ဖြစ်တည်ခြင်းတရားကို
အစိမ်းသက်သက်
ခွာထားကြည့်လိုက်ကြရအောင်
ကွေကွင်းခြင်းဟာလည်း
ဝမ်းနည်းရတာပဲ
တွေ့ဆုံခြင်းဟာလည်း
ပျော်ရွှင်ရတာပဲ
လောကကြီးအပေါ်မှာ
အခြေခံသဘောလေးတွေ
ရှိတတ်ရဲ့။
ကိစ္စအတော်များများဖြင့်
စကားစမြည်ပြောဖို့အတွက်
အချိန်ဟာ ၂၄နာရီအတွင်းမှာ
မလောက်ငနိုင်ဘူး။
အဲသည်အချိန်မှာ ငါက
လူတွေအကြိုက်နည်းတဲ့ မျက်ခုံး၊
မျက်လုံးပုံစံနဲ့ ကြည့်မိတယ်။
နေထိုင်မှုက
အတင်းအဖျင်းပြောစရာ
ကောင်းလောက်အောင်
ဘာသိဘာသာ မဖြစ်ခဲ့မှန်း
ငါ့ရဲ့ ကိုယ်ကျင့်တရားသာ အသိဆုံး။
ဘာသာဗေဒမဲ့
ခန္ဓာကိုယ်အိပဲ့ပဲ့ကြီးတွေကြား
စိတ်က လေးဘက်ထောက်လျက်ပြီး ငုပ်လျှိုးလျက်
လူဟာ လူလိုပစ္စည်းတစ်ခုဖြစ်ခဲ့
အသုံးချခံ ဘဝကိုလည်း လည်ပတ်ခဲ့
မျှော်လင့်ခြင်းတွေနဲ့
တစ်နေ့နေ့မှာ
အဓိပ္ပာယ်ရှိသယောင်ပေါ့။
ဖြစ်စဉ်အကျဉ်းချုပ်သဘောက
မျှမျှတတ အသုံးပြုပြီးသား
ဦးနှောက်တွေဆို
ပေါက်ပြဲ၊ စုတ်ပြတ်၊
ညစ်ပေစရာများ မရှိနိုင်
အခုတော့
တေလေတစ်ကောင်ရဲ့
ဝဖီးသောအပြုံး မျိုးတွေနဲ့
အကြည့်ကို အကြည့်ကပဲ
သတ်သွားခဲ့ကြတာ။
ဒီလိုနဲ့ ရင်ခုန်သံတွေ
တုံ့ခနဲရပ်တန့်
အဲသည်နေ့က
ငါ မသိလိုက်ပါပဲ … … …
ပန်းကလေးတွေ သေတယ်
စိတ်မုန်တိုင်းတွေ တိုက်တယ်
တိမ်ညွန့်လေးတွေ ကြွေတယ်။
ဒါပေမဲ့
ပကတိပတ်ဝန်းကျင်မှာတော့
မိုးမရွာဘူး၊ လေမတိုက်ဘူး၊
အေးလည်းမအေးဘူး
ပြီးတော့
ပူလည်းမပူခဲ့ဘူး။
ဘုန်းမောင် (မန္တလေး)