မိန်းကလေးတွေ သတိထားပါ၊ ဂရုစိုက်ကြပါ ခိုင်နှင်းဝေ

0
260

khine

သရုပ်ဆောင် ခိုင်နှင်းဝေက ဇူလိုင်လ ၉ ရက်နေ့ မနက် ၆နာရီက  မှာ SSC Woman Center လို့ခေါ်တဲ့ အသားလုံး ခွဲစိတ်ကုသခြင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအသားလုံးက သားအိမ်ရဲ့ အပေါ်ဘက်မှာ ရှိနေတာဖြစ်ပြီး အသားလုံးကို တွေ့ရှိပုံနှင့် ခွဲစိတ်ကုသခြင်း ပြုလုပ်ခဲ့ပုံများကို ခိုင်နှင်းဝေက ….

” ဒီအသားလုံးကို စတွေ့တာကျတော့ အစ်မက ၃ လတစ်ခါ၊ ၆ လ တစ်ခါ Medical Checkout  လုပ်တဲ့အခါကျတော့မှ သွားတွေ့တာ။ အဲဒီတုန်းက အလုံးက(3 cm) လောက်ပဲ ရှိသေးတယ်။ နည်းနည်းသေးတာပေါ့နော်။ အဲဒါကို ဒီတိုင်းပဲ ထားထားရင်းကနေ အနုပညာအလုပ်တွေ၊ ပရဟိတအလုပ်တွေ လုပ်ရင်းနဲ့ အမှုမဲ့အမှတ်မဲ့ နေနေတာ။ နောက်ပိုင်းထပ်စစ်တော့ အလုံးက (7 cm) လောက်ဖြစ် သွားတယ်။

အဲဒီလိုဖြစ်လာတော့ ခွဲစိတ်လိုက်တော့မယ်ပေါ့နော်။ ပြီးတော့ ရေအိတ် ကလည်း ရှိနေတော့ ခွဲစိတ်လိုက်တာပါ။ (7 cm ) ဖြစ်လာတဲ့အချိန်နဲ့ အခုခွဲမယ့်အချိန် က ကြားမှာတစ်လလောက်ကြာသွားသေးတယ်။ တကယ့်တကယ်ခွဲစိတ်တော့ အလုံး က (9.2cm) လောက် ရှိတယ်။ အခုတော့ သက်သာပါတယ်။ ဒီအလုံးကြောင့်လည်း ဘာမှတော့ သိပ်မခံစားရပါဘူး။ ဘာလို့လဲဆိုတော့ အားလုံးက သားအိမ်ထဲမှာ မဟုတ်ဘဲ သားအိမ်အပြင်မှာ ဆိုတော့လေ။ ဆရာဝန်ကလည်း ဒါကင်ဆာ မဟုတ် ဘူး။ ရိုးရိုးအသားလုံးပါလို့ပြောတယ်” လို့ ခွဲစိတ်မှုအခြေအနေနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ခွဲစိတ်မှုပြုလုပ်တဲ့အခါမှာ စိတ်ပူပေး၊ ဆုတောင်းပေးကြတဲ့ ပရိသတ်များ အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ခိုင်နှင်းဝေက ပြောပါတယ်။ ဒီအပြင် ဒီအသားလုံးက မိန်းမတွေရဲ့ သားအိမ်ပတ်ဝန်းကျင်နဲ့ လည်ပင်းတို့မှာ ဖြစ်ပေါ် တတ်တာကြောင့် သတိထားဂရုစိုက်စေချင်ကြောင်း ခိုင်နှင်းဝေက သတိပေးစကား ဆိုခဲ့သေးပါတယ်။ “အခုနောက်ပိုင်း မိန်းကလေးတွေက ဘယ်လိုဖြစ်လဲဆိုတော့ သားအိမ်ထဲမှာ၊ သားအိမ်ပတ်ဝန်းကျင်မှာ၊ ပြီးတော့ လည်ပင်းမှာ အဖြစ်များကြတယ်။ သူတို့က ဘာလက္ခဏာမှလည်း မပြဘူး။ ဒါပေမဲ့ ထွက်လာတဲ့အလုံးမှာဆိုရင် သွေး ကြောတွေ အများကြီးပဲ။ သွေးကြောရှိတဲ့ သဘောက အသက်ရှိတဲ့ သဘောပေါ့နော်။ သစ်ပင်တွေလိုပေါ့။ အသက်ရှိတော့ ပွားတယ်။ အစ်မရဲ့ အလုံးကဆိုရင် အပြွတ် ပုံစံ မျိုး ပွားတာပေါ့နော်။ ကြီးထွားနှုန်းလည်း မြန်တယ်။ မသိဘဲ ဗိုက်ထဲမှာ အကြာကြီး ထားမယ်ဆိုရင် ကင်ဆာအဖြစ် ဖြစ်ကောင်း ဖြစ်နိုင်တယ်ပေါ့နော်။ အဲဒါကြောင့် မိန်းကလေးတွေ သတိထားပါ။ ဂရုစိုက်ကြပါ” လို့ ပြောပြခဲ့ပါတယ်။ ဒီခွဲစိတ်မှုအတွက် နှစ်ပတ်တာအနားယူဦးမှာဖြစ်ပြီး အဲဒီနောက်မှာတော့ အနုပညာအလုပ်များနဲ့ ပရဟိတအလုပ်များကို ပြန်လည်လုပ်ကိုင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ဇင်မာနွယ်