လမ်းစဉ် ပါတီ အစိုးရခေတ်မှာ – ၈

0
192

sdတက္ကသိုလ်များ ပိတ် လိုက်သည်။ မြို့ အတော်များများတွင် လူထုဆန္ဒပြ ပွဲများ ဖြစ်သွားသည်။ ဘယ်တိုင်းတွေ၊ ဘယ်မြို့တွေမှာတော့ အပစ်အခတ် မရှိဘူး၊ ဘယ်တိုင်းတွေ၊ ဘယ်မြို့ တွေမှာတော့ အပစ်အခတ်များတယ် စသည်ဖြင့်သတင်းတွေ အမျိုးမျိုး ထွက်ပေါ်လာသည်။ ရန်ကုန်မှာ လည်း စီတန်းလှည့် လည်ဆန္ဒပြကြ သည်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေး ဆောင်မှာ ဆရာ၊ဆရာမများ အစည်းအဝေးလုပ်သည်။ ဟောကြ၊ ပြောကြသည်။ လမ်းစဉ်ပါတီမှ နုတ် ထွက်ကြောင်း ကြေညာသည့်အစီ အစဉ်များလည်းပါသည်။ ဆရာ၊ ဆရာမများ တန်းစီ၍ အဓိပတိလမ်း မှထွက်ပြီး ပြည်လမ်းတစ်လျှောက် ကြွေးကြော် ဆန္ဒပြကြသည်။ ဟံသာဝတီအဝိုင်းကို ပတ်ပြီးလာ လမ်းအတိုင်းပြန်လှည့်ကာ တက္က သိုလ်ဝင်းထဲ ပြန်ဝင်ပြီး တကသ အဆောက်အအုံရှိခဲ့ဖူးသည့် ကွက် လပ်မှာ လူစုခွဲကြသည်။

တက္ကသိုလ်က မိတ်ဆွေ ဆရာ တစ်ယောက်၏သား တက္ကသိုလ် ကျောင်းသားမှာ သူနေထိုင်ရာ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ဆန္ဒပြပွဲကို ကြည့်နေစဉ် လက်နက်ကိုင်တစ်ယောက် ပစ်လိုက် သည့် သေနည်ကျည်ဆန်ထိမှန်ပြီး နေရာမှာပင် သေဆုံးသွားသည်။ သူ့ မိတ်ဆွေများက သူ့အလောင်းကိုထမ်း ပြီး ရပ်ကွက်ထဲမှာ လှည့်လည်ကြွေး ကြော်ကြသည်။ မိတ်ဆွေဆရာဇနီး မောင်နှံမှာ သား၏  အဖြစ်ဆိုးကြောင့် ယူကျုံးမရ စိတ်ထိခိုက်ခံစားကြရ သည်။ ကြားရသူများ စိတ်မကောင်း ဖြစ်ကြရသည်။ ဒေါသလည်း ထွက်ကြရသည်။

ရန်ကုန်ဆေးရုံကြီးရှေ့မှာ စုရပ် လုပ်ပြီး လှည့်လည်ဆန္ဒပြပွဲများ နေ့စဉ်ကျင်းပကြသည်။ ဝန်ထမ်းများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများအပါ အဝင် ပရိသတ်အားကောင်းသည်။ “တို့ဗမာတွေ ဆင်းရဲခဲ့တာ ခါလီ ပြောင်ပါပြီ။ လူမှုအခွင့်အရေး ဆုံး ရှုံးတာလည်း အနှစ်အစိတ်ကျော်ခဲ့ ပြီ။ အားလုံးက ဒီမိုကရေစီတောင်း သည်” အစချီသည့်သီချင်းကို သံပြိုင် ညီညီ သီဆို၍ ချီတက်ကြသည်။ တော်လှန်ရေးကာလက ပေါ်ပေါက် သော ‘တို့ဗမာတွေ ရဲစွမ်းပြမည် အာဇာနည်ပီပီ’ စစ်သီချင်းအလိုက် အတိုင်း စပ်ဆိုထားသောသီချင်း ဖြစ်သည်။ ကြွေးကြော်သံများကို လည်း တက်တက်ကြွကြွ  ကြွေးကြော် ကြသည်။ သတ်မှတ်ထားသည့်လမ်း များအတိုင်း လှည့်လည်ချီတက် ဆန္ဒ ပြပြီး ဆေးရုံကြီးစုရပ်မှာ လူစုခွဲကြ သည်။

ဦးစိန်လွင်ကို သမ္မတအဖြစ် တင်မြှောက်ကြသော်လည်း အများက မကြိုက်ကြ။ တော်လှန်ရေးကောင်စီ တက်စ ဇူလိုင်လ ၇ရက်၊ အရေး အခင်းတွင် လက်သံပြောင်ခဲ့သူ အဖြစ် အများက သိမြင်နေကြသည်။ ၂ပတ်ခန့်သာကြာသည်။ ဦးစိန်လွင် နိုင်ငံတော်သမ္မတအဖြစ်မှ နုတ်ထွက် သည်။ ပြည်သူ့လွှတ်တော်က ဒေါက် တာမောင်မောင်ကို နိုင်ငံတော် သမ္မတအဖြစ် တင်မြှောက်သည်။ ဒေါက်တာမောင်မောင်သည် တော် လှန်ရေးကောင်စီခေတ်ဦးကစ၍ နိုင်ငံတော်တရားသူကြီးချုပ်၊ တရား ရေးဝန်ကြီး၊ နိုင်ငံတော်ကောင်စီဝင် တာဝန်များကို ထမ်းဆောင်ခဲ့သော ဥပဒေပညာရှင်ဖြစ်သည်။ နိုင်ငံတော် သမ္မတ ဒေါက်တာမောင်မောင်က ရုပ်မြင်သံကြားမှ အသံလွှင့်သည်။ သုံးလအတွင်း ရွေးကောက်ပွဲကျင်းပ ပေးမည့် အစီအစဉ်ကို ရှင်းပြပြီး ဆန္ဒပြနေသူများကို ရည်ညွှန်း၍ “မစောင့်နိုင်ကြတော့ဘူးလား”ဟု တုန်တုန်ရီရီပြောသည့်အသံကို ရုပ် မြင်သံကြားမှ ကြားလိုက်ရသည်။

ရပ်ကွက်များတွင် တရားပွဲများ ကျင်းပသည်။ စာရေးဆရာများ၊ ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်ဟော ပြောကြသည်။ အုပ်ချုပ်သူများ ပညာ ချို့တဲ့သည့်အတွက် အမှားအယွင်း များစွာ လုပ်ကြသဖြင့် တိုင်းပြည် ချွတ်ခြုံကျရပုံကို ထောက်ပြကြ သည်။ မသိဘဲ သိချင်ယောင် ဆောင်၊ မတတ်ဘဲတတ်ချင်ယောင် ဆောင်ပြီး ထင်ရာလုပ်ကြပုံများကို သာဓက ဆောင်ကြသည်။ ကျွန်တော့် ဆရာ တစ်ယောက်ပြောသည်ကို သတိရမိ သည်။ ဆရာနှင့်ခင်မင်သော ပုဂ္ဂိုလ် တစ်ယောက်မှာ အစိုးရအဖွဲ့ ထိပ် ပိုင်းပုဂ္ဂိုလ်ကြီးဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးကပြောသည်တဲ့။ အောက်က တင်ပြတဲ့ ချေန တွေ ဖတ်ကြည့်ပေမယ့် ကျုပ်မှနားမလည် တာ။ ဒီတော့က လာတင်ပြတဲ့သူကို ဆီးဟောက်လိုက်တယ်။ သူလည်း သူ့ ချေန ကို ပြန်ယူသွားရော”ဟူ၍ ပြောသည်ကို မှတ်သားလိုက်ရ ကြောင်း ကျွန်တော့်ဆရာက ပြောပြ ပါသည်။ နောက်တစ်ခုရှိပါသေး သည်။ ကျွန်တော့်ဆရာပင် ပြောပြ ခြင်းပါ။ ထိုအချိန်မှာ ဆရာက တက္ကသိုလ်တစ်ခုမှာ ကထိကဌာနမှူး ဖြစ်နေသည်။ လေဆိပ်မှာ လေယာဉ် စောင့်ရင်း ငယ်သူငယ်ချင်းက လှမ်း နှုတ်ဆက်မှ မှတ်မိပြီး ဝမ်းသာအားရ စကားပြောကြသည်။ ထိုသူငယ်ချင်း မှာ တပ်မတော်အရာရှိကြီး တစ်ဦး ဖြစ်ပြီး ယခုဝန်ကြီးဖြစ်နေသည်တဲ့။ လေယာဉ်ပေါ်တက်ခါနီးမှာ ကျွန်တော့်ဆရာကို အခုဘာလုပ်နေ သလဲဟု သူကမေးတော့ တက္ကသိုလ် မှာ ဆရာလုပ်နေကြောင်း ပြောလိုက် သည်။ ထိုအခါ ဝန်ကြီးမင်းက “အေး လေ၊ မင်းကပညာတတ်တာကိုးကွ” ဟုပြောပြီး နှုတ်ဆက်ကာ ထသွား သည်တဲ့။

ဂိုထောင်ဖောက်သည့်သတင်း တွေ၊ ရုံးဌာနတွေ ဝင်ဖျက်ပြီး ပစ္စည်း များ ယူသွားသည့် သတင်းတွေ ကြား ရသည်။ သွေးရိုးသားရိုးမဟုတ်ဘဲ ‘မသမာသူတစ်စု’က ရှေ့ကနေပြီး ဂိုဒေါင်တွေဖောက်ပြ၊ ရုံးတွေဖျက် ဝင်ပြီး ပစ္စည်းတွေယူပြ လုပ်သည့် အတွက် မြင်သူတွေ လိုက်လုပ်မိရာ က အပစ်အခတ်ခံရသည်ဆိုသော သတင်းတွေလည်း ပေါ်လာသည်။ တချို့လူတွေကို ‘မသမာသူတွေ’က ဆေးထိုးပြီး စိတ်ကြမ်းလူကြမ်းဖြစ် အောင် တမင်ဖန်တီးထားသည့် အတွက် နောက်ပိုင်းမှာ ခေါင်းဖြတ် မှုတွေ ပေါ်လာရသည်ဆိုသော သတင်းတွေလည်း ကြားရသည်။

ဦးအောင်ကြီး၏ တရားပွဲမှာ ‘တပ်မတော်ကို စိတ်နဲ့တောင် မပြစ် မှားနဲ့’ဟု ပြောသည့်စကားနှင့် ဆက် စပ်ပြီး တုံ့ပြန်မှုတွေ အမျိုးမျိုး ပေါ်လာသည်။ ဦးအောင်ကြီး၊ ဒေါ် အောင်ဆန်းစုကြည်နှင့် သူရဦးတင် ဦးတို့ သုံးဦးအစုကို ‘အောင်-စု-တင်’ဟု ခေါ်ကြသည်။ ညှိနှိုင်းဆွေးနွေး ကြသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု ကလည်း မိမိ၏အစိုးရအဖွဲ့ကို ကြေညာသည်။ ကျောင်းသားခေါင်း ဆောင်များထဲက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး စသည့်ပုဂ္ဂိုလ် များ၏ နာမည်တွေ၊ ဟောပြောမှုတွေ ကို အာရုံစိုက်မိကြသည်။

ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်း စုကြည်၊ သူရဦးတင်ဦးတို့ သုံးဦးက ပြည်သူတစ်ရပ်လုံးသို့ ပန်ကြားချက် ကို လက်မှတ်ရေးထိုးထုတ်ပြန်သည်။ အကြမ်းဖက်မှု၊ သွေးထွက်သံယိုမှုများ ကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ ကြရန် ပန်ကြားထားသည်။ ကျောင်း သားများ၊ စာရေးဆရာများ၊ ရှေ့နေ များ၊ အနုပညာရှင်များစသည့် အစု အဖွဲ့များက တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြသည်။

၁၉၈၈ခုနှစ်၊ သြဂုတ်လအတွင်း က ပြည်သူ့ဆန္ဒ လေ့လာရေးကော် မရှင်ကို ဖွဲ့စည်းပြီး ပြည်သူတို့၏ သဘောထားအစစ်အမှန်ကို ရယူနိုင် ရန် စီစဉ်ခဲ့သည်။ သို့သော် ရက်ပိုင်း အတွင်းမှာပင် ထိုကော်မရှင်ကို ဖျက်သိမ်းပြီး ‘ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကော်မ ရှင်’က နိုင်ငံရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ သံဃာ တော်များ၊ ကျောင်းသားများ၊ နိုင်ငံ ရေးအဖွဲ့များ၊ တက်ရောက်ဆွေးနွေး ကြသည်။ သို့သော် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည်မဟုတ်ဟု အများက ယူဆကြ သည်။ အကြမ်းမဖက်ဘဲ ဒီမိုကရေစီ ကို အေးချမ်းစွာ ရရှိရေးအတွက် ကြိုးပမ်းရန် ဆန္ဒရှိကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်ကြီးစောမောင်နှင့် ဝန်ကြီးချုပ်သူရဦးထွန်းတင် တို့ကလည်း ရုပ်မြင်သံကြားမှ ပြည်သူ သို့ တင်ပြသည့် စကားများ ပြောကြား ကြသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအထွေထွေ အတွင်းရေးမှူးက ဝန်ထမ်းများကို ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာ သည်။

တက္ကသိုလ် ဓမ္မာရုံတွင် ကျင်းပ သော အစည်းအဝေး၌ လမ်းစဉ် ပါတီ၏ ချွတ်ယွင်းချက် အားနည်း ချက်များကို ထောက်ပြကြသည်။ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဦးခင်မောင် တင့် (တက္ကသိုလ်ဘုန်းနိုင်)က တိုင်း ပြည် အခြေအနေ ယိုယွင်းမှု အကြောင်း မိမိရေးဖွဲ့ထားသော လေးချိုးကြီးကို ဌာန်ကရိုဏ်းကျစွာ ဖတ်ကြားသည်။

ဆန္ဒပြပွဲများ အရှိန်အဟုန် မြင့်မားလာစဉ် ၁၉၈၈ခု စက်တင်ဘာ လ ၁၈ရက်နေ့ ညနေပိုင်းတွင် ရေဒီ ယိုနှင့် ရုပ်မြင်သံကြားမှ ကြေညာ ချက်တစ်ရပ် ပေါ်ထွက်လာသည်။ နိုင်ငံတော်၏အာဏာ အရပ်ရပ်ကို တပ်မတော်က တာဝန်ယူ လိုက်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိ ပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။ အဖွဲ့ တွင် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ဗိုလ်ချုပ်ကြီးစောမောင်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်၍ ဥက္ကဋ္ဌအပါ အဝင် အဖွဲ့ဝင်၁၉ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး အဖွဲ့သည် ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့၊ ပြည်သူ့ လုပ်ငန်း စစ်ဆေးရေးအဖွဲ့နှင့် ပြည် နယ်၊တိုင်း၊မြို့နယ်၊ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကောင်စီအဆင့်ဆင့်ကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ကြောင်း၊ ဒုတိယဝန်ကြီးများကိုလည်း တာဝန်မှ ရပ်စဲလိုက်ကြောင်း ထိုနေ့မှာပင် ကြေညာသည်။

ဤသို့ဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရခေတ်သည် ထိုနေ့ တွင် ကုန်ဆုံးသွားပါတော့သည်။

မောင်ခင်မင်(ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here