မြန်မာနိုင်ငံနဲ့ ဝေးကွာသွားတာ ကြာခဲ့ပြီ ဖြစ်တာကြောင့် ဇာတ်ကားရိုက်ရင်း မြန်မာ ဓလေ့တွေကို လေ့လာသွားမယ် မြန်မာပြည်ဖွား ဂျပန်အဆိုတော် မိုရီဆာကီဝင်း

0
289

A-Win-(1)မြန်မာအမျိုးသမီး လူငယ် ပရိသတ်များရဲ့ အသည်းစွဲ ဂျပန် Boy Band  တစ်ခုဖြစ်တဲ့ PrizmaX အဖွဲ့ ရဲ့ အဆိုရှင် မိုရီဆာကီဝင်းက ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမယ့် My Country My Home (ဇာတိမြေ) ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် သွား မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မိုရီဆာကီဝင်းက မြန်မာ အနုပညာရှင်များ ဖြစ်တဲ့ ရန်အောင်၊ အောင်ရဲလင်း၊ ဝတ်မှုံရွှေရည် တို့နဲ့အတူ တွဲဖက်ရိုက်ကူး သွားမှာဖြစ်ပြီး ဒီဇာတ်ကားမှာ ပါဝင်မယ့်သူရဲ့ ဇာတ်ကောင် အကြောင်းကိုတော့…

“ဒီဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့ ကာရိုက်တာက အပြင်နေ့စဉ် ဘဝ မှာရှိတဲ့ မိုရီဆာကီဝင်းနဲ့ သိပ်ပြီးမကွာပါဘူး။ ဒါပေမဲ့ ၁ဝဝ ရာခိုင်နှုန်း တူတာတော့လည်း မဟုတ်ပါဘူး။ မြန်မာပြည်သား တစ်ယောက် ဂျပန် ပြည်မှာ အလုပ်လုပ်ရင်း နေထိုင်တယ်။ ဂျပန်ပြည် မှာ နေပေမယ့် ကိုယ့် မွေးတဲ့၊ ကိုယ်ကြီးပြင်းခဲ့တဲ့ နေရာကို လုံးဝမမေ့ဘူး ဆိုတဲ့ လူငယ် တစ်ဦး အနေနဲ့ ပါဝင်ထားပါတယ်။ လက်ရှိမှာ လည်း ကျွန်တော် ၁ဝ နှစ် သားလောက် ကတည်းက ဂျပန်ကို ရောက်လာတယ်။ အနုပညာအလုပ် တွေ လုပ်ကိုင်နေတယ်။ “ဇာတိမြေ” မှာ ပါဝင်ခွင့်ရတဲ့ အတွက်လည်း ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ အဘွားနဲ့ အမျိုးတွေ ကို ကျေးဇူးဆပ် သလိုပါပဲ”လို့ မိုရီဆာကီ ဝင်းက ပြောပြပါတယ်။

မိုရီဆာကီဝင်းက ဂျပန်နိုင်ငံမှာ PrizmaX အဖွဲ့ဝင် အနေနဲ့ အနုပညာ လှုပ်ရှားမှုတွေကို လက်ရှိ လုပ်ကိုင်လျက် ရှိသလို ဇာတ်ကား သုံးလေးကား မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ ဖူးတယ်လို့ သိရပါတယ်။ မြန်မာ အနုပညာရှင်တွေ နဲ့ ပူးပေါင်း ရိုက်ကူးမှုကတော့ သူ့အတွက် ပထမဆုံးဖြစ်တာကြောင့် ဇာတ်ကား အတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ရင်ခုန်မှုအကြောင်းကို မေးမြန်းတဲ့အခါ

“ကျွန်တော့်အနေနဲ့ မြန်မာဒါရိုက်တာနဲ့၊ မြန်မာအနုပညာရှင် တွေနဲ့အတူ ရိုက်ကူးခွင့် ရတဲ့အတွက် ပထမဆုံး ဂုဏ်ယူပါတယ်။ စိတ်လည်းဝင်စားပါတယ်။ ကျွန်တော်က မြန်မာ ပြည်သားဖြစ်ပေမယ့် မြန်မာပြည်နဲ့ဝေးကွာ ခဲ့တာ အချိန်ကြာပြီ ဆိုတော့ ဒီဇာတ်ကား ရိုက်ကူးရင်း မြန်မာပြည်ရဲ့ ရိုးရာ ယဉ် ကျေးမှုတွေကိုပါ တစ်ခါတည်း လေ့လာ သွားမှာပါ။ နောက်ပြီး အိုက်တင်ပိုင်းနဲ့ ပတ်သက်လို့ Experience သိပ်မရှိ သေးတဲ့ အတွက်လည်း ကျွန်တော် ကြိုးစား သင်ယူချင်ပါတယ်။ Script  ရတာလည်း မကြာသေးပါဘူး။ ဒါ ကြောင့် ကာရိုက်တာနဲ့ ပတ်သက်ပြီး ဒါရိုက် တာအစ်မ နဲ့လည်း စကားတွေ ပြောထားတယ်။ ဂျပန်ပြန်ပြီး ကျွန် တော်တို့ Live Show ပြီးရင် အိမ်ကအခန်းထဲမှာ အောင်းပြီး Script  တွေဖတ်ရင်း သေသေချာ ချာ လေ့ကျင့်သွားမှာပါ”လို့ မိုရီဆာကီ ဝင်းက ဆိုပါတယ်။

“ကျွန်တော်တို့ အနုပညာသမား တွေက အားပေးမယ့် ပရိ သတ် မရှိရင် ဒီနေ ရာမှာ ရပ်လို့မရ ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အားလုံး ဝိုင်း ဝန်းကြိုးစားမှုလေးက ပရိ သတ်တွေနဲ့ ခံစားချက်ထပ် တူကျပြီး နှလုံးသား ထဲမှာ ကျန် နေခဲ့ဖို့ မျှော်လင့်ပါတယ်”လို့ လည်း “ဇာတိမြေ”ကို အားပေးမယ့် ပရိသတ် တွေအတွက် အခုလို ပြောပြပါတယ်။

မိုရီဆာကီဝင်းက “ဇာတိမြေ” ဇာတ် ကား မိတ်ဆက်ပွဲအတွက်လည်း မြန်မာနိုင်ငံ ကို သြဂုတ်လ ၇ ရက် နေ့က ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ မှာလည်း သူ့ရဲ့အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အဆိုပိုင်းရော၊ သရုပ် ဆောင်ပိုင်းပါ လုပ်ဆောင်ချင် သလို PrizmaX Group  နဲ့လည်း မြန်မာနိုင်ငံမှာ ဖျော်ဖြေပွဲ ပြုလုပ်သွားချင် တယ်လို့ ဆိုပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here