ကိုယ့် နိုင်ငံအတွက်၊ ကိုယ့်လူမျိုး အတွက် ဆိုတဲ့ စိတ်ဓာတ်လေးနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားပါ လက်ဝှေ့မယ်လေး ဘယ်ရောနီကာ

0
224

ZAW_6240၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ ကြေးတံဆိပ် ဆွတ်ခူးပြီး နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့ သူကတော့ လက်ဝှေ့မယ်လေး ဘယ်ရောနီကာပါ။ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အမှတ်တရ ကို တော့ ဘယ်ရောနီကာက အခုလို ပြောပြပါတယ်။

“ဆီးဂိမ်း အမှတ်တရ ကတော့ အများကြီးရှိပါတယ်။ အမှတ်အရဆုံးကတော့ ကိုယ့်နိုင်ငံအတွက် ကြေးတံဆိပ် တစ်ခုကို ရယူပေးနိုင် ခဲ့တာ အမှတ်တရပါ။ တစ်ခုတော့ ရှိတယ်။ ကိုယ့်နိုင်ငံအတွက် ရွှေတံဆိပ် ရရှိအောင် မယူ ပေးနိုင်တဲ့ အတွက်လည်း စိတ်မကောင်း ဖြစ်မိတယ်”လို့ ဘယ်ရောနီကာက ပြောပါတယ်။ ၂၇ ကြိမ်မြောက်၊ ဆီးဂိမ်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ယှဉ်ပြိုင်ခဲ့ရတဲ့ အတွေ့အကြုံ များနဲ့ ပတ်သက်ပြီးလည်း ဘယ်ရောနီကာက

“အခက်အခဲ ကတော့ အများကြီး ရှိပါတယ်။ ပြိုင် ပွဲတစ်ခု ဝင်ပြိုင်ဖို့က မလွယ်ပါဘူး။ ပြီးတော့ ဘောက် ဆင်ဆိုတော့လည်း တံဆိပ်တစ်ခုရဖို့လည်း မလွယ်ကူတဲ့ အား ကစားနည်း တစ်မျိုးပေါ့။ ပြိုင်ပွဲကို ပြိုင်ရဖို့ဆိုတာ အဆင့်ဆင့် ကြိုးစားလာခဲ့ရတာ။ အများကြီး ကြိုးစားခဲ့ရ ပါတယ်။ ပြိုင်ပွဲတွေ မဝင်ခင် သူများနိုင်ငံနဲ့ ပူးတွဲလေ့ကျင့်ခဲ့ရတယ်။ သူများလက်ရည်လည်း သိအောင်ပေါ့” လို့ ဘယ်ရောနီကာက လေ့ကျင့် ခဲ့ရမှုကို ပြောပြပါတယ်။ အခု ဆိုရင်လည်း ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲက စတင်နေပြီဖြစ် ပါတယ်။ ပြိုင်ပွဲဝင် အားကစား သမားတွေ အပေါ်မှာလည်း ဘယ်ရောနီကာက အခုလို အကြံပြုစကား ဆိုခဲ့ပါတယ်။

“ဆီးဂိမ်းဝင်ပြိုင်တဲ့ အားကစားသမား များအားလုံးကို အကြံပြုချင်တာ ကတော့ ပြိုင်ပွဲဝင်တယ် ဆိုတာ အခက်အခဲတော့ ရှိမှာပဲ။ အားမငယ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ကိုယ်လေ့ကျင့်ထားတဲ့ ပညာတွေ၊ ကိုယ်တတ်ထားတာတွေ ပြိုင် ပွဲမှာ ထုတ် သုံးပြီး ယှဉ်ပြိုင်သွားပါ။ ကိုယ့် နိုင်ငံအတွက်၊ ကိုယ့်လူမျိုး အတွက် ဆိုတဲ့ စိတ်ဓာတ်လေးနဲ့ အကောင်းဆုံး ယှဉ်ပြိုင် သွားပါလို့ ပြောချင် တယ်။ ကျန်းမာရေးလည်း ဂရုစိုက်ပါဦး။ အားပေးနေပါတယ်။ ပရိသတ် အားပေးမှု ကလည်း ကိုယ့်အတွက် အား အများကြီး ဖြစ်စေ ပါတယ်။ ကိုယ့်နိုင်ငံ အတွက် ယှဉ်ပြိုင်ကြမယ့် အားကစား သမားတွေကို အားပေးစကားလေး ပြောပေးကြပါဦး”လို့ ဘယ်ရောနီကာ က ပြောပါတယ်။

သြဂုတ်လ ၂ဝ ရက်နေ့မှာတော့ လက်ဝှေ့မယ်လေး ဘယ်ရောနီကာက ကော်စတာရီကာ လက်ဝှေ့မယ်နဲ့ ယှဉ်ပြိုင် ထိုးသတ် ရမှာဖြစ် ပါတယ်။ ဒီပြိုင်ပွဲ အတွက်လည်း အစွမ်းကုန် လေ့ကျင့်ထားပြီး ယုံကြည်မှု အပြည့် ရှိနေတယ်လို့ ဆိုတဲ့ ဘယ်ရောနီကာက “ကိုယ် လေ့ကျင့် ထားတဲ့ ထရိန်နင်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတော့ အပြည့် ရှိပါတယ်။ ပြိုင်ပွဲဆိုတာ နိုင်ချင်တာပေါ့နော်။ ဒါပေမဲ့ ပြော လို့ မရဘူးလေ။ ကံကြမ္မာ ဆိုတာ ရှိသေးတယ်။ ပရိသတ်အတွက် ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ဖြစ်အောင် လုပ်မှာပါ” လို့ ဘယ်ရောနီကာ က ပြောပါတယ်။

ပရိသတ် အားပေးမှုကြောင့် နာမည် ထွက်လာနေတဲ့ ဘယ်ရော နီကာက မြန်မာ့ လက်ဝှေ့ကမ္ဘာ့ ချန်ပီယံ ရွှေခါးပတ် ဆွတ်ခူးပြီး ပရိသတ် ကို လက်ဆောင်အဖြစ် ပျော်ရွှင်စေရမယ်လို့လည်း ပြောပြခဲ့ပါတယ်။  “ဒီလာမယ့် ချန်ပီယံလုပွဲမှာ ပရိသတ် အတွက် အနိုင် ရရှိကာ ရွှေခါးပတ် ရယူပေးမယ်လို့ ပြောချင်ပါတယ်။ အားပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး လည်း အားပေးကြ ပါဦး။ ပရိသတ် အားပေးမှုကြောင့် ကျွန်မ အများကြီး ဖြစ်စေချင်ပါတယ်” လို့လည်း ဘယ်ရောနီကာက ပြောပါတယ်။

မျိုးကျော် (ကနောင်သွေး) ၊  
ဓာတ်ပုံမင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here