတယ်။ ဒီလိုပါပဲလေ လောကကြီးက လွတ်မြောက်ချင်ရင် စိတ်ဆင်းရဲမှ ဖြစ်နိုင်ပါလိမ့်မယ်။ လောဘစိတ် ချမ်းသာနေမယ်ဆိုရင် လက်ရှိမှာလည်း စိတ်ကိုပူလောင် စေသလို၊ သံသရာဝဋ်ဆင်းရဲက လည်း မလွတ်နိုင်ဘူးပေါ့။ အဆိုးဆုံး ဆိုရင် ပြိတ္တာဘဝကို ရရှိစေပါလိမ့် မယ်။

ဒေါသစိတ် ချမ်းသာနေမယ်၊ များနေမယ်ဆိုရင် လက်ရှိပူလောင် တတ်တာ လူတိုင်းလိုလိုသိပါတယ်။ သံသရာမှာတော့ ငရဲကို ကျရောက် နိုင်တယ်ပေါ့။ ဒေါသကြီးရင် လောက သဘာဝရဲ့ အချုပ်အနှောင်မှာလည်း မိနိုင်တယ်လေ။ မောဟတွေဝေတတ် တာကတော့ လက်ရှိဘဝအတတ် ပညာများစွာကို လက်လွှတ်ရပါလိမ့် မယ်။ မောဟချမ်းသာခြင်းအကျိုးဟာ သံသရာတစ်ကွေ့မှာ အိပ်စား၊ ကာမ သာနားလည်တဲ့ တိရစ္ဆာန်ဘဝကို လားရောက်စေပါတယ်။

စိတ်အကြောင်းကို တွေးတော ဆင်ခြင်မယ်ဆိုရင် ကုန်နိုင်မယ် မထင်ပါဘူးလေ။ စာရေးသူရဲ့ အနည်းငယ်သော တွေးတောဆင်ခြင် မှုလေးတွေကို ဖတ်ရှုပြီး များများ တွေးတော ဆင်ခြင်စေချင်ပါတယ်။
ဆန်းကြယ်သော အာရုံများကို သိခြင်းသဘောရှိသော စိတ်ကိုဆင် ခြင်ပြီး ကောင်းမွန်စွာ အသုံးချနိုင် မယ်ဆိုရင် လောကီအကျိုးကျေးဇူး များ များနိုင်သလို သံသရာရဲ့ ပြတ် လမ်း၊ ဖြတ်လမ်းများကိုလည်း မြင်နိုင် ပါလိမ့်မယ်။ ဒါကြောင့် သေချာစွာ ဆင်ခြင်နေထိုင်ကြပါလို့။
စိတ်ကိုနိုင်အောင် မောင်းနှင် နိုင်ကြပါစေ။

အရှင်စိတ္တဒီပ (ရွှေတောင်ဦး)


LEAVE A REPLY

Please enter your comment!
Please enter your name here