တစ်ကားနဲ့တစ်ကား အိုက်တင် မထပ်အောင် ကြိုးစားနေပါတယ် အိချောပို

0
178

အိချောပိုနဲ့ မြင့်မြတ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘အမည်ပေါက်နှင့်ကျူး’ ဒရာမာရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁ဝ ရက်နေ့ကစပြီး ရုံတင်ပြသနေပြီး ပရိသတ်တွေနဲ့တွေ့ဆုံ အမှတ်တရလက်မှတ်ရေးထိုးပွဲကိုလည်း နိုဝင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ အိချောပိုကို ကျူးကျော်ရပ်ကွက်မှာနေထိုင်တဲ့ ပတ္တာမြားဆိုတဲ့ကောင်မလေးရဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အိချောပိုက…

”အိချောတို့ တကယ့်ကျူးကျော် ရပ်ကွက်မှာသွားရိုက်ကူးရတယ်။ အဖွဲ့သားတွေ အားလုံးလည်း ကြိုးကြိုးစားစားနဲ့ကို သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားလေး အတွက် အိချောကိုလာငှားကတည်းက အိချောဇာတ်ကလေးကိုကြိုက်လို့ လက်ခံဖြစ်လိုက်တာပါ။ ဇာတ်လမ်းလည်းကောင်းတယ် ။ကိုယ့်အတွက်လည်း လုပ်ကွက် လေးရှိတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် အိချောက ဆံပင်အရှည်လေးနဲ့ ပြောရမယ့် ဒိုင်ယာလော့တွေ ပါမယ်ဆိုတော့ ဆံပင်အရှည်ဆက်လိုက်တယ်။ အဝတ်စား ပိုင်းကတော့ သဘာဝဆန်ဆန်လေးပဲပြင်ထားပါတယ်”လို့ ပြောပြပါတယ်။ အခုလက်ရှိမှာတော့ အိချောပိုရဲ့ ရုပ်ရှင်ဇာတ်ကား ၄ကား ၅ကား လောက် ရုံတင်ပြသခဲ့ပြီးပြီ ဖြစ်သလို နောက်ထပ်လည်း ရုံတင်ပြသလာမယ့် ရုပ်ရှင်ဇာတ်ကားတွေရှိနေသေးကြောင်းလည်း အိချောပိုက ပြောပါတယ်။

”နောက်ထပ်လည်း အိချောရဲ့ ဇာတ်ကားတွေ ရုံတင်ပြသလာဖို့ရှိပါသေးတယ်။တစ်ချို့ ဇာတ်ကားလေးတွေဆို လွန်ခဲ့တဲ့ ၂နှစ်၊ ၃နှစ် လောက်ကတည်းက ရိုက်ကူး ထားတဲ့ ဇာတ်ကားလေးတွေပါ။ နှစ်စတုန်းက ရုံမတင်ရဘဲ အခုနောက်ပိုင်းမှ တောက်လျှောက် ရုံတင်လာသလိုဖြစ်နေတယ်။ အိချောလည်း တစ်ကားနဲ့တစ်ကား အိုက်တင်တွေ မထပ်အောင် အကောင်းဆုံးကြိုးစားထားပါတယ်။ ပရီသတ်တွေကို ရသမျိုးစုံပေးနိုင်တဲ့ ဇာတ်ကားတွေ ဖြစ်မယ်လို့လည်း အိချောယုံပါတယ်”လို့ ပြောပါတယ်။

သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရုံတင်ပြသလာတဲ့အတွက် ဝမ်းသာပျော်ရွှင်ရပါတယ်လို့ ပြောပါတယ်။ ရုံတင်ပြသလာတဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုရရှိဖို့ မျော်မှန်းတာမျိုးရှိလားဆိုတော့ အိချောပိုက…

”အိချောကတော့ ကိုယ်ရိုက်ကူးရတဲ့ ဘယ်ဇာတ်ကားမဆို အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်ပါတယ်။ အကယ်ဒမီအတွက်ဆိုတာကတော့ ကိုယ့်ရဲ့ ကြိုးစားမှုပဲလေ။ အဲဒီအတွက် ကိုယ်လုပ်ဆောင်ရတဲ့ အရာအပေါ်ကိုပဲ အကောင်းဆုံး သရုပ်ဆောင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အခုလတ်တလောမှာတော့ အိချောပိုက ဒါရိုက်တာ နေပိုင် ရိုက်ကူးနေတဲ့ ”ဒယ်ဒီဖားကင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ်နဲ့အတူ ကလောမြို့မှာ သွားရောက် ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here