တစ်ယောက်နဲ့ တစ်ယောက် နားလည်နိုင်မယ့် ချစ်သူမျိုးလိုချင်တဲ့ အိချောပို

0
170

Ei-Chaw-Po-(1)အိချောပိုက ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးတဲ့  “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားထဲမှာ အရက်သောက်၊ ဖဲဝိုင်းထိုင်ကာ မူးရူးဆိုး သွမ်းနေတဲ့ ရာကျော်(ထွန်းထွန်း) ရဲ့ ချစ်သူ၊ ပြီးတော့ အချစ် တစ်ခုပဲ ကိုးကွယ်ပြီး ချစ်သူအတွက် မိဘကို ကလန်ကဆန် လုပ်တဲ့ ဖွေးစိန်မ အဖြစ် ပါဝင်သရုပ်ဆောင် ထားတာကို တွေ့ရပါတယ်။ ဇာတ်ကားထဲ မှာတော့ အချစ်တစ်ခုပဲ ကိုးကွယ်ပြီး  ဆိုးသွမ်း တဲ့သူကို လက်ခံခဲ့ပေမယ့် အပြင်မှာဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်နိုင်မယ့် ချစ်သူမျိုးကို လိုချင်ကြောင်း အိချောပိုက…

“အဓိက အရေးကြီးတာက တစ်ယောက်နဲ့ တစ်ယောက် နားလည် နိုင်မယ့်သူမျိုးကို အိချောလို ချင်တယ်။ ဇာတ်ကားထဲကလို ဆိုးနေတဲ့သူကို တွေ့မယ်ဆိုရင်လည်း ကိုယ်ချစ်နေတယ် ဆိုရင်တော့  ပြောလို့မရဘူးပေါ့နော်။ လက်ခံနိုင် လက်မခံနိုင် ဆိုတာကလေ။ အခုလော လောဆယ်မှာတော့ အချစ်ရေးက အေးဆေးပါ” လို့ပြောပြပါတယ်။

အခုရုံတင်ပြသတဲ့ “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့စဉ်က ပင် ပန်းခက်ခဲမှုများ ရှိခဲ့ပုံနဲ့ အမှတ်တရ ရှိခဲ့ပုံများကို အိချောပိုက …
“တစ်ကားလုံး တော်တော်ကို ပင်ပင်ပန်းပန်း၊ ခက်ခက်ခဲခဲနဲ့ကို  ရိုက်ကူးထားရတာပါ။ တချို့အခန်း တွေဆို ဦးဆာမိ ကတောင် စိတ်ပူ တယ်။ မင်းသမီး တွေမလုပ်နိုင်မှာ စိုးတယ်။ တချို့မင်းသမီးတွေ မလုပ် ဘူးပေါ့လေ။ ဒါပေမဲ့ ညီမကတော့ ရတယ်၊ လုပ်ပေး မယ်ဆိုပြီး ကြိုးစား ထားတယ်။ ညီမရဲ့ ကြိုးစားမှုတွေကို ပရိသတ်တွေ ကြိုက်မယ်လို့ ထင်ပါတယ်။ ယုံလည်း ယုံကြည်ပါ တယ်။ ပြီးတော့ ဒီဇာတ်ကား ထဲမှာ အမှတ်တရ ဖြစ်ရတဲ့ အခန်းတွေက တော့ အများကြီးပါပဲ။ ပါးရိုက်လို့ ရေထဲပြုတ်ကျရတဲ့ အခန်း။ အဲဒီ အခန်းမှာဆိုရင် ဦးဆာမိက ရိုးရိုးသမားရိုးကျ မိန်းကလေးတွေ ပြုတ်ကျသလိုမျိုး မကျချင်ဘူး ဆိုတော့ အဲဒါကို အိချောအတတ်နိုင် ဆုံး ကြိုးစားထားတယ်။ အဲဒီ အခန်း အမှတ်တရဖြစ်တယ်။ ပြီးတော့  အဆိပ်သောက်လို့ အဆိပ်ပြေအောင် မန်းကျည်းမှည့်ရည်တွေ ပါးစပ်ထဲ လောင်းထည့်ပြီး လှည်းပေါ်တင် လှည့်တဲ့အခန်း။ အဲဒီအခန်းမှာ ဆိုလည်း မူးလွန်းလို့ လူတောင်ချာချာ လည်သွားတယ်။ အမှတ်တရဖြစ် ရတဲ့ အခန်းတွေ များပါတယ်” လို့ ပြောပါတယ်။

အိချောပိုကို အားပေးကြတဲ့ ပရိသတ်များ ကတော့  ဒီဇာတ် ကားနဲ့ သူ့ကို အကယ်ဒမီ ခန့်မှန်းပေးနေကြပါတယ်။ အခုလို အကယ်ဒမီ မှန်းပေးတဲ့ ပရိသတ်များအပေါ် အိချောပိုက…

“ဒီဇာတ်ကားနဲ့ အကယ်ဒမီ မှန်းပေးကြတဲ့ အိချော ပရိသတ် တွေကို အိချော ကျေးဇူးတင်ပါတယ်။ အိချောတို့လည်း အတတ်နိုင် ဆုံး တော့ ရတဲ့ ဘောင်အတွင်း ကနေ ကြိုးစားထားပါတယ်။ အကယ်ဒမီ ရတာ၊ မရတာကတော့ ကံတရားပေါ့နော်။ အကယ်ဒမီ ဆိုတာက လည်း နတ်ကြီးတယ်ဆို တော့လေ။ ဒီဇာတ်ကားနဲ့ ပတ်သက် ရင်တော့ အားလုံးက ကြိုးစားထားတဲ့  အတွက် ဘယ်သူ့မဆို ရစေချင် ပါတယ်” လို့ထပ်မံပြောပြခဲ့ပါတယ်။ အခု လတ်တလောမှာတော့ အိချောပိုက ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “ဘယ်ဥက္ကဋ္ဌ ကို အချစ်ဆုံးလဲ” ရုပ်ရှင်ဇာတ်ကားကို နေတိုး၊  ကျော်ကျော်ဗို၊ သင်ဇာဝင့်ကျော် တို့ နဲ့အတူ ပြင်ဦးလွင်မှာ သွားရောက် ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here