အတွေးတွေကို အနားမသတ်ဘဲ
မျှော်လင့်ချက်တွေ
အလျားလိုက် ဖြန့်ခင်းလို့
ငါတို့လျှောက်ခဲ့ကြ
ဘယ်လောက်တောင်
လျှောက်ခဲ့ပြီးပြီလဲ
ဘာတွေခရီးပေါက်ခဲ့ပြီလဲ။
မိုင်တိုင်များစွာ
မှတ်တိုင်များစွာ
ပြန်ပြောင်းအောက်မေ့ဖွယ်ရာ
အချိန်မရသေး
လွယ်လွယ်လေးတွေးလို့
ရိုးရိုးလေးမစဉ်းစားခဲ့ကြ။
နှင်းစက်ကလေးခိုသီးနေတဲ့
မြက်ပင်ကလေးတစ်ပင်ရဲ့
အသံလေးဖြစ်ဖြစ်
ငါတို့နားမစွင့်ခဲ့လို့ ဖြစ်မှာပါ။
စာနာတတ်မယ်ဆိုရင်
နွေဦးမှာ
သစ်ရွက်လေးကြွေ တာကအစ
သင်္ခါရပဲလေ
ပန်းပွင့်လေးတွေကို မခူးဆွတ်လိုက်နဲ့
ကေသာမှာပန်ထားမှ
အလှတရားမဟုတ်ပါဘူး။
ပြတင်းပေါက်ကို
ပိတ်ထားသူရဲ့ စိတ်ကူး
အနံ့ဆိုးတွေဝင်မလာအောင်လို့တဲ့လား
လေပြေတွေသွေးနော့နေတာကိုရော
ခေါင်းလေးမော့လို့ ခံစားကြည့်စမ်း ပါ။
ကမ္ဘာကြီးကို ငြိမ်းချမ်းချင်တယ်ဆိုရင်
ကိုယ့်အတ္တကို
အရင်ငြိမ်းသတ် ကြည့်လိုက်ပါ။
မပူလောင်စေချင်တဲ့အရာမှန်သမျှ
မိမိကိုယ်ထဲ အေးချမ်းနေပါစေ။
ကဲ . . . အတွေးတွေကို
အနားသတ်လိုက်ပါ
ပြန်ပြောင်းငဲ့စောင်းကြည့်ခြင်းမှာ
ခြေရာတွေကိုဖတ်တတ်ဖို့ပဲလိုတယ်။
ခွန်အင်ကြင်း