ငဘ ရုပ်ရှင်ဇာတ်ကားကို တောင်ကိုရီးယားနိုင်ငံ KBS ရုပ်သံလိုင်းမှာပြသဖို့ MOU ရေးထိုးခဲ့

0
309

20799846_2034949876530558_1356101731096502176_n

တောင်ကိုရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံ တကာရုပ်ရှင်ပွဲတော်မှာ ပြသ ခဲ့တဲ့ ‘ငဘ’ ရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီးယားနိုင်ငံ KBS  ရုပ်သံနဲ့ Online Movie တို့မှာ ပြသဖို့အတွက် ရုပ်ရှင်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌနဲ့ ထုတ်လုပ်သူ ဦးကျော် (စိတ်ပညာ)တို့က MOU လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။

kyawthu
“အထူးသဖြင့် ရုပ်ရှင်နဲ့ ပတ် သက်ပြီးတော့ပြောရလို့ ရှိရင် သူတို့ အနေနဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကို ဒီတစ်ခါပဲကြည့်ဖူးတယ်။ ရိုက်ထား တာ လေးတွေကို သဘောကျတယ်။ သရုပ်ဆောင်တာတွေကိုလည်း သဘောကျတယ်။ အဲဒီက ကျင်းပ ရေးကော်မတီ ဥက္ကဋ္ဌက ကျွန်တော့် ကို ကမ်းလှမ်းတယ်။ သူတို့ရဲ့ တီဗီရုပ် သံ၊ ဒါမှမဟုတ် အွန်လိုင်းကနေ ငဘ ဇာတ်ကားကို ပြသခွင့်ပြုဖို့ ကျွန်တော် တို့ သဘောတူတယ်ဆိုလို့ရှိရင် MOU ထိုးချင်တယ်ဆိုပြီးပြောတယ်။ ကျွန်တော်ကလည်း ငွေရေးကြေးရေး ပိုင်းတော့ ရတာ၊ မရတာ တစ်ကဏ္ဍပေါ့လေ။ ကျွန်တော်တို့ ဇာတ်ကားကို စိတ်ဝင်တစားနဲ့ ပြသဖို့ မေးမြန်းခံ ရတာကိုပဲ ကျွန်တော်တို့ကတော့ ကျေနပ်ပါတယ်။ အဲဒါနဲ့ ကျွန်တော် တို့ လက်မှတ်ထိုးခဲ့ပါတယ်” လို့ ဦး ကျော်(စိတ်ပညာ) ပြောပါတယ်။

‘ငဘ’ ရုပ်ရှင်ဇာတ်ကားကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ ချောင်နမ်း မြို့၊ လွတ်လပ်ရေးပြတိုက်ပန်းခြံရှိ ရုပ်ရှင်ရုံမှာ တောင်ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနေ့(၇၂)နှစ်မြောက် အထိမ်းအမှတ် ရုပ်ရှင်ပြပွဲရဲ့ ပိတ်ပွဲ အခမ်းအနားအဖြစ် သြဂုတ်လ ၁၅ ရက်နေ့က ဂုဏ်ပြုပြသခဲ့တာ ဖြစ် ပါတယ်။ ကိုရီးယားက ပရိသတ်တွေ၊ မီဒီယာတွေက ဘယ်လိုမေးခွန်းမျိုး မေးကြသလဲဆိုတာကို ဦးကျော် (စိတ်ပညာ) ကိုမေးဖြစ်တဲ့ အခါ…..

“ကိုယ်နဲ့ ပတ်သက်တဲ့ အပိုင်း ကတော့ ဒီလိုဇာတ်ကားမျိုးကို ထုတ်လုပ်တဲ့အခါမှာ စီးပွားရေး အရရော တွက်ခြေကိုက်သလား မေးတယ်။ ကျွန်တော်ကတော့ ရှင်းပြ တယ်။ လူငယ်တွေကတော့ အချစ် ဇာတ်ကားတို့၊ ဟာသဇာတ် ကားတို့ကို ပိုကြိုက်တယ်။ ဒီလိုမျိုး ဇာတ်ကား တွေကတော့ အရမ်းကြီး ကြိုက်လှ တယ်တော့ မရှိဘူး။ စီးပွားရေးအရ မျှော်ကိုးပြီး ဒီဇာတ်ကားကို ရိုက်တာ တော့ မဟုတ်ဘူး။ ငဘရုပ် ရှင် ဇာတ်ကားက ဆရာကြီး မောင်ထင်ရဲ့ ဂန္တဝင် ဝတ္ထုဖြစ်ပြီးတော့ ရုရှားနိုင်ငံ မှာရော၊ တရုတ်နိုင်ငံမှာရော ဘာသာ ပြန်ပြီးတော့ကျော်ကြား အောင်မြင်တဲ့ ဝတ္ထု ဖြစ်တယ်။ ငဘရဲ့ ဝတ္ထု ဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံ သမိုင်း ကြောင်းကိုလည်း နောက်ခံ ထားပြီး တော့ ရိုက်ထားတဲ့ ဝတ္ထု လည်းဖြစ် တယ်။ ဒီဇာတ်ကား ကိုကြည့်ရင် မြန်မာနိုင်ငံက အင်္ဂလိပ် ခေတ်၊ ဂျပန် ခေတ်ကနိုင်ငံရဲ့ အခြေအနေ၊ မြန်မာ နိုင်ငံကပညာ မတတ်တဲ့ လယ် သမား တွေရဲ့ဘဝ တွေဘယ်လောက် အ ဖိနှိပ်ခံရ၊ အနှိပ်စက်ခံရသလဲ ဆို တာ ကို ဒီနေ့ လူငယ်၊ လူရွယ်တွေ သိလာ အောင်၊ မျိုးချစ်စိတ်ဓာတ် တွေရှိလာ အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန် တော်တို့က ဒီဇာတ်ကားကို ရိုက်ကူး ထားတာပါလို့ ပြန်ပြောလိုက်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here