နင်နင်နေတဲ့အလွမ်းတွေ အံချဖို့
ဥာဏ်ရည်မမီတဲ့ကံကြမ္မာက
မုဆိုးမခေါင်းပေါင်းလို
ငါ့ကို လုံခြုံအောင်
မိုးမပေးနိုင်ခဲ့ဘူး။
ခွေးလေခွေးလွင့်တွေ
သံရှည်ဆွဲအူ လိုက်တဲ့ညတွေလို
တစ်ကိုယ်တည်း တပ်မက်စိတ်နဲ့
လောင်ကျွမ်းနေခဲ့ရတော့
ညတွေဟာ
နင့်ကိုကျွမ်းမူးလွမ်းရီစိတ်နဲ့
အိပ်မွေ့ချခံခဲ့ရ
ပုံပြင်ကိုအလယ်အူတိုင်ဖောက်သီပြီး
ရင်ဘတ်နဲ့အပြည့်ချိတ်ဆွဲမွေ့ပျော်ခဲ့တော့
တောနက်လေ မှော်ဆိပ်တက်လေ
လှေပျက်နဲ့ရွက်လွှင့်ခဲ့သူမှာ
တခမ်းတနား တရိရိ တလွမ်းလွမ်း
နင်ဖျက်သွားတဲ့ဆိပ်ကမ်းမှာ ကျောက်ချဖို့
နက္ခတ်မိနေတဲ့တောက်ခေါက်သံတွေနဲ့
ကျိန်စာတွေချေနေတယ်။
ဝေလေလေ ကလေကချေ တစ်ယောက်ပါ
ဒါပေမဲ့ နောက်ပွင့်မယ့်ဘုရားအဆက်ဆက်ထိ
မင်းလက်ကိုမိမိရရဆွဲပြီး
သံသရာထဲတိုးဝင်သွားရဲလောက်တဲ့အ ထိ
ချစ်မိတဲ့ငမိုက်ပါလေ
ဘယ်လောက်ထိအောင် ရူးတုန်းဆို
ငါ့မြို့ မီးဟုန်းဟုန်းတောက် ဖျက်သွား တာတောင်
ပြန်တည်ဆောက်ပြီး စောင့်ခဲ့သူလေ
နေပျော်ရာ အရပ်မှာ
နင်မပျော်တော့ရင် နှင်ခဲ့
အရှက်သိက္ခာမဲ့ ငမိုက်လေ
လမ်းတိုင်းမှာ ပန်းစိုက်ရင်း မျှော်နေမယ်
ဒီလိုနဲ့ နေ့တဓူဝ
ဝဋ်ဒုက္ခကို လျှော်ဖွတ်ရင်း
နှလုံးသားခြေကျင်းတန်းလန်းနဲ့ အကျဉ်းသား
ငါ့ထောင်ဘူးဝမှာ ငါခမ်းနားလို့ ။
လင်းသျှီလ(မြစ်ခြေ)