လပြည့်ညသန်းခေါင်ယံ

0
257

lapyae

လက်ဖက်ရည်ဆိုင်နာမည်က ဂန္ထဝင်ဆည်းဆာတဲ့။ ဒီ လက်ဖက်ရည်ဆိုင် လေးမှာ ကျွန်တော်တို့မြို့က စာပေ သမားတွေ စုရပ်အဖြစ် မကြာ မကြာ ဆုံကြတယ်။

ကဗျာဆရာ ညိုဦးလွင်၊ ဝတ္တု ရေးသူ မောင်သင်းထုံ (ကျောက်မဲ)၊ မောင်သစ်ထွန်း (ပြင်ဦးလွင်)၊ သော်တာအောင်၊ ကျောက်တောင်၊ (ဝါ) ကာတွန်း၊ မူပိုင်အူဝဲ၊ နောက်ပြီး အနီးစခန်းက ကျူရှင်ဆရာ၊ ကဗျာ ဆရာ ဆက်ကောင်းသစ်၊ ကဗျာ ဆရာ မင်းဝဒီစတဲ့ စာပေချစ်မြတ် နိုးသူတွေ ဒီလက်ဖက်ရည်ဆိုင်လေး မှာ ဆုံကြတယ်။

ဘာရယ်လို့မဟုတ်ဘူး။ လက် ဖက်ရည်သောက်ရင်းနဲ့ ဟိုအကြောင်း၊ ဒီအကြောင်းကနေ စာပေအကြောင်း တွေ ပြောကြတာပါ။ ဆက်မထွက်နိုင် တော့တဲ့ တချို့မဂ္ဂဇင်းတွေအကြောင်း ကိုတော့ မကြာမကြာ ပြန်ပြောကြ ပြန်တယ်။ နှမြောတဲ့အကြောင်း။

ဒီလက်ဖက်ရည်ဆိုင်မှာ မန္တလေး က စာရေးဆရာတချို့၊ ရန်ကုန်က စာရေးဆရာတချို့ ရောက်ဖူးကြ တယ်။ တစ်လောကကို မောင်ရင့်မာ (ကျောင်းကုန်း) ရောက်လာသေး တယ်။ စာပေနဲ့ ပတ်သက်ပြီး ညိုဦး လွင်က ပင်တိုင်ပေါ့။ သူနဲ့ ဆက်နွှယ် ပြီး လာကြလို့ စာရေးဆရာ အတော် များများနဲ့ သိကျွမ်းခဲ့ရတာ။ အဲဒီလိုပဲ မြို့ခံစာရေးဆရာတွေ ဆုံချင်ပြီဆိုရင် ညိုဦးလွင်ဆီသွား၊ အဲဒီကမှ ဂန္ထဝင် ဆည်းဆာ လက်ဖက်ရည်ဆိုင်မှာ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြတာပါ။

(၂)  ” ဟောခင်ဗျားဇာတ်လိုက်ကြီး လာပါပြီဗျာ “

ညိုဦးလွင် ရုတ်တရက်ကြီး ကျွန်တော့်ကိုပြောလိုက်တော့ ဘယ် သူပါလိမ့်လို့ နောက်လှည့်ကြည့်မိ တယ်။ ချစ်မဲကြီးဖြစ်နေတယ်။ ချစ်မဲ အကြောင်းကို ကျွန်တော်တင် ဘယ် ကမလဲ၊ မောင်သင်းထုံ (ကျောက်မဲ)လည်း ဝတ္ထုရေးဖူးတယ်။ ညိုဦးလွင် က ကျွန်တော့်ကို ခင်ဗျားဇာတ်လိုက် ကြီးလို့ အမည်တပ်ပြီး ပြောလိုက်တာ ပါ။

ဒါကလည်း ချစ်မဲအကြောင်းကို အတွင်းသိတဲ့ ညိုဦးလွင်ကြီးက ပြော လို့ပါ။ ဒါကိုကျွန်တော်နဲ့ မောင်သင်း ထုံ (ကျောက်မဲ)တို့က သူ့အမြင်၊ ကိုယ့်အမြင်နဲ့ ရေးကြတယ်။ ချစ်မဲနဲ့ ပတ်သက်ပြီး ရေးစရာတွေက အများ ကြီး။ ရေးလည်း ရေးပြီးပြီ။ နောက် ထပ်လည်း ရေးစရာတွေက ကျန် သေးတယ်။ ညိုဦးလွင်က ကျွန်တော် တို့နဲ့ဆုံတိုင်းလည်း ဇာတ်လိုက်ကြီး ချစ်မဲဘဝအကြောင်းတွေ အသစ်၊ အသစ်ရနေဆဲပဲ။

တကယ်တော့ချစ်မဲဟာ အများ ခေါ်သလို အရူးမဟုတ်ပါဘူး။ ဦးနှောက်ကျပ်မပြည့်တာပါ။ ဒါကို အရူးဆိုပြီး သိမ်းကျုံးအရူးစာရင်းထဲ သွင်းလိုက်တယ်။ နောက်တော့ လည်း ချစ်မဲအရူးပေါ့။ အရူးဆိုလို့ ကျွန်တော်တို့မြို့မှာ အမှတ်ရစရာ အရူးတွေ ရှိနေတယ်။ ချစ်မဲ အရူးရှိ သလို၊ ချစ်ကိုအရူးလည်းရှိတယ်။

ချစ်ကိုအရူးကျတော့ တွေ့တဲ့ လူတိုင်းက ‘ ဂေါက်သီးသူခိုး’လို့ စကြ တယ်။ အဲဒီအသံလည်းကြားရော ညစ်ညစ်ပတ်ပတ်ဆဲလိုက်တာများ စုံလို့။ တစ်လမ်းလုံးဆဲလို့ကို မပြီး ဘူး။ ဘာဖြစ်လို့ ‘ဂေါက်သီး သူခိုး’လို့ ပြောပါလိမ့်။ ဂဃနဏတော့ မသိ ဘူး။ အသားကမည်းမည်း၊ ပုပု၊ ဗိုက် ကပူတော့ ပုဆိုးကို ရင်ခေါင်းထိ တက် ဝတ်ထားတော့လူမြင်ရင်ရယ်စရာကြီး။

နောက်ပြီးညံတောတွေမှာ ခွေးမှန်သမျှ ကြီးကြီးငယ်ငယ် ကြိုး နဲ့ချည်၊ သွားလေရာခေါ်သွား၊ တချို့ ခွေးတွေက နို့တိုက်တဲ့အရွယ် ဆို တော့ နို့ဆာပြီး မောတော့ အော် ဟစ်ရုန်းကန်ကြတာ။ အဲဒီအရူး လာပြီဆိုရင် သိပ်သိသာတယ်။ ခွေး သံတွေ ဆူညံလို့၊ ဒီကြားထဲ သူ့ ပုဆိုးစလွယ်သိုင်းထဲမှာ ခွေးပေါက် စလေးတွေပါသေးတယ်။ အဲဒီထဲမှာ ခွေးပေါက်စလေးတွေ သေရင်လည်း မပစ်ဘူး။ ဒီအတိုင်းသွားလေရာ ယူသွားတာတဲ့။

 ဥစ္စာရူးကတော့ သိတဲ့အတိုင်း သူ့စိတ်ထဲမှာ မြင်မြင်ရာ ‘ ရွှေ’ ပေါ့။ အဝတ်စုတ်တွေ၊ ဂျပ်ဘူးလှလှလေး တွေ၊ ပုလင်းတွေ၊ မြင်သမျှ၊ ရသမျှ ပစ္စည်းတွေကို အိတ်ကြီးထဲစုထည့် ပြီး သွားလေရာ ယူသွား။ မောရင်နား ပေါ့။

ဒါကိုကလေးတွေက စရင်း၊ နောက်ရင်း အထုပ်ကြီးဆွဲတော့ တွေ့ရာနဲ့ကောက်ပေါက်၊ လိုက်ရိုက် ပေါ့။ မြင်ရသူအဖို့ မြင်ကွင်းက ဆန်း နေပြန်ရော။

(၃) ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေး ကြောင်တဲ့လူ၊ အရက်ကြောင်တဲ့ လူငယ်တွေ ခုတလော ပိုအတွေ့ များလာတယ်။

ဒီအရူးတွေထဲမှာတော့ ‘ချစ်မဲ’ ကမှ လူကောင်းတွေအတွက် အကူ အညီရသေးတယ်။ ချစ်စရာလည်း အကောင်းဆုံး။ ချစ်စရာဆိုလို့ ရုပ် ဆင်းအင်္ဂါကိုပြောတာ မဟုတ်ဘူး။ ချစ်မဲရုပ်ကို ကြည့်လိုက်ရင်တော့ ခေါင်းကသေးပြီး၊ ကိုယ်လုံးက တုတ် နေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ အင်္ကျီတွေ အထပ်ထပ် ဝတ်ထား လိုက်တာများ ကောက်ညှင်းထုပ်ကို ကျပ်စည်းထားသလား အောက်မေ့ရ တယ်။

သူများပေးသမျှ၊ ရသမျှ အင်္ကျီ တွေ ထပ်ထပ်ဝတ်ထားလို့ တစ်ခါ တော့ ကျွန်တော်သူ့အင်္ကျီကော်လံ တွေကို ရေတွက်ကြည့်တော့ အားပါး ပါး ၁၅ ထည်တောင်ရှိတယ်။ ဒါ တောင်ညိုဦးလွင် ကဗျာ ဆရာက ပြောတာ တစ်ခါတလေ ဒီထက်များ တယ်တဲ့။

ခေါင်းတုံးဆံထောက်နဲ့သွား လိုက်ရင် စိုက်စိုက်၊ စိုက်စိုက်နဲ့၊ လမ်းတွေ့လို့ သိသိ၊ မသိသိ လူမြင်ရင်

“ဘယ်သွားမလို့လဲ၊ ဘယ်က ပြန်လာတာလဲ”

 ဝါနေတဲ့သွားတွေကို ထုတ်ပြ ရင်း နှုတ်ဆက်တယ်။ တစ်ခါက လည်း မိန်းမပျိုလေးတစ်ယောက် ပလက်ဖောင်းပေါ်မှာ ခရီးဆောင် အိတ်ကလေးချလို့၊ တစ်စုံတစ် ယောက်ကို စောင့်နေတာလား မသိဘူး။ ဒါကိုချစ်မဲက ခပ်တည်တည် နဲ့ ကောင်မလေးအနားကပ်ပြီး

“ဘာလုပ်နေတာလဲ။ မိုးချုပ်နေ ပြီ။ တစ်ယောက်တည်း ရပ်မနေနဲ့။ ခုချက်ချင်း အိမ်ပြန်”

 ကောင်မလေးက သူ့ကို အရူး မှန်းမသိဘူး။ “ဟုတ်ကဲ့ ဦးလေး” ဆိုပြီး ခရီးဆောင်အိတ်ကလေးဆွဲ ပြီး အမြန်ထွက်သွားလိုက်တာကို တွေ့ခဲ့ တဲ့ အသိတစ်ယောက်က ပြောပြလို့ ရယ်လိုက်ရတာ။

နောက်ပြီးသူ့စိတ်ထဲမှာ ဘယ် လို ထင်လို့လည်း မသိဘူး။ တံခါးတွေ ပွင့်နေရင်လည်း သူတွေ့လို့က တော့ သေချာပြန်ပိတ်ထားခဲ့တာ။ ပါးစပ် ကလည်း ပွစိပွစိနဲ့ ပြောသေးတယ်။

တစ်ခါက ရုံးအုပ်ကြီး ဒုက္ခ ရောက်ဖူးတယ်။ ဖြစ်ပုံက အပေါ့ အပါးသွားပြီး ပြန်လာတော့ သူ့ရုံး ခန်းသော့ပိတ်ထားတာ တွေ့ရ တယ်။ ဘယ်သူ သူ့ရုံးခန်းလာလို့လဲ လို့ ရှိတဲ့လူ မေးကြည့်မှ

ဟာ ဟုတ်သားပဲ။ ကျုပ်က လည်း ကျုပ်အလုပ်ထဲ အာရုံရောက် နေလို့။ ချစ်မဲ ချစ်မဲ တံခါးတွေဖွင့် ပြီး ပြန်မပိတ်ဘူးလို့ ကြားလိုက်တယ်။ ခုလို သော့ခတ်လိုက်မှန်း မသိဘူး”

ပြောပြလို့ ချစ်မဲရှာပြီး သော့ယူ ဖွင့်ရတဲ့အဖြစ်။ ဒီလိုအဖြစ်မျိုးတွေ က အစုံပဲ။ တစ်ယောက်က အလုပ် တစ်ခု ချစ်မဲကိုခိုင်းပြီဆိုရင် ပိုက်ဆံ ပေးပေး၊ မပေးပေး အစအဆုံး သပ်သပ်ရပ်ရပ် ပြီးတဲ့အထိ လုပ်ပေး တယ်။

“ချစ်မဲ လာစမ်း၊ ဒီမြက်တွေ ရှင်းပေးခဲ့စမ်း”

ဆိုလို့ကတော့ လွယ်ထားတဲ့ လွယ်အိတ်ကလေးဘေးချပြီး၊ မပြီး မချင်း ရှင်းတော့တာပဲ။ ပြီးတော့ လည်း လုပ်အားခရယ်လို့ တူတူတန် တန် မပေးကြဘူး။ ဆေးလိပ်ဖိုး၊ ကွမ်းယာဖိုးလောက်ပေးတယ်။ တချို့ ဆို ပေးတောင်မပေးဘူး။ ဘုံကျွန်လို့ သဘောထားနေသလားမှ မသိတာ။ ဒါပေမဲ့ချစ်မဲက မပေးရင်လည်း စိတ်မဆိုးဘူး။ ဘာမှမပြောဘူး။ ဘေးချထားတဲ့ သူ့လွယ်အိတ်လေး ကောက်ယူပြီး သွားဖြီးလေးနဲ့ ပြန် သွားတာပါ။ ဒီအပေါ် လူတွေက သနားညှာတာမှုမရှိဘူး။ မမြင်၊ မမြင် သလို အရူးပဲကွာ၊ ဘာသိတာမှတ် လို့၊ မဝရေစာ မုန့်ကလေးတစ်ခုဖဲ့ပေး ပြီး လွှတ်လိုက်တဲ့သူက ခပ်များများ။

(၄) ထူးဆန်းတာက သူ့မျက်စိထဲမှာ ရှုပ်ယှက်ခတ်နေလို့လားမသိဘူး။ တစ်ခါက ဆေးရုံကြီးနားက ခရစ်ယာန် ကျောင်းရှေ့နားမှာ တံမြက်စည်း တစ်ချောင်းနဲ့ လှဲနေတော့ တချို့ လူတွေက စည်ပင်အလုပ်သမားလို့ ထင်နေကြတာ။ မနက်ဖြန် လူကြီး လာမှာမို့လို့များ ခုလိုညမိုးချုပ်ထိ သည်းကြီးမည်းကြီး ရှင်းနေကြသလား မှတ်တယ်။ အနီးအနားရောက်လို့ ကြည့်လိုက်မှ အလိုလေး ချစ်မဲကြီး ဖြစ်နေပါလားကွယ်ရို့။

အဲဒီတော့လည်း သူ့ကိုကရုဏာ ဒေါသနဲ့ သနားနေကြတယ်လေ။ ဒီလိုပါပဲ။ ချစ်မဲရဲ့ စိတ်မမှန်တဲ့ အပြု အမူပေါ်ကြည့်ပြီး လူတချို့ကလည်း ကိုယ်ချင်းမစာ ကိုယ်ကျိုးအတွက် အချောင်ခိုင်းတာ ခပ်များများပါ။

(၅)ကဗျာဆရာ ညိုဦးလွင်ကတော့ ခုလိုမှတ်ချက်ချဖူးတယ်။ ပြောပြဖူး တယ်။”ဒီလို ကိုထွန်းလင်းကျော်ရ၊ ချစ်မဲအဖေ ကျွန်တော်တို့ရုံးထဲ မလုပ်ခင်က အပြင်မှာ ဝက်သတ်တဲ့ အလုပ်နဲ့ မိသားစုကို ရှာကျွေးခဲ့တာ ဗျ။ နောက်တော့ ဒီလုပ်ငန်းကို စိတ်ပျက်ပြီး ရုံးထဲဝင်လုပ်တာတဲ့။ ဒါပေမဲ့ အဖေရဲ့ မကောင်းတဲ့ အကုသိုလ်အကျိုးပေးက သားလုပ်တဲ့ ချစ်မဲကို လာထိတယ်။ ကလေးသုံး ယောက်မှာ ကျန်နှစ်ယောက်ကငယ် ငယ်ရွယ်ရွယ်၊ မသန်မစွမ်းနဲ့ ဆုံးခဲ့ သလို၊ ချစ်မဲလည်း အသက်ရှင်တာက လွဲပြီး ဦးနှောက်ကျပ်မပြည့်တဲ့ အဖြစ်မျိုး။ နောက်ပြီး ချစ်မဲရဲ့ ရှေးဘဝမကောင်းတဲ့ အကုသိုလ် တွေ ဘာလုပ်ခဲ့မှန်းမသိတာ။ ခု ဒီဘဝမှာ စုပုံခံရတာပဲ။ ကံ ကံ၏ အကျိုးလို့ ပြောရမလားဘဲ”

ကဗျာဆရာညိုဦးလွင်က ပြော လက်စစကားကို ခဏနားပြီး စားပွဲ ပေါ်မှာ ချထားတဲ့ ဆေးပေါ့လိပ်ကို ကောက်ဖွာလိုက်တယ်။ နောက် ဆေးလိပ်ငွေ့ကို အပေါ်မော့ပြီး မှုတ် ထုတ်လိုက်တယ်။ ရေနွေး ပန်းကန် ကိုင်ထားပြီး ငေးနားထောင်နေတဲ့ ကျွန်တ်ာတို့ဘက်ကြည့်ရင်း သူ့စကား ကို ဆက်လိုက်တယ်။

“လပြည့်ညတိုင်းဆို ချစ်မဲက တစ်ညလုံးမအိပ်ဘူး။ စကားတွေ ပြောနေတာများ မိုးအလင်းထိပဲ။ မသိတဲ့လူများဆို လူနှစ်ယောက်၊ သုံးယောက်စကားဝိုင်းဖွဲ့ပြောနေတာ လို့ ထင်ကြမှာ။ အမှန်က ချစ်မဲ တစ်ယောက်တည်း ပြောနေတာဗျ”

ဒါကိုကျူရှင်ဆရာ၊ ကဗျာဆရာ ဆက်ကောင်းသစ်က စဉ်းစားရင်း

“ဘာဖြစ်လို့ လပြည့်ညကျမှ စကားတွေ ပိုပြောပါလိမ့်။ တခြား ညတွေမှာရော ခုလိုမပြောဘူးလား ဆရာညို။ ဒါကထူးဆန်းနေတယ်”

ဆက်ကောင်းသစ် ထင်မယ်ဆို လည်း ထင်စရာပါ။ ဒါဟာ ပဟေဠိ ဖြစ်နေတယ်။ အဲဒီစကားကြောင့် လည်း ကျွန်တော်တို့စိတ်ထဲမှာ မရှင်း၊ မရှင်းဖြစ်နေတယ်။ ညိုဦးလွင် က ချစ်မဲအကြောင်း အူမချေးခါးထိ သိပေမယ့်လည်း ဒီအကြောင်းကို တော့ သူလည်းဝှက်ဖဲတစ်ချပ်လို ဖြစ်နေပုံရတယ်။

(၆) ဘာဖြစ်လို့လဲဆိုတော့ ချစ်မဲ အဖေနဲ့ ညိုဦးလွင်က တစ်ရုံးတည်း သားတွေပါ။ တစ်နေ့မှာ ထူးထူးဆန်း ဆန်း ချစ်မဲရဲ့ အဖေနဲ့ အမေဟာ တစ်ရက်တည်းမှာပဲ ရှေ့ဆင့်နောက် ဆင့် ဆုံးခဲ့လို့ တစ်ရုံးလုံးက အံ့သြ နေကြတယ်။ နောက်ပြီး စိတ်မနှံ့တဲ့ ချစ်မဲကိုသနားနေကြပြန်ရော။ ဒီလို နဲ့ လေးငါးလအကြာမှာ ချစ်မဲတို့ မိသားစုနေခဲ့တဲ့ အိမ်လေးဆီကို ညိုဦးလွင်တို့မိသားစု ပြောင်းနေကြ တယ်။ ညိုဦးလွင်တို့ ပြောင်းလာတဲ့ အထိ ချစ်မဲကတော့ သူ့အဖေ၊ သူ့အမေရှိစဉ်က သူ့အိမ်က အိမ် အစွယ်အခန်းလေးမှာပဲ။ ဘယ်မှမ ပြောင်းဘဲ နေနေတယ်။

ဒါကိုညိုဦးလွင်တို့မိသားစုက လည်း ဘာမှအပန်းမကြီးတဲ့အပြင်၊ ချစ်မဲဘယ်ကပြန်လာလာ ညိုဦးလွင် အမျိုးသမီးက

“ဦးချစ်မဲ ထမင်းစားပြီးပြီလား။ စားမလား ခူးခဲ့မယ်”

“မစားချင်ဘူး၊ စားပြီးပြီ၊ ဗိုက် မဆာသေးဘူး”

အဲဒီလိုကြီးပြောတော့ သူ့စကား  ဘာယုံရမှန်းမသိဘူးလေ။ သေချာ တာတစ်ခုကတော့ ချစ်မဲဗိုက်ဆာလာ ပြီ။ ဘာမှစားခဲ့ဟန်မတူဘူးဆိုရင် အိမ်ရှိသုံးရေအိုးမှန်သမျှ ရေတွေ ဆွဲဖြည့်တော့တာပဲ။ ဒါဆိုသေချာပြီ ထမင်းမစားရသေးဘူးဆိုတာ။

မနက်တိုင်းဆိုသလို ဘယ် အချိန် ထသွားလို့၊ ဘယ်အချိန် အိမ် ပြန်လာမှန်းမသိ။ တစ်နေ့လုံး ပျောက်နေတာ။ အိပ်ချိန်ကျမှပဲ အိမ်ကိုကပ်တာလေ။ အဲ … အဲ … ချစ်မဲကို တွေ့ချင်ရင် ရင်ခွဲရုံကို သွား။ ရင်ခွဲ ရုံနား လူစုစုနဲ့ အသုဘ ချဖို့ ပြင်နေပြီ ဆိုရင် လူအုပ်ထဲရှာ ကြည့်စရာမလိုဘူး။ အရပ်ကလန် ကလားနဲ့ သွားဝါဝါတွေကို ဖြီးပြနေ တဲ့ ချစ်မဲကို ဧကန်မုချတွေ့ရမှာပါ။ အသုဘအခေါင်း ကားပေါ်တင်ပြီ ဆိုရင် ချစ်မဲက နီးစပ်ရာကားပေါ် တက်တော့တာပဲ။ ဒါကိုအလိုက်ကန်း ဆိုးမသိတဲ့  လူလူချင်း အဆင့် အတန်းခွဲခြားတဲ့ လူတချို့က သူတို့ အနားကပ်ထိုင်တဲ့ ချစ်မဲကို ခွေး မောင်းထုတ်သလို မောင်းထုတ်      တာကို တွေ့နေရတယ်။ အေးလေ ချစ်မဲကလည်း ချစ်မဲပါပဲ။ ရင်ခွဲရုံနား မှာ စွန့်ပစ်ထားတဲ့ လူသေ ရဲ့ အဝတ် အစားတွေ ဝတ်ထားတာကိုး။ ရိုက် မလွှတ်တာ ကံကောင်း။

တစ်ခါတလေ မြင်မကောင်း အောင် သွေးတွေနဲ့ အဝတ်အစား တွေကို ချစ်မဲက ကောက်ယူပြီး အိပ်သယ်လာတော့တာပဲ။ သူ့အခန်း လေးထဲမှာဆို အထုပ်တွေ၊ အထုပ် တွေ ပွစိခတ်နေတော့ သူမရှိတဲ့ အချိန်…။

“ယောက်ျားရေ ဒီအထုပ်တွေ ရှင်းရအောင်။ အနံ့အသက်တွေ မကောင်းတော့ဘူး။ မီးရှို့လိုက်ကြ ရအောင်”

အဲဒီလို ချစ်မဲမရှိခင် မီးရှို့ရ တာလည်း မကြာမကြာပါပဲလို့ နေ့ဘက် ဂန္ထဝင်ဆည်းဆာမှာ လက် ဖက်ရည်သောက်ရင်း ကဗျာဆရာ ညိုဦးလွင်က တစ်နေ့မှာ ပြောခဲ့ ဖူးတယ်ဗျ။

(၇)တစ်ခါမတော့ ရင်ခွဲရုံဘေးမှာ လူသေဝတ်ထားပြီး စွန့်ပစ်ထားတဲ့ ကုတ်အင်္ကျီကြီးကောက်လို့ အိတ်ကပ် အိမ်ထောင်တွေထဲမှာ ချစ်မဲနှိုက် ကြည့်လိုက်တော့ ပိုက်ဆံထုပ်ကြီး ထွက်လာတယ်။ ဒါကိုရင်ခွဲရုံအနီးမှာ ရှိတဲ့ နာရေးကူညီမှုအသင်းက လူတွေနဲ့တွေ့ပြီး တခြားရောက်မှာ စိုးလို့၊ နောက်ပြီးချစ်မဲလည်း ကုသိုလ် ရအောင်လို့ ရည်ရွယ်ပြီး နာရေးမှာ လိုရာသုံးဖို့ ချစ်မဲအမည်နဲ့ နာရေး အသင်းမှာ မှတ်တမ်းတင်ထားတယ် လို့ တွေ့မြင်ခဲ့တဲ့သူတွေက ပြောကြ တယ်။ တွေ့တဲ့ငွေပမာဏက နည်းတဲ့ ငွေတွေမှမဟုတ်ဘဲ။ ခုနှစ်သိန်းကျော် တယ်။ ဒါကိုလူတချို့က ..

“မင်းတို့က ချစ်မဲလောက်မှ အစွမ်းအစမရှိဘူး။ လူကသာ ရူးပေ မယ့်၊ ဘုန်းကံက အတော်ထူးတာဗျ။ နာရေးကူညီမှုအသင်းမှာ ငွေခုနှစ် သိန်းကျော် လှူထားတဲ့ အလှူရှင် ဦးချစ်မဲတဲ့ မောင်ရေ့”

ဒီလိုပြောတော့ လူအများက မယုံချင်ကြဘူး။အလကား လျှောက် ပြောကြတယ်။ စကြတာလို့ ထင်ကြ တယ်။ အဲဒါပြောတာပေါ့။ ပြောမယုံ၊ ကြုံဖူးမှသိဆိုတဲ့စကား၊ ကြုံတဲ့ လူတွေက ပြောတော့လည်း မယုံကြ ဘူး။ ဆိုက်ဂိုက်နဲ့၊ ဟိတ်ဟန်နဲ့ ဥစ္စာ ဓနအပြည့်နဲ့လူတွေက လှူတယ်ဆိုမှ အထင်တကြီးနဲ့ ယုံကြတာကိုးဗျ။ ဒါကလည်း လူ့သဘော သဘာဝဆို တော့။

(၈) ဘာပဲပြောပြော ကဗျာဆရာ ညိုဦးလွင်က ချစ်မဲကို ကျွန်တော့် ဇာတ်လိုက်ကြီးလာပြီလို့ ပြောလိုက် တာကို ကျွန်တော်သဘာကျတယ်။ ဘယ်သူတွေက ချစ်မဲကို ဘယ်လိုမြင် လို့ ဘယ်လိုပဲပြောနေကြပါစေ။ ဒီဘဝမှာ ဦးနှောက်ကျပ်မပြည့်တဲ့ ချစ်မဲ။ သိသိ၊ မသိသိ =မသာတစ် ခေါက်၊ ကျောင်းဆယ်ခေါက်+နဲ့ ညီတယ်ဆိုရင်တော့ ကျွန်တော့်ဇာတ် လိုက်ကြီး မောင်ချစ်မဲ မသာပို့တဲ့ ခေါက်ရေတွေက သူ့အသက်ထက် ကျော်နေပြီဆိုတာ တွက်လို့ရတယ်။ ဘယ်သူမှမခိုင်းလဲ အမြင်မတော်တဲ့ လမ်းချိုင့်၊ လမ်းဆိုးတွေကို ခဲဖို့၊ မြေ ဖို့ပြင်တဲ့အလုပ်တွေကို တစ်ယောက် တည်း လုပ်နေတာတွေ့ရတယ်။ အလှူအတန်းတွေမှာလည်း ကူလုပ် တယ်။

အဲဒီလို သူ့လုပ်ရပ်လေးတွေက ကျွန်တော်တို့လူအများလက်ခံတဲ့ ကောင်းကွက်တွေလို့ ကျွန်တော်မြင် တယ်။ သေချာတယ်။ ချစ်မဲဟာ နောင်ဘဝမှာ အဖေ၊ အမေနဲ့ ညီ အစ်ကိုမောင်နှမတွေနဲ့ ချစ်ချင်ခင် ခင်၊ ကြင်နာမှုအပြည့်ခံစားရင်း လူ ကောင်း၊ သူတော်ကောင်းကြီး ဖြစ် မှာမလွဲဘူးလို့ ကျွန်တော်ယုံကြည် ပါတယ်။

ဒါပေမဲ့ ကျူရှင်ဆရာ၊ ကဗျာ ဆရာ ဆက်ကောင်းသစ်မေးသလို လပြည့်ညတွေမှာ ချစ်မဲကြီးတစ် ယောက်တည်း တစ်ညလုံးစကားတွေ ပိုပြောတာကိုတော့ ဘာလို့လဲဆိုတာ ကျွန်တော်တို့လည်း သိချင်ကြတယ် လေ။

မောင်သစ်ထွန်း (ပြင်ဦးလွင်)


LEAVE A REPLY

Please enter your comment!
Please enter your name here