တို့ရွာက မင်္ဂလာဆောင်

0
584

mingalar

မြန်မာ့ယဉ်ကျေးမှုရဲ့ ချစ် စရာ ရိုးရာဓလေ့ ကျေး လက်မင်္ဂလာပွဲကို မပျက် မယွင်းထိန်းသိမ်းထားနိုင်တဲ့ ကျွန် တော်တို့ရွာကို ညွှန်ပြပေးချင်ပါတယ်။ ကျွန်တော်တို့ရွာကို ပန်းခိုင်ရွာလို့ ခေါ်ပြီး အိမ်ခြေ(၆ဝဝ) ကျော်ရှိတဲ့ ရွာကြီးတစ်ရွာပါ။ ဒိုက်ဦးမြို့နယ်မှာ ပါဝင်ပြီး မြို့ရဲ့အရှေ့တောင်ဘက် (၇) မိုင်ခန့် အကွာမှာ တည်ရှိပါတယ်။ စစ်တောင်းမြစ်ဝှမ်းမြေနိမ့်လွင်ပြင် မှာ တည်ရှိပြီး မိုးအခါမှာ တစ်ကွင်း လုံး ရေလွှမ်းတဲ့အတွက် ပတ်ဝန်းကျင် မှာ ကျေးရွာများနီးနီးနားနားမရှိခြင်းကပင် ဒေသစွဲ (Localism) ကြီးပြီး ရိုးရာဓလေ့ ထုံးစံများကို ရှေးအစဉ် အလာမပျက် ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်မယ် ထင်ပါတယ်။

တစ်မိုးနှောင်းပြီး တစ်ဆောင်း သစ်တဲ့ တပို့တွဲလမို့လည်း မြူမှောင် ဝေကင်းပြီး တစ်ဆုံးတစ်ဆန့် အလင်း ဖြန့်နေတဲ့ ကောင်းကင်ပြင်ကျယ်ကြီး ကြောင့် ပွင့်လင်းခြောက်သွေ့ပြီး အေးမြသာယာလှတဲ့အခါ သမယပါ။ စပါးပေါ်ချိန်၊ ငွေပေါ် ချိန်၊ ငွေစရွှင် တဲ့အချိန် ဖြစ်လို့လည်း အလှူမင်္ဂလာ ဆောင်တွေ များပြားတဲ့ အချိန်ဖြစ်ပါ တယ်။ ဇာတိမြေက အမျိုးရင်းချာတွေ ဖိတ်တဲ့မင်္ဂလာဆောင်မို့လို့လည်း တစ်ခုတ်တရသွားဖြစ်ခဲ့ပါတယ်။

လမ်းဘေးဝဲယာတစ်လျှောက် ငေးမောရလောက်တဲ့ အလှမပျက် သေးတဲ့ ကျေးလက်သဘာဝရှုခင်း များကလည်း လှပတဲ့ပန်းချီကား တစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ တစ်ချိန်က မြအဆင်းဖြင့် စိမ်းလန်း ခြင်း ကမ္ဗလာခင်းကြီး ခင်းထား သလို ဖြစ်ခဲ့ပေမယ့် ယခုအခါ ရိတ်သိမ်းချိန် ဖြစ်လို့ ရွှေအဆင်း စပါးခင်းကြီးများနဲ့ ပဲခင်းများရဲ့ အလယ်မှာ စိမ်းညို့ညို့ အရိပ်ရပင်များ ဝန်းရံထားတဲ့ ကျွန် တော်တို့ ရွာကြီးက ဆီးကြိုလို့နေပါ တော့တယ်။ ရွာထိပ်ကို ဝင်မိပြီ ဆိုရင် ပဲ ပျားပန်းခတ်မျှ လူးလာဆန်ခတ် သွားလာနေကြတဲ့ ကာလသား၊ ကာ လသမီးများကလည်း ကျေးလက်စရိုက် ရိုးရိုးနဲ့ယဉ်ယဉ်ဝတ်စားထား ကြတာမို့ ကျေးလက်ရဲ့ အငွေ့အသက်များကို စတင်ထိတွေ့ ခံစားမိပါတော့တယ်။
ရောင်စုံပန်းရိုင်းကလေးများကို သဘာဝအတိုင်း မြင်တွေ့နေရသလို ပါပဲ။

ရိုးရာမင်္ဂလာပွဲ
လောကစည်းမျဉ်း စည်းကမ်း များ၊ ဥပဒေများနဲ့ ညီညွှတ်ပြီး လွတ်လပ်သော သဘောဆန္ဒ တူညီ ကြတဲ့အတွက် မိန်းကလေးရှင်ရဲ့ မိဘအုပ်ထိန်းသူများကို ကြိုတင် အသိပေးပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနဲ့အညီ မိသား ဖသားပီပီ ခွင့်ပြုချက် တောင်းခံ ရပါတယ်။ သတို့သမီး လောင်း မိဘများက သဘောတူတဲ့အတွက် မင်္ဂလာ နေ့ကောင်းရက်သာ ရွေးပြီး ‘နားဖောက်မင်္ဂလာ’ ဆောင်ရွက် ရပါ တယ်။ မြန်မာ့ယဉ်ကျေးမှုရဲ့ စရိုက် လက္ခဏာ၊ ရိုးရာယဉ်ကျေးမှုရဲ့ ဓလေ့ ထုံးထမ်းအစဥင်္အလာဖြစ်တဲ့ ‘ စေ့စပ် ခြင်း’ ‘ ကြောင်းလမ်းခြင်း’ ‘ မြန်းခြင်း’ မင်္ဂလာကို ရွာဓလေ့အရ ‘ နားဖောက် ခြင်းမင်္ဂလာ’လို့ ဆန်းပြားတဲ့တိုက် ရိုက်အဓိပ္ပာယ်အသုံးအနှုန်းကို ထူးခြားစွာ သုံးထားပါတယ်။

နားဖောက်တဲ့နေ့မှာ သတို့ သားလောင်းက မိစုံဖစုံ သတို့သား အရံနှစ်ယောက်ခြံရံပြီး မင်္ဂလာ အကြီးအကဲများ၊ မိဘ၊ ဆွေမျိုးများနဲ့ သတို့သမီးလောင်း အိမ်ကို သွားရ ပါတယ်။ သတို့သမီးလောင်းကလည်း မိစုံဖစုံ သတို့သမီးအရံ နှစ်ယောက် ခြံရံပြီး မိမိဘက်က မင်္ဂလာအကြီး အကဲများ၊ မိဘ၊ ဆွေမျိုးများနဲ့ အိမ်မှာစောင့်ကြိုနေရပါတယ်။ သတို့ သမီးလောင်း အိမ်ရောက်ပါက သတို့ သားလောင်းဘက်က မိဘမျိုး ရိုး၊ ယဉ်ကျေးဖွယ်ရာ အမူအကျင့် ကိုယ်ရည်ကိုယ်သွေးနဲ့ သာယာချမ်း မြေ့သော မိသားစုကို ဦးဆောင်နိုင်သူ ဖြစ်ကြောင်း တင်ပြအပ်နှံရပါတယ်။ ဖွဲ့သစ်စ အိမ်ထောင်စုအတွက် လိုအပ်သော လယ်၊ ယာ၊ ကျွဲ၊ နွား၊ အိမ်၊ မြေ၊ ပရိဘောဂ၊ ခန်းဝင်ပစ္စည်း အစုံအလင်ကို တစ်ခုချင်း အသေး စိတ် ဖော်ပြပြီး တင်တောင်းရပါတယ်။ ရွှေ၊ ငွေ၊ လက်ဝတ်လက် စားတို့ကို လည်း မင်္ဂလာအုပ်မှာ လှပစွာ ထည့် ပြီး၊ မင်္ဂလာဧည့် ပရိသတ်ရှေ့မှာ ကိုယ်ထိလက်ရောက်ပေးအပ်ရပါ တယ်။ သတို့သမီး လောင်းဘက်က လည်း လူမှုကျင့်ဝတ်ပိုင်း၊ လိမ္မာယဉ် ကျေးမှု၊ အိမ်ထောင်ထိန်းသိမ်းနိုင် စွမ်းနဲ့ မြန်မာအမျိုးသမီးတို့ရဲ့ မြတ် နိုးဖွယ်ရာများကို အပြန်အလှန်ဖော် ပြအပ်နှံပြီး မင်္ဂလာဧည့်ခံပွဲနေ့ ကောင်းရက်မြတ်ကို ရင်းနှီးချစ်ခင်စွာ ရွေးချယ်သတ်မှတ်ကြပါတယ်။ စေ့စပ် နားဖောက်ပြီးပါက မင်္ဂလာအကြီး အကဲတစ်ဦးက တန်ဖိုးရှိလှတဲ့ လမ်း ညွှန်ဆုံးမစကားပြောကြားပြီး ရာသက်ပန် ရိုးမြေကျပေါင်းဖက်နိုင် ကြစေဖို့ မင်္ဂလာဆုမွန်စကားတောင်း ပေးခြင်းဖြင့် အတိုင်းမသိမင်္ဂလာရှိ လှတဲ့ ကာလလေး ဖြစ်သွားပါတယ်။ ဤအခိုက်အတန့်လေးမှာ မိသားစု နှစ်စုထပ်တူပြုကြပြီး ချစ်ကြည် ရင်း နှီးကြ၊ ဆုံးမခွင့်ရကြ၊ နာယူ မှတ်သား ခွင့်ရကြတဲ့ မေတ္တာနယ်မြေလေး ဖြစ် နေပါတယ်။

နားဖောက်မင်္ဂလာ ကျင်းပပြီး နောက် ယဉ်ကျေးပျူငှာသော မြန်မာ တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုအရ ဆွေမျိုး မိတ်သင်္ဂဟများနဲ့ မင်္ဂလာဧည့် ပရိသတ်တို့ရဲ့ အသိအမှတ်ပြုမှုကို ခံယူရင်း မင်္ဂလာစားသောက်ဖွယ်ရာ များဖြင့် တည်ခင်းဧည့်ခံပြီး နား ဖောက်မင်္ဂလာ အခမ်းအနားကို ရင်း နှီးချစ်ခင်စွာ ပြည့်စုံပြီးမြောက်ကြပါ စေတယ်။

နားဖောက်တဲ့ နေ့မှနောက်၅ ရက်အတွင်း ‘မင်္ဂလာဧည့်ခံပွဲနေ့’ သတ်မှတ်ပါတယ်။ နားဖောက်သည့် နောက်နေ့ကစပြီး ဧည့်ခံမဏ္ဍပ်ထိုး ခြင်း၊ ထမင်းစားရုံထိုးခြင်းကို ရွာကာ လသားများက ဆောက်လုပ်၍ ကာလ သမီးများက ထမင်းဟင်းများ ချက် ပြုတ်ပြင်ဆင်ပြီး ကာလသားများကို ဧည့်ခံကျွေးမွေးရပါတယ်။

မင်္ဂလာဧည့်ခံပွဲ အဝင်နေ့ကို ဧည့်ခံပွဲနေ့ထက် တစ်ရက်စောပြီး ‘ပန်းကမ်းနေ့’ (ဖိတ်စာဖိတ်နေ့)သတ်မှတ်ကာ ကာလသမီးများက ဝတ်ကောင်းစားလှများ ဝတ်ပြီး ငွေဖလားများတွင် ဖိတ်စာများ၊ ပန်း ခက်များထည့်ပြီး အိမ်တိုင်ရာရောက် ဖိတ်စာလိုက် ကမ်းပါတယ်။ အိုးစည် ဒိုးပတ်တွေနဲ့ တီးမှုတ်ကခုန်ကာ စီတန်းကာဖိတ်ရပါတယ်။ မိန်း ကလေးများက ဖိတ်စာတစ်စောင် ကမ်းတိုင်း ပန်းတစ်ခက် ကမ်းပါတယ်။ ယောက်ျားလေးများက စီးကရက် ကမ်းကြပါတယ်။ လူပျိုအပျို ပြပွဲ လည်း ဖြစ်နေပါတယ်။ ဖိတ်စာကမ်း ပြီးနောက် သတို့ သားအိမ်မှ ကုတင်၊ ဘီဒို၊ မှန်တင်ခုံ၊ အိုး၊ ခွက်၊ ပန်းကန် များကို ကာလသားများက ထမ်းကြပြီး ကာလသမီးများက အိပ်ရာခန်းဝင် ပစ္စည်းများ၊ သနပ်ခါး၊ ကျောက်ပျဉ် များကို ရွက်ပြီး သတို့သမီးအိမ်ကို စီတန်းပြီး တစ်ပျော်တပါး ပို့ကြပါ တယ်။ သတို့သမီးအိမ် အရောက်မှာ ပစ္စည်း များကို မချနိုင်ရန် ခင်မင်ရင်း နှီးသူများက မင်္ဂလာရွှေကြိုးများဖြင့် ကြိုတားကြပါတယ်။ သတို့သား မိဘ များက တောင်ဆိုသည့် ငွေကြေး လက်ဆောင်များကို ညှိနှုင်းပြီး ရွှေကြိုးအတားကို ဖယ်ရှားကြပါ တယ်။ ထို့အတူ မင်္ဂလာပရိဘောဂ၊ ခန်းဝင်ပစ္စည်းများ ထမ်းရွက်ကြ သူများကလည်း ပစ္စည်းများမချဘဲ နေကြသဖြင့် သတို့သားဘက်က ကျေနပ်အောင် ညှိနှိုင်းပြီးပစ္စည်းများ ကို နေရာချကြပါတယ်။

လေနုအေးလေးများနဲ့အတူ တရိပ်ရိပ် ငုပ်လျှိုးတော့မယ့် နေမင်း ကြီးရဲ့ ရဲရဲတောက် အပြုံးကလည်း အခုအချိန်မှာ သာယာအေးမြခြင်းရဲ့ ရှေ့ပြေး ဖြစ်နေပါတယ်။ အာကာ တစ်ခွင်လုံးလည်း မြူတိမ်ကင်းပြီး လင်းနေတဲ့ နေခြည်နွေးနွေး ညနေ ခင်းလေးဖြစ်နေပါတယ်။ ဝေယံဟင်း လင်းပြင်က ထွက်ပြူလာတဲ့ လပြည့် ဝန်းကြီးကလည်း တဖြည်းဖြည်း ဝင်းပလာနေပါပြီ။ မင်္ဂလာခန်းဝင် ပစ္စည်းများကို ပြင်ဆင်နေကြတဲ့ မိစုံဖစုံ အပျိုစင်တစ်သိုက်ကလည်း လှပတဲ့အပြင် အဆင်များကြောင့် လပြည့်ဝန်းကြီးနဲ့အပြိုင် အပြုံးပန်း တွေ မြိုင်နေပါတယ်။ ဒီနေ့အဖို့ အပျို လူပျိုအားလုံး အပျော်ဆုံး ဖြစ်နေကြ ပါတယ်။

မင်္ဂလာဧည့်ခံပွဲနေ့
ဧည့်ခံပွဲနေ့ နံနက်အရုဏ် တက်ချိန်တွင် မင်္ဂလာဦးဆွမ်းကျွေးကို သတို့သမီးအိမ်မှာ လှူဒါန်းကြပါ တယ်။ ခြောက်သွေ့ရာသီဖြစ်လင့် ကစားလမ်းဘေးဝဲယာအရိပ် ရပင် တန်းများ၊ အပင်ချင်းဆက် အရိပ်ချင်း ဆက် နေကြတဲ့အတွက် သာသာယာ ယာ မင်္ဂလာအချိန်အခါပဲ ဖြစ်ပါ တယ်။ ရိုးရှင်းလှတဲ့ ကျေးလက် ရိုးရာ ဝတ်စားဆင်ယင်မှု များ၊ ယဉ်ကျေး သိမ်မွေ့လှပတဲ့ ဟန်ပန်အမူအရာများ နဲ့အတူ အလှချင်းပြိုင် ဝတ်စားလာ ကြတဲ့ အပျိုတစ်သိုက်ကလည်း ဧည့်ခံ မဏ္ဍပ်ရဲ့အဝင်ဝမှာ လှပစွာ စုဖွဲ့နေရာ ယူရင်း မင်္ဂလာလက်ဖွဲ့ပစ္စည်းများကို ပျူငှာစွာ လက်ခံနေကြပါတယ်။ လူပျို ကာလသား တစ်သိုက်ကလည်း အပြိုင်အဆိုင်ကူညီဖို့ ပိုးပန်းဖို့ ဝန်းရံ နေကြပါတယ်။ ဧည့်ခံမဏ္ဍပ်အတွင်း ကာလသား၊ ကာလသမီးဟူ၍ နေရာ ခွဲခြားထားပြီး မိမိတို့ အုပ်စုအလိုက် ကွမ်းအစ်၊ ဆေးလိပ်၊ လက်ဖက်စုံ၊ ရေနွေးကြမ်းစသည့်ဖြင့် ဧည့်ခံကြပါ တယ်။ ထမင်းစား လက်မှတ်များ ကိုလည်း အရောင်တွေနဲ့ ခွဲခြားဝေ ငှပြီး ပြန်ကြားရေးမှ ကြေညာသော အရောင်အသုတ်အလိုက် ထမင်း စားရုံကို သွားစားရပါတယ်။ မိန်း ကလေး၊ယောက်ျားလေး၊ ကလေး ဆိုပြီး သတ်မှတ်ခွဲခြားထားပါတယ်။ စားပွဲခုံပေါ်တွင် အလယ်တိုင် ဟင်းချို ပန်းကန်ကြီး တည်ထားပြီး ပတ်လည် မှာ အသားဟင်း၊ဟင်းရံများ၊ အသုပ် စုံနဲ့ အတို့အမြုံ့များကို မပြတ်တမ်း လိုက်ထည့်နေတဲ့အတွက် လူတိုင်း စိတ်ကြိုက် အဝစားကြရပါတယ်။ ထိုနေ့အဖို့ ရွာလုံးကျွတ်မီးခိုးတိတ် နေ့လို့ ပြောစမှတ်ပြုကြပါတယ်။ ထမင်းရေချောင်းစီး မောင်း တီးကျွေး မွေးတယ်လို့ ဆိုကြပါတယ်။ ပစ္စည်း ဥစ္စာဓန ပိုင်ဆိုင်မှုအလိုက် မင်္ဂလာ တင်တောင်းတဲ့ ပစ္စည်းတန်ဖိုးနဲ့ အကျွေးအမွေးတို့အနည်းအများ ပြောင်းလဲနိုင်ပေမယ့် မင်္ဂလာအစီ အစဉ်များမှာ တူညီနေကြပါတယ်။ နံနက်မိုးလင်းတာနဲ့ ဝင်လာမစဲ တသဲ သဲဧည့်ပရိသတ်မှာ နေထန်းတစ်ဖျား ခန့်ဖြစ်နေတဲ့ နံနက်၉ နာရီကျော် ကျော်ခန့်မှာ တဖြည်း ဖြည်းကျဲပါးသွား ပါတော့တယ်။ အနန္တော အနန္တငါးငါး ရဲ့ ဂုဏ်ကျေးဇူး ကြွ ရောက်ချီးမြှင့်ပေး ကြတဲ့ မင်္ဂလာအကြီးအကဲများ၊ ဆွေမျိုးများ၊ ရပ်နီးရပ်ဝေးမင်္ဂလာ ဧည့်ပရိသတ်များရဲ့ ကျေးဇူးကြောင့် မင်္ဂလာအခမ်းအနားကြီးလည်း နေမွန်းမတည့်မီ ပြည့်စုံအောင်မြင် ခဲ့ပါတယ်။

သုံးသပ်ချက်
ကျေးလက်သဘာဝ အလှအပ များ၊ မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုနဲ့ ချစ်စရာဓလေ့ ထုံးတမ်းများကြောင့် နေချင်စဖွယ် သင့်တင့်လျှောက်ပတ် သော ပဋိရူပအရပ်ပင် ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ‘ထိမ်းမြားလက်ထပ်”စေ့စပ်ခြင်း’ ‘ကြောင်းလမ်းခြင်း’ ‘နား ဖောက်ခြင်း’ခေါ်သော ‘မြန်းခြင်း’ မင်္ဂလာအခမ်းအနားရဲ့ မြန်မာ့မိသား စုဖွဲ့သစ်စတွင် မိဘဆရာသမားတို့ရဲ့ တန်ဖိုးကြီးလှတဲ့ အဆုံးအမ လမ်းညွှန် ချက်များ၊ ချစ်စရာရိုးရာ ဓလေ့ထုံး တမ်းများကို နွေးထွေးစွာ ထင်ဟပ် ခံစားရမှာ ဖြစ်ပါတယ်။ ကူညီရိုင်း ပင်းတတ်တဲ့ စေတနာ၊ စည်းလုံးညီ ညွှတ်တဲ့စိတ်နဲ့ သာယာဝပြောမှု ပုံရိပ်များကို ဖော်ဆောင်ပြသခြင်း လည်း ဖြစ်ပါတယ်။ သမိုင်းအစဉ် အလာကြီးမားပြီး ယဉ်ကျေးတဲ့ လူမျိုးများ ပေါင်းစည်းနေထိုင်ခဲ့ကြတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ ဂုဏ်ရှိန် ဝင့်ထည်ပြီး အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားခဲ့တဲ့ လူမျိုးများဖြစ်ကြောင်း သာဓကလည်း ဖြစ်ပါတယ်။ ရင်ဆိုင် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများကို သမိုင်းပေးတာဝန်အဖြစ် စည်းလုံးညီ ညွှတ်စွာ ရင်ဆိုင်ကျော်လွှားရင်း ရှောင်လွှဲမရတဲ့အမျိုးသား ရေးတာဝန် ကို ကျေပွန်ကြရမှာဖြစ်ပါတယ်။ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ယဉ် ကျေးသိမ်မွေ့တဲ့ မြန်မာ့ယဉ်ကျေးမှုရဲ့ စရိုက်လက္ခဏာ၊ ရိုးရာယဉ်ကျေးမှုရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာများကို အရှည်တည်တံ့ရေးအတွက် မြန်မာ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတန်ဖိုး ထားသူတိုင်းမှာ တာဝန်ရှိလာပြီဖြစ် ပါတယ်။

အချုပ်ဆိုရရင်တော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံများ လွဲမှား မသွားရအောင် မြန်မာ့ပုံရိပ်များ မှေးမှိန်ပျောက်ကွယ်မသွားရအောင် မြန်မာတို့ရဲ့ မြတ်နိုးဖွယ်ရာ ယဉ်ကျေး မှုနဲ့ ချစ်စရာဓလေ့ထုံးစံများရဲ့ နောက်ဆုံးခံတပ်များဖြစ်တဲ့ အခုလို ကျေးလက်အလှူမင်္ဂလာပွဲများနဲ့ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်မှု များကို အချိန်မီကယ်တင်ထိန်း သိမ်း ကြဖို့ အထူးအရေးကြီးချိန်ဖြစ် ကြောင်း တိုက်တွန်းရေးသားလိုက်ရ ပါတယ်။

မောင်မောင်သွင်(ပန်းခိုင်)


LEAVE A REPLY

Please enter your comment!
Please enter your name here