လက်ဝှေ့ထိုးရင် မျက်ရည်မကျပေမယ့် သီချင်းဆိုရင် မျက်ရည်ကျသူ ဘရော်နီကာ

0
288

la3

 

အမြင့်ကိုပျံတက်ဖို့အတွက်ဆိုရင် တောင်ပံတစ်စုံက တကယ်တော့ လိုအပ်လှပါတယ်။ အတောင်ပံ ရိုက်ခတ်မှုအားကောင်းရင် ကောင်းသလို လေဟုန်စီးပြီး မြေပြင်ကရှုခင်းကို ကြည်နူးစရာမြင်တွေ့ရနိုင်ပါတယ်။ လူတစ် ယောက်အတွက်ကတော့ အမြင့်ပျံဖို့ လိုအပ်ချက်တွေက စိတ်ခွန်အားပါ။ အဲဒီ စိတ်ခွန်အားတွေနဲ့အတူ အမြင့်ပျံတက်ဖို့ ဟန်ပြင်နေသူကတော့ မြန်မာ့လက် ဝှေ့မယ်လေးဘယ်ရောနီကာပါ။ ကယန်းတိုင်းရင်းသူလေး ဘယ်ရောနီကာရဲ့ လက်ဝှေ့မယ်ဘဝအစက တကယ်တော့မလွယ်ကူခဲ့လှပါ။

“ငယ်ငယ်ကတည်းက အားကစားဝါသနာပါခဲ့တာပေါ့နော်။ ဖယ်ခုံမှာ ကျောင်းတက်ချိန်ပေါ့။ အားကစားဝါသနာပါတဲ့သူ နာမည်စာရင်းက သွင်းပါဆိုတော့ နာမည်စာရင်း သွားသွင်းခဲ့တယ်။ ကိုယ့်ကိုကြည့်ပြီး မဖြစ်နိုင်ဘူးဆိုပြီး ဆရာမတစ်ယောက်က ပြောခဲ့တော့ အဲဒီအချိန်မှာ စိတ်ဓာတ်ကျခဲ့တယ်။ အဲဒီအချိန်စာသင်ရင်းနဲ့ အားကာက တစ်ယောက်ကခေါ်တယ်။ လက်ဝှေ့ထိုးမလားတဲ့။ ထိုးမယ်ဆိုပြီး ဝါသနာအရနဲ့ လိုက်သွားတာ။ အိမ်က လည်း သဘောမတူဘူး။ စိတ်လည်းမချဘူး။ နေပြည်တော်ဆိုတာ နာမည်ပဲကြားဖူးတာလေ။ ကိုယ်က လည်း ဝါသနာတစ်ခုနဲ့လိုက်သွားခဲ့တယ်။ လက်ဝှေ့လောကထဲစရောက်သွားတော့ အရမ်းကို ခက်ခဲပါ တယ်”လို့ ဘယ်ရောနီကာက သူမရဲ့လက်ဝှေ့မယ်ဘဝအစကို တမ်းတလွမ်းဆွတ်ရင်း ပြောပြခဲ့ပါတယ်။

la2
သူမကလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ့ဂုဏ်ဆောင် Sea Game မှာ ကြေးတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါ တယ်။ ပထမဆုံးပြိုင်ပွဲမှာ ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ပျော်ခဲ့ဖူးတယ်လို့ သူမက ပြောပါ တယ်။ ဒါ့အပြင် ဇွန်လ ၁၆ရက်နေ့က ဂျပန်မှာ လက်ဝှေ့မယ်မိုမိုကိုကို သရေထိုးနိုင်ခဲ့လို့လည်း သူမက အခုထိပျော်နေဆဲပါလို့လည်း သူမရဲ့ပီတိကိုပြောပြခဲ့ပါတယ်။ အခုအခါမှာတော့ ဘယ်ရော နီကာက သူမကိုစိန်ခေါ်သူတွေကို အချိန်မရွေးယှဉ်ပြိုင်ထိုးသတ်နိုင်ဖို့အတွက်လည်း Phoneix လက်ဝှေ့ ကလပ်မှာ အပြင်းအထန်လေ့ကျင့်လျက်ရှိပြီး သူမအနေနဲ့စက်တင်ဘာလ၊ ဂျပန်နိုင်ငံမှာ မိုမိုကိုနဲ့ ပြန်လည်ထိုးသတ်ဖို့လည်း ရှိနေပါတယ်။ သူမကကို နည်းပြအဖြစ် သင်ပြပေးနေသူကတော့ တွေ့မရှောင်၊ တူးတူးတို့လို လက်ဝှေ့ကျော်တွေကို နည်းပြပေးခဲ့ဖူးတဲ့ ဆရာကော့သောင်းအေး ချိုဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမကကြမ်းတမ်းစွာ ထိုးသတ်ရတဲ့လက်ဝှေ့ မယ်လေးတစ်ယောက် ဖြစ်ပေမယ့် ဂီတကိုလည်း ငယ်ငယ်လေးကတည်းက ဝါသနာထုံခဲ့သူတစ်ဦးလည်း ဖြစ်နေခဲ့ပါ တယ်။ မြန်မာအိုင်ဒေါ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးလည်းဖြစ်သလို ဆန်ခါတင် ၂ဝဦး စာရင်းဝင်လည်း ဖြစ်နေခဲ့ပါတယ်။

la
“သီချင်းဆိုတာက ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တယ်။ အိမ်မှာနေလည်း အော်ဆိုတာပါပဲ။ ဘယ်နေရာသွားသွား သီချင်း ကတော့ အော်ဆိုတာပဲ။ အဲဒါနဲ့ဝါသနာပါလို့ မြန်မာအိုင်ဒေါမှာ ဝင်ဆိုတာ။ အတွေ့အကြုံလည်း မရှိခဲ့ဘူး။ လေ့ကျင့်ချိန်လည်း မရှိဘူး။ သွားပြိုင်ခဲ့တာ။ ကံကောင်းခြင်းနဲ့ ဆန်ခါတင်၂ဝဦး စာရင်းအထိရောက်ခဲ့တာပေါ့။ အခုလည်း အားကစားဆော့ရင်းနဲ့ ဒီလောကကနားခဲ့ရင် သီချင်းပဲဆိုသွားမယ်။ သီချင်းကတော့ ကိုယ့်အတွက်သူငယ်ချင်းကောင်းပဲပေါ့။ အဖော်မရှိတဲ့ အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ ကိုယ့်အတွက် သီချင်းအော်ဆိုလိုက် ရင် စိတ်ပြေပျောက်တာပေါ့။ အဆိုတော်ထဲက အရမ်းခရေဇီဖြစ်တဲ့ အဆိုတော်က ဖြူဖြူကျော်သိန်းပေါ့။ သူ့ရဲ့ဆိုပုံ၊ ဆိုနည်း၊သူ့ရဲ့အသံကို အရမ်းကိုနှစ်သက်ခဲ့တယ်”လို့ သူမက ဂီတအပေါ် ခရေဇီဖြစ်မှု ကို ပြောပြခဲ့ပါတယ်။ ဂီတနဲ့ လက်ဝှေ့၊ အနုပညာနဲ့ ကြမ်းတမ်းစွာ ထိုးသတ်ရတဲ့သူမ အတွက် စိတ်နှစ်စရာ ကလည်း တကယ်တော့မလွယ်လှပါ။ အနု၊ အကြမ်းအပေါ် သူမထားရှိတဲ့ စိတ်ခံစား ချက်ကိုတော့ ဘယ်ရောနီကာက..

“လက်ဝှေ့ဘက်သွားလို့ရှိရင်လည်း စိတ်ကတော့ မာထန်ရတာပဲ။ အနုပညာ ဘက်ရောက်တော့လည်း စိတ်က ပျော့သွားရော။ တကယ်လို့ ကိုယ်ကအသံနာနေတယ်။ ဆိုလို့မရဘူးဆိုရင် မျက်ရည်ကသူ့အလိုလိုကျလာရော။ လက်ဝှေ့ထိုးလို့ မျက်ရည်ကျ တာမရှိဘူး။ သီချင်းဆိုရင် မျက်ရည်ကျလွယ်တယ်”လို့ ပြောပြပါတယ်။ တစ်နေ့နေ့မှာ တော့ သူမဝါသနာပါရာ အနုပညာသမားဖြစ်မလား။ လက်ဝှေ့မယ်ဘဝနဲ့ နာမည်ကျော် အားကစားသမားဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မျိုးကျော် (ကနောင်သွေး)၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here