သဘင်အစည်းအရုံး(ဗဟို) ရုံးမြေနေရာ မရရှိသေးတဲ့အတွက် သဘင်ဆိုင်ရာပြခန်းထားရှိဖို့ အခက်အခဲဖြစ်နေဟု ပတ္တမြားကေခိုင်ပြော

0
213

ဂရိတ်ဦးဘိုးစိန်၏ မောရစကြာ၊ မဏိက္ခ,၊ရှင်မွေးလွန်း မင်းနန္ဒာ၊ သုမမိတ္တာ၊ ရှင်မွန်လှ ဇာတ်တော်ကြီးတွေရဲ့ခွေးတံဆိပ်နှင့် ကိုလံဘီယာ ဓာတ်ပြားများကိုပဲခူးမြို့က ခိုင်ဓာတ်ပုံတိုက် မိသားစုက စိန်မဟာသဘင်မိသားစုအားဆက်သွယ်ပြီး လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ဒီ့အတွက်လည်းစိန်မဟာသဘင်အနေနဲ့တစ်အားပီတိဖြစ်ခဲ့ရပြီး ဒီလိုရှားပါးလှတဲ့ ဓါတ်ပြားချပ်များအား ပြန်လည်လှုဒါန်းတဲ့အတွက်လည်း အလှုရှင်များအား ကျေးဇူးအထူးတင်မိပါကြောင်း စိန်မဟာသဘင်မှ ပတ္တမြားကေခိုင်ကပြောပါတယ်။ စိန်မဟာသဘင်မိသားစုအနေနဲ့ ဂရိတ်ဦးဘိုးစိန်မှအစပြုလို့ အစဉ်အဆက်မင်းသားကြီး များရဲ့ အသုံးပြုခဲ့သောပစ္စည်းများ၊ ကက်ဆက်အခွေများစတာတွေကို ပြန်လည်သိမ်းဆည်း ထားပြီး စိန်မဟာသဘင်မှပြုလုပ်သော ဖျော်ဖြေပွဲများတွင် ပြန်လည်ပြသသွားမှာဖြစ် တယ်လို့လည်းသိရပါတယ်။

”အစ်မတို့ဆီမှာလည်း ဦးဖိုးစိန်လက်ထက်တုန်းကပစ္စည်းတွေက တစ်အားကြီးတော့ မရှိတော့ဘူး။ အိမ်ပြောင်းတာ ရွေ့တာနဲ့ ဆိုတော့လေ။ ပြီးတော့ ဦးဘိုးစိန်က သားသမီးများတော့ သားသမီးတွေ တစ်စုတစ်စု ပါသွားပြီးတော့မှ အကုန် ပြန့်ကျဲကုန်တာပေါ့။ သူများ လက်ထဲတွေရောက်ကုန်တာတွေလည်း ရှိတယ်။ အစ်မတို့ ဆီမှာတော့ ဦးဘိုးစိန်တံဆိပ် နှိပ်ထားတဲ့ ထမင်းစားတဲ့ ပန်းကန်ပြားတွေတော့ ရှိတယ်” လို့ ဂရိတ်ဦးဘိုးစိန်ရဲ့ မျိုးဆက်တစ်ဦးဖြစ်တဲ့ ပတ္တမြားကေခိုင်ကပြောပါတယ်။ ဦးဘိုးစိန်၊ ဦးရွှေမန်းတင်မောင်၊ ဦးစိန်အောင်မင်း စတဲ့ သဘင့်မင်းသားကြီးတွေရဲ့ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေ၊ ဓါတ်ပုံတွေ၊ ဓါတ်ပြားနဲ့ ကက်ဆက်အခွေတွေကို မြန်မာနိုင်ငံသဘင် ပညာရှင်အစည်းအရုံး(ဗဟို)အနေနဲ့ နောင်လာနောင်သားတွေ ပြန်လည်ကြည့်ရှုလို့ ရနိုင်အောင် လုပ်ဆောင်သွားဖို့ရှိလားလို့ ဆက်မေးတော့..”တစ်အားကိုလုပ်သင့်တဲ့ ကိစ္စပါ။ ကိုဖိုးချစ်ကော အစ်မတို့ကော တစ်အားဆန္ဒပြင်းထန်တယ်။ သဘင်အစည်းအရုံး အဆောက်အဦးလေး အသစ်လေးဖြစ်လာပြီဆိုရင် ပြခန်းတစ်နေရာကို ထားချင်တာပါ။ ဆိုင်းဆိုလည်းဆိုင်းပေါ့။ ဒါပေမယ့်လို့လည်း လောလောဆယ်ဆယ်မှာတော့ ရုံးမြေနေရာက မရသေးပါဘူး။ ရုံးမြေနေရာအတွက်ကြိုးစားနေဆဲပါ။ အခုအချိန်အထိတော့ အဆောက်အဦး ဆောက်ဖို့အတွက်အဆင်မပြေဘူး ဖြစ်နေပါတယ်။ လက်ရှိအဆောက်အဦးကလည်း တော်တော်ကို ဟောင်းနေပါတယ်။ ပြီးတော့၃ထပ်ဆိုတာကလည်း ကျဉ်းကျဉ်းလေးပါ။ အဆင် တော်တော်ကို မပြေပါဘူး။ အစ်မတို့က အခုလက်ရှိ သဘင်အစည်းအရုံးရုံးကို တောင်းတာမဟုတ်ပါဘူး။ တခြားကျယ်ဝန်းတဲ့ မြေနေရာကို တောင်းထားတာပါ။ ရန်ကုန်မြို့ရဲ့ ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့။ အခုလက်ရှိ အဆောက်အဦးမှာကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒီ့အတွက်သဘင်အစည်းအရုံး (ဗဟို)ရုံးနေရာလေး လျှောက်ထားတယ်”လို့ လက်ရှိအနေအထားနဲ့ ပတ်သက်လို့ သဘင်အစည်းအရုံး(ဗဟို)ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်ကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here