သားသတ်ရုံထဲကသိုးလို
ဓားသွားလှည့် ရာလိုက်ကြည့်နေရတဲ့ ခေတ်
ဒီအော်ပရာ ငါမကြည့်ဘူး။
မီးလောင်တိုက်မှုတ်ပြောင်းဝမှာ မိတကွဲဖတကွဲတွေ
အတေ့ခံထားရတဲ့ခေတ်
ဒီအော်ပရာ ငါမကြည့်ဘူး။
မလုံမခြုံခံတပ်တွေနဲ့
မြို့ပျက်အူသံတည်ဆောက်နေရတဲ့ ခေတ်
ခိုးသားငါးရာနဲ့ ပျော်ပါးနေတဲ့
ဟန်ဆောင်အကန်းတွေပေါများတဲ့ ခေတ်
ဒီအော်ပရာ ငါမကြည့်ဘူး။
ညွှတ်ကွင်းထဲ စိုက်ဝင်နေတဲ့
ဘဝအသေတွေ စီးမျောနေတဲ့
ခေတ်
ဒီအော်ပရာ ငါမကြည့်ဘူး။
လူဖြစ်ကျိုး နပ်ခဲ့သလား
လူအဖြစ်ဂျိုး (ချိုး)ကပ်ခဲ့သလား
အစာအိမ်နဲ့ စီးချင်းထိုးဖို့
ကိုယ့်အသားတစ်ကို
အမှောင်ခန်းထဲ သယ်သယ်သွားနေရတဲ့
အခန်းမှောင်မှောင်တွေနဲ့
ခေတ်
မကြည့်ဘူး
မကြည့်ဘူး
မကြည့်ဘူး
ဒီအော်ပရာ ငါဘယ်တော့မှ မကြည့်ဘူး။
လင်းပြည့်အိမ်