နတ်မျက်စိ၏ မှတ်စုများ -၉

0
257

a

ဗြဟ္မာမင်းအပေါင်း၊ နတ်မင်း အပေါင်းတို့၏ အစောင့် ရှောက်ခံ မြန်မာနိုင်ငံကို နတ် မျက်စိ သည် တစ်ရံမလပ် စောင့်ကြည့်လေ့ လာနေရ၏။ မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်၊ သယံဇာတ ကြွယ်ဝသော်လည်း (ဘာကြောင့် မှန်းမသိ) ဆင်းရဲနေရှာ၏။ လုပ်နိုင် ကိုင်နိုင်သော အလုပ်အင်အားစုတွေ ရှိကြသော်လည်း (ဘာကြောင့်မှန်း မသိ) ထိုသတ္တဝါတွေက အိမ်နီးချင်း နိုင်ငံတွေဆီမှာ ‘မအေကျော်၍ ဒွေး တော်လွမ်း’သလို၊ အလုပ်သွား လုပ်နေကြသည်။ သီးနှံစိုက်ပျိုးရန် သင့်တော်သော လယ်ယာမြေဧက ပေါင်းများစွာရှိသော်လည်း (ဘာ ကြောင့်မှန်းမသိ) ထိုမြေများသည် စက်မှုဇုန်များအဖြစ် ပြောင်းလဲနေ ကြသည်။

“အိမ်း … ဘယ်လိုမဆို ရွှေ မြန်မာများဟာ လူတစ်ကိုယ်၊ မိုဘိုင်း ဖုန်းတစ်လုံး၊ တရုတ် မော်တော်ဆိုင် ကယ်တစ်စီးနဲ့ အလွန်ဟန်ကျတဲ့ ဘဝကို ရောက်နေပါပြီလေ။ အဲ ဂလောက် အဆင့်ရှိနေမှတော့ ရှေ့ ရေးဘာပူ စရာများရှိမှာတုန်းကွယ်” ဟု နတ်မျက်စိက ဆင်ခြင်နှလုံးသွင်း မိပြန်လေသည်။

“အံမယ် ကြည့်စမ်း ရွှေမြန်မာ များ လူနေမှုအဆင့်မြင့်လာလိုက် တာများ မိုးလင်းတာနဲ့ တီးဟောက်(စ်) တွေမှာ အခန့်သားထိုင်ကြလို့။ ပတ္တမြားနီစီးကရက်တွေ ခဲကြလို့ပေါ့။ ပေါ့ဆိမ့်၊ကျဆိမ့်တွေ အရသာခံ ကြလို့။ အရင်လို ထမင်းကြမ်းနဲ့ ပဲပြုတ်ဆီဆမ်းကို လှည့်မကြည့်ကြ တော့ဘူး၊ ဟူး ဟူး”

နတ်မျက်စိသည် သက်ပြင်းပူ တွေ မှုတ်မိပြန်၏။နတ်မျက်စိသည် တောင်ကြည့်၊ မြောက်ကြည့်လျှောက် ငေးနေရာမှ တစ်နေရာမှ မီး တောက်မီးလျှံနှင့် မီးခိုးလုံးကြီးများ ကို မြင်မိကာ ဒိတ်ခနဲ ရင်ခုန်သွား မိသည်။

“ဟင် … မိုးရာသီမှာတောင် မီးကလောင်သတဲ့လားဟ။ လူတွေက အတော်ပေါ့ဆနေကြပါလားကွယ်ရို့” ဟု နတ်မျက်စိက စိတ်ပျက်လက်ပျက် ညည်းညူပြန်သည်။ ထို့နောက် မီး တောက်ကြီးတွေ ဟုန်းဟုန်းထနေ သည့်နေရာသို့ နတ်တို့၏တန်ခိုးဖြင့် တမဟုတ်ချင်း ရောက်ရှိသွားသည်။

သေချာကြည့်မှ မီးလောင်ခြင်း မဟုတ်။ ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးမျိုးစုံကို မီးပုံရှို့နေခြင်းဖြစ် ကြောင်း သိလိုက်ရသည်။ သို့သော် နတ်မျက်စိစိတ်သက်သာရာ မရပြန်။

“ဒီလိုတစ်ပုံတစ်ခေါင်းကြီး မိ တယ်ဆိုရင် လွတ်သွားတာက အခု မီးရှို့ခံရတာထက် အဆများစွာ ကြီး မားပေမှာပေါ့”ဟု နတ်မျက်စိက ထင်ရာမြင်ရာတွေးသည်။

“ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ ဟာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး ဝါး အလွဲသုံးစားမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ် ပါတယ်။ အခု ကျွန်တော်တို့မီးရှို့ ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၃ သန်းဖိုးရှိပါတယ်ခင်ဗျား”ဟု တာဝန် ရှိသူတစ်ဦးက အသံချဲ့စက်ဖြင့် အော်ဟစ်ကြေညာနေသည်။

“အံမယ်လေး နှမြောစရာကြီး ပါလား ဘမသ++ဟု ပရိသတ်ထဲမှ ပိန် ညှောင်ညှောင်လူငယ်တစ်ယောက် က မြည်တမ်းသည်။
“ပြီးခဲ့တဲ့တစ်နှစ်အတွင်း မူးယစ် ဆေးဝါးမျိုးစုံ၊ အမျိုးအစား ၃ဝ အထိ ဖမ်းမိသိမ်းဆည်းနိုင်ခဲ့ပါတယ် ခင်ဗျား”ဟု ကြေညာသူက တက်ကြွ စွာ အော်ဟစ်ပြန်သည်။

“ဘုရား ဘုရား ကြောက်ခမန်း လိလိပါကလား”ဟု လူတစ်ယောက် က ရေရွတ်၏။

“နည်းပညာတွေ တိုးတက်လာ လေလေ ဝိသမလောဘသမားတွေက အသစ်အဆန်းတွေ တွေ့ရှိလာလေ လေပဲကွ။ နောက်နှစ်ပေါင်း ၅ဝ လောက်ကြာရင် မူးယစ်ဆေး အမျိုး ပေါင်း ၁ဝဝလောက်တောင် ဖြစ်မ လာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ငရို့ တိုင်းပြည်မယ် နှိမ်နင်းတဲ့ကြား က မူးယစ်ဆေးအမှုတွေ တိုးပွားလာ နေတာ ဘာကြောင့်လဲ။ ဘယ်သူ တရားခံအစစ်လဲ”ဟု အခြားလူတစ် ယောက်က ဒေါသတကြီး မေးခွန်း ထုတ်လာသည်။

ထိုသို့ရှိစဉ် သတင်းထောက် တစ်ဦးနှင့်တူသော သက်လတ်ပိုင်း လူရွယ်တစ်ဦးက ကင်မရာလွယ်ထား ရင်း စောစောကစကားပြောနေသူ နှစ်ဦးအနီးသို့ တိုးကပ်လာသည်။

“မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက် ဆီးတဲ့အပေါ် ဘမသ တို့ရဲ့ အမြင်သ ဘောထားကို သိချင်ပါတယ်”ဟု ပြောရင်း သတင်းထောက်က အသံ ဖမ်းစက်ကလေးကို ဖွင့်လိုက်သည်။

“ကျုပ်တို့အမြင်သဘောထား ကတော့ ခရစ်တော်မပေါ်ထွန်းမီ နှစ်ပေါင်း ၁ဝဝဝလောက်ကတည်းက ပေါ်ထွန်းခဲ့တဲ့ ဘိန်းဆိုတာ ကမ္ဘာကြီး ပျက်စီးသွားတဲ့အထိ တည်ရှိနေဦး မှာပဲဗျ။ ဘာပြုလို့လဲဆိုရင် သူက ဆေးဖက်ဝင်ပစ္စည်းဖြစ်နေတာကိုး။ ဘိန်းကထုတ်တဲ့ မော်ဖင်းလောက် ဒဏ်ရာသက်သာတဲ့ ဆေးဝါးမရှိသေး လို့ပါပဲ။ ဒါပေမဲ့ ဘိန်းက နှစ်ဖက်လွှ ဖြစ်နေတယ်။ လူ့အသက်ကို စောင့် ရှောက်ရင်း တခြားတစ်ဖက်မှာ လူ သားတွေ မျိုးတုံးအောင် ကမ္ဘာ လောကကြီး ပျက်စီးအောင် ပြစ်မှု တွေ ကျူးလွန်နေတယ်။ ကျွန်တော်တို့ ဟာ သားဆိုးတစ်ယောက်မွေးမိတဲ့ မိခင်လိုဖြစ်နေပြီး စွန့်ပစ်ရလည်း အခက်၊ မွေးထားရလည်း အခက်”

“ဒီမယ် သတင်းထောက်ကလေး၊ မင်း မသေမချင်းမှတ်ထား၊ မူးယစ် ဆေးဝါးစီးပွားရေးဟာ ကမ္ဘာပေါ်မှာ အမြတ်အစွန်းအများဆုံးပဲ။ လက် နက်ကုန်သည်တို့၊ ရတနာကုန်သည် တို့ထက် ဘိန်းကုန်သည်က ဝင်ငွေ အပုံကြီးသာတယ်။ အဲဒါမှတ်ထား လိုက်”ဟု အခြားလူတစ်ယောက်က ဝင်ပြောလာသဖြင့် ပထမလူနှစ် ယောက်ကော၊ သတင်းထောက် ကလေးပါ အံ့အားသင့် သွားကြသည်။

” Bro က မူးယစ်ဆေးဝါး စီး ပွားရေးကို ထောက်ခံပါသလား”ဟု သတင်းထောက်ကလေးက လျှပ်တစ် ပြက် မေးခွန်းထုတ်လိုက်သောအခါ ထိုလူသည် ရွှေသွားတွေပေါ်အောင် ပြုံးလိုက်ကာ ..

“အို သိပ်ထောက်ခံတာပေါ့။ ငါက စီးကရက်အေးဂျင့်ပဲဟာ။ ငါ့ဆီ မှာ ဘရန်း(ဒ်)အစုံရှိတယ်။ မြန်မာ နိုင်ငံမှာထုတ်လုပ်တဲ့ စီးကရက်တွေ ရှိတယ်။ တရုတ်ပြည်မှာလုပ်တဲ့ အမေရိကန်စီးကရက်မျိုးစုံရှိမယ်။ မင်းကြိုက်တာပြော။ ဟိုးအဝေးကြီး နယူးဇီလန်ကလာတဲ့ စီးကရက်တောင် ရှိတယ်”ဟု ပြောရင်း စီးကရက် တစ်လိပ်ကို မီးညှိဖွာရှိုက်နေသည်။

” Bro ပြောပုံက မူးယစ်ဆေး ဝါးနဲ့ စီးကရက်သောက်သုံးခြင်းဆက် စပ်နေတယ်လို့ ရည်ညွှန်းတာလား ခင်ဗျ”

ထိုအခါ စီးကရက်အရောင်း ကိုယ်စားလှယ်(အေးဂျင့်)ဆိုသော ကို ရွှေသွားသည် ဝါတာတာ မျက်နှာ ထားမှ နီမြန်းသောမျက်နှာထားသို့ ပြောင်းလဲသွားသည်။ သတင်း ထောက်ကလေးကို ဆွဲထိုးတော့ မည်ကဲ့သို့ ရှေ့သို့တိုးသွားသည်။ သတင်းထောက်ကလေးက ပါးနပ် စွာ နောက်သို့ဆုတ်လိုက်သည်။

“ဟေ့ကောင် မင်းမှတ်ထား၊ ငါ ဟာ ကမ္ဘာပေါ်မှာ ဘိန်းစစ်ပွဲဆိုတာ ကို အစောဆုံးဆင်နွှဲခဲ့တဲ့ နိုင်ငံက ဆင်းသက်ပေါက်ဖွားခဲ့တဲ့သူကွ။ မူးယစ်ဆေးဝါးဆိုရင် အမုန်းဆုံးပဲ”

“ကျွန်တော်မေးတာကို ဖြေပါ ဦး။ မူးယစ်ဆေးဝါးနဲ့ စီးကရက် ဆက်စပ်နေပါသလား”

“မင်းကငါ့ကို ပြဿနာရှာတာ လား ဟင်”

ထိုပုဂ္ဂိုလ်နှစ်ယောက် ထိုးကြ ကြိတ်ကြတော့မလို ဖြစ်နေစဉ် နတ် မျက်စိလည်း အားလုံးကို ပေယျာ လကန်ပြုကာ မျက်နှာလွှဲ လိုက်တော့ ၏။

“အင်း မီးစတစ်ဖက်၊ ရေမှုတ် တစ်ဖက်၊ မီးစတစ်ဖက်၊ ရေမှုတ် တစ်ဖက်” ရည်ရွယ်ချက်မရှိဘဲ နတ်မျက်စိ သည် ပါးစပ်ထဲတွေ့ရာ လျှောက်ရွတ် နေမိလေ၏။

ကြူးနှစ်


LEAVE A REPLY

Please enter your comment!
Please enter your name here