ဇာတ်ကားတိုင်း အောင်မြင်မှု ရရှိခဲ့မှုရဲ့ လျှို့ဝှက်ချက်ကို ပြောပြတဲ့ ဒါရိုက်တာဝိုင်း

0
151

ဒီနှစ် ရုံတင်ပြသလာတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ထဲမှာဆိုရင် အကောင်းဆုံး လူကြိုက်အများဆုံး အောင်မြင်မှုရရှိဆုံး ရုပ်ရှင်ဇာတ်ကားကတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးတင်ဆက်ထားတဲ့  ‘ရင်ဘတ်ထဲက ဓား’ ဆိုတဲ့ ဒရာမာဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ရုံတင်ပြသတဲ့ နေ့ကစပြီး ရုံပြည့်ရုံလျှံအားပေးမှု ရရှိခဲ့တာဖြစ်သလို ရုပ်ရှင်လက်မှတ်ကိုလည်း တစ်ပတ်စာ ကြိုတင်ဝယ်ယူ ကြည့်ရှုတဲ့အနေအထားကို ရောက်ရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ပြီးတော့ ၂ဝ၁၇ ခုနှစ် အတွက်လည်း ဝင်ငွေအများဆုံးရရှိ ထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကား အောင်မြင်မှု အတွက် ဝမ်းသာပီတိဖြစ်ရပါတယ် ဆိုတဲ့ ဒါရိုက်တာဝိုင်းကို သူရိုက်ကူးတဲ့ ဇာတ်ကားတိုင်း အောင်မြင်မှု ရရှိနေရခြင်းရဲ့ လျှို့ဝှက်ချက်ကို မေးမြန် ကြည့်တဲ့အခါ…

”ကျွန်တော့် ဇာတ်ကားတွေ အောင်မြင်ရတဲ့ လျှို့ဝှက်ချက်ကတော့ သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ကျွန်တော် ဒီစကားကို ကြီး ကြီးကျယ်ကျယ်ပြောတာ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော် လောဘနည်းလို့ပါ။ ကျွန်တော်လော နည်းလို့သာ အခုချိန်ထိ ဒါရိုက်တာ ဝိုင်းဆိုရင် ယုံယုံကြည်ကြည်နဲ့ ကြည့်တဲ့ ပရိသတ်ထုတစ်ခုက ရှိနေတာပါ။ ကျွန်တော်လောဘကြီးပြီး ၂ လ ၁ ကား၊ ၁ လ ၁ ကားတို့ ရိုက်ကူးမယ်ဆိုရင် ကျိန်းသေပါတယ်။ အဲဒီ့ ပရိသတ်က နောက်တစ်နှစ်လောက် ကြာရင် ကျွန်တော့်ကို ကျောခိုင်းသွားမှာပါ။ ဒါပေမဲ့ အဲဒီအလုပ်ကို ကျွန်တော် မလုပ်ပါဘူး”လို့ ဒါရိုက်တာ ဝိုင်းက ပြောပြပါတယ်။

ဒီဇာတ်ကားရဲ့အောင်မြင်မှုက သူနောက် လျှောက်လှမ်းရမယ့်လမ်း တွေအတွက် ခွန်အားတွေဖြစ်စေသလို သူ့ရဲ့နောက်ထပ် ရုံတင်လာတော့မယ့် ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကိုလည်း ဒါရိုက်တာဝိုင်းက အခုလိုထပ်မံ ပြောပြခဲ့ပါတယ်။

”၂ဝ၁၇ မှာ လောလောဆယ် ဝင်ငွေ အများဆုံးဖြစ်တဲ့ ‘ဇွတ်ကျား’ ရုပ်ရှင်ဇာတ်ကားနဲ့ ဝင်ငွေချင်း မတိမ်းမယိုင်ပါ။ လောလောဆယ် လက်ရှိအခြေနေထိလေ။ ဘာပဲပြောပြော အဲဒီလိုဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ဘာလို့လည်းဆိုတော့ ဒရမ်မာဇာတ်ကားတွေဆိုရင် ရိုက်ကူးတဲ့သူတွေကပဲ အားနည်းလို့လား။ ဒါမှမဟုတ် သူတို့ပဲ စိတ်ကြိုက်မတွေ့ လို့လားမသိဘူး အားပေးခံရမှု နဲနဲလေး ဒီဘက်ခေတ်ပိုင်းမှာ ကျလာတယ်။ ဒီကားနဲ့  ပြန်အောင်မြင်လာတဲ့အတွက် အစ်ကို့အနေနဲ့ နောက်လျှောက်ရမယ့် လမ်းတွေမှာ ခွန်အား ဖြစ်စေတယ်။ အရှင်းဆုံး ပြောရရင် အစ်ကိုဆုံးဖြတ်ထားတာက ‘ရင်ဘတ် ထဲကဓား’ နဲ့ ‘ရွှေကြာ’ ဒီဒရမ်မာ ကားနှစ်ခုကို ဆန္ဒထားတယ်။ အဲဒီ့ နှစ်ခုမှ မအောင်မြင်ရင် ပုံစံတစ်ခု သွားဖို့အကို လုပ်ထားတယ်။ သို့ သော်ငြားလည်း ‘ရင်ဘတ်ထဲက ဓား’ အောင်မြင်တယ်ဆိုတော့ ‘ရွှေကြာ ‘ လည်း The Best ပါ။ နောက်ထပ် လာမယ့်’3Girls’ကတော့ ရှင်းပါ တယ်။ 3Girls ကတော့ ၂ဝ၁၇ ရဲ့ မော်ဒယ်အလန်းစားကို ကြည့်ရမှာပါ။ ဘာလို့လည်းဆိုတော့ လန်းတယ်။ အစ်ကိုပြောရဲတယ်။ ဒီနှစ် ထဲမှာ ဒီလောက်လန်းတဲ့ ဇာတ်ကား မရှိဘူး။ အခု ‘သမ္မတကြီးထံ ပေးစာ’ ရိုက်ကူးနေတုန်းပါ။ ကျွန်တော်တို့ နိုင်ငံမှာသမ္မတကြီးထံ စာရောက်ဖို့ ခက်သလိုပဲ ကျွန်တော်တို့ ‘ဇာတ်လမ်း တင်စဉ်ကနေ အခုရိုက်ကူးနေတဲ့ အချိန်ထိ တကယ့်ကို ခက်ခက်ခဲခဲ ရိုက်ကူးနေရတာပါ။ ရိုက်ကူးခဲ့ရသမျှကိုတော့ ကျေနပ်အားရပါတယ်”  လို့ ဒါရိုက်တာဝိုင်းက ပြောပြခဲ့ပါတယ်။

ရုံပြည့်ရုံလျှံ အားပေးမှုရရှိနေတဲ့  ‘ရင်ဘတ်ထဲက ဓား ‘  ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးပုံဖော်ထားကြတဲ့ ရုပ်ရှင်အဖွဲ့သားများနှင့် ပရိသတ်များတို့ တွေ့ဆုံအမှတ်တရလက်မှတ် ရေးထိုးပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီက ရှေ့ဆောင်  အဆင့်မြင့် ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here