တောင်ပြုန်းပွဲတော်ကြီး ကျင်းပတဲ့ ပွဲတော်ရက်ကို ပြည်သူလူထု ကျန်းမာရေး၊ လုံခြုံရေးအတွက် ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး H1N1 ရောဂါထိန်းချုပ်နိုင်တဲ့ ကာလအထိ ပွဲတော်ရက်ကို အရေးပေါ်ရက်ရွေ့ ပြောင်းလိုက်တဲ့အတွက် အဆိုပါပွဲတော်ကြီးမှာ ကပြမယ့် စိန်မဟာ သဘင်အနေနဲ့လည်း ပွဲတော်ကြီးပြန်လည်ကျင်းပတဲ့အချိန်ကျမှသာ ပြန်လည်ဖျော်ဖြေ ဖြစ်တော့မှာဖြစ်ပါတယ်။ စိန်မဟာသဘင်အနေနဲ့ ပွဲတော်ကြီးမှာ တောင်ပြုန်းပရိသတ်တွေကို အကောင်းဆုံး တင်ဆက်ကပြနိုင်ဖို့အတွက် ပြဇာတ်တွေနဲ့ အော်ပရာတွေကို ကြိုတင် လေ့ကျင့်ခဲ့တာပဲ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း H1N1 ကူးစက်ရောဂါအန္တရာယ်ကြောင့် ပွဲတော်ကြီးမှာ ကပြဖို့ကို နောက်ဆုတ်လိုက်ရပေမယ့်လည်း ပွဲတော် ကြီး ပြန်လည်ဖွင့်လှစ်တဲ့အခါမှာတော့ ပရိသတ်တွေကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ကပြသွားမှာပါ လို့လည်း စိန်မဟာသဘင်မှ ဇံဟိန်းက ပြောပါတယ်။
“အခုကတော့ အကန့်အသတ်မရှိ ရွှေ့ဆိုင်းတယ်ပေါ့။ တကယ်လို့ ပွဲတော်ကို ပြန်လုပ်ရင်တော့ ကျွန်တော်တို့ ဇာတ်နှစ် ဇာတ်ပဲပေါ့။ ကျွန်တော့်တို့ အနေနဲ့စိတ်ထဲမှာတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိခဲ့ တယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးကြိုးစားပါတယ်။ အမှန်အတိုင်း ပြောရရင် ဒီတောင်ပြုန်းပွဲတော်ကြီးမှာ တကယ်ကို အစီအစဉ်ကောင်းတွေနဲ့ တင်ဆက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့လည်း လုံးဝပိတ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ ရောဂါကို ထိန်းချုပ်နိုင်တဲ့အခြေအနေရောက်ရင် ဒီပွဲတော်ကို ပြန်လုပ်မယ်လို့ ပြောတဲ့အတွက် ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်။ ပွဲတော်ပြန်ဖွင့်ရင်တော့ ကျွန်တော်အနေနဲ့ အကောင်းဆုံး တွေချည်းပဲ ပြန်ပြီးတင်ဆက်ပါ့မယ်”လို့ တောင်ပြုန်း ပရိသတ်တွေအတွက် ဇံဟိန်းက ပြောပါတယ်။
စိန်မဟာသဘင်အနေနဲ့ စစ်ကိုင်းရွာ သစ်ကြီးဘုရားပွဲမှာ သြဂုတ်လ၁၃ရက်နေ့မှ ၁၅ရက်နေ့ အထိ ကပြသွားမှာ ဖြစ်ပါတယ်။ အခုနှစ်တောင်ပြုန်း ပွဲတော်ကျင်းပတဲ့ ရက်မှာ ဇူလိုင်လ ၃၁ ရက်မှ သြဂုတ် လ ၇ ရက်နေ့အထိ ဖြစ်ပါတယ်။
လင်းအက္ခရာ