ခရီးသွားရာသီမှာ ဘယ်လိုနေရာဒေသတွေကို ခရီးထွက်ကြမလဲ

0
195

ဒီတစ်ပတ်မှာတော့ ရသီဥတုက လည်းတစ်နိုင်ငံလုံးအနှံ့ သာယာကောင်းမွန်လာပြီမို့ မိသားစုအလိုက်၊ သူငယ်ချင်းအုပ်စုအလိုက် ဒါမှမဟုတ် ချစ်သူစုံတွဲတွေ မြန်မာပြည်အနှံ့ ခြေဆန့်ခရီးထွက်ကြတဲ့ အချိန်ကိုလည်းရောက်လာပါပြီ။ ဒါကြောင့် ပေါ်ပြူလာစာဖတ်ပရိတ်သတ်တွေအတွက် နယ်ပယ်စုံမှလူငယ်တွေရဲ့ သူတို့အကြိုက်ဆုံး ပြည်တွင်းခရီးစဉ်တွေနဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

နန်းခင်ဇေယျာ (သရုပ်ဆောင်)
ခရီးသွားမယ်ဆိုရင် ကားနဲ့သူငယ်ချင်းတွေစုပြီးသွားကြတာ ပိုပြီးတော့ အတွေ့အကြုံရတာပေါ့နော်။ နန်းခင်ကတော့ ပုဂံကိုသွားလည်စေချင်ပါတယ်။ ဘောလုံးတွေလည်း စီးလို့ရမယ်။ နေဝင်ချိန်တွေလည်း ကြည့်လို့ရမယ်။ တချို့ ဘုရားတွေပေါ်တက်ပြီး ပုဂံတစ်မြို့လုံးရဲ့အလှအပကိုလည်း ကြည့်ရှုနိုင်မယ်ပေါ့၊ ရာသီဥတုလည်း မပူတဲ့အတွက် ခုလောလောဆယ်တော့ ပုဂံကိုသွားရောက်လည်ပတ် ကြစေချင်ပါတယ်။ ပုဂံကိုသွားမယ်ဆိုရင် အပူပိုင်းဇုန်ဖြစ်တယ်။ နေကနည်းနည်း အေးနေပေမယ့် Sun Cream လို မျိုးယူသွားသင့်ပါတယ်။ ပုဂံရောက်ရင် စက်ဘီးလေးစီးပြီး ပုဂံရဲ့အလှအပကို ခံစားသင့်ပါတယ်။ အခုဆိုရင် ခဏအလှထိုးတဲ့ တက်တူးလေးတွေလည်း အမှတ်တရ ထိုးကြစေချင်ပါတယ်။ နန်းခင် ပုဂံရောက်တဲ့ အချိန်မှာ ခံစားရတာကလေ နယ်ဒေသတစ်ခုဖြစ်လို့ ဒေသခံတွေရဲ့ လူနေမှုပုံစံတွေ ကြည့်နိုင်တယ်။ ရိုးရာအလှအပတွေ မြင်နိုင်တယ်။ နောက် မြန်မာတွေ တစ်ချိန်က ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားခဲ့ကြသလဲ ဆိုတဲ့ သက်သေတစ်ခုကို ပြသတဲ့ ဂုဏ်ယူစရာ နေရာတစ်ခုဖြစ်လို့ ရောက်အောင် သွားစေချင်ပါတယ်။ ခရီးသွားတဲ့အခါမှာ ညီမကတော့ အေးအေးဆေးဆေး လည်ချင်ရင် ကိုယ့်သူငယ်ချင်းတွေ စုသွားကြတာမျိုးကို အားပေးချင်ပါတယ်။ Tour နဲ့ သွားတာကကျတော့ Tour Guide ကရှင်းပြလို့ အသေအချာ နားလည်ရတာတွေ၊ ကိုယ်မရောက် မသိတဲ့ နေရာတွေ ရှာရှာဖွေဖွေ ရောက်တာမျိုးရှိပါတယ်။ အများနဲ့ သွားကြတာဖြစ်လို့ အချိန်တော့ လုသွားရတာမျိုး ဖြစ်တတ်ပါတယ်လို့။

ဦးအောင်စိုးမိုး
(နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံစစ်တွေ)
အကြိုက်ဆုံးခရီးကတော့ ကမ်းခြေတွေပါဘဲ။ ပင်လယ်စာတွေစားပြီး ပင်လယ်ပြင်ကြီးကို ထိုင်ကြည့်နေရတဲ့အရသာက စိတ်ကြည်လင်စေပြီး ပင်ပန်းမှုတွေ ပြေပျောက်စေတယ်လို့ ခံစားရပါတယ်။ ကမ်းခြေဒေသတွေ သွားကြတဲ့အခါမှာလည်း ကိုယ်သွားနေကြမဟုတ်ရင် ရေအနက်ကြီးတွေ ထဲမဆင်းမိဖို့ ကလေးတွေပါရင်လည်း ကလေးတွေကို ကမ်းနဲ့ဝေးတဲ့ နေရာတွေအထိ ခေါ်ပြီးမဆော့ကြဖို့ အကြံပြုချင်ပါတယ်။ နေရာဒေသ အသစ်ဖြစ်တာကြောင့် လူတွေနဲ့အတူဘဲ ရေကူးတာ ရေကစားတာတွေ လုပ်သင့်ပါတယ်။ အရဲစွန့်ပြီး မပျော်ကြဖို့ အကြံပေးချင်ပါတယ်။ ပျော်စရာကောင်းတဲ့ ခရီးတွေသွားနိုင်ကြပါစေ။

နော်ထိုက်(Travel by Naw Htike -Travel Blogger)
အစ်မအကြိုက်ဆုံး ခရီးစဉ်ကတော့ အခုချိန်မှာ ကော့သောင်းက ကျွန်းစုတွေကို ညွှန်းချင်ပါတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နေရာတစ်ခုဖြစ်လို့ အဲဒီနေရာကို ပြောပြချင်ပါတယ်။ ကော့သောင်းကို သွားကြမယ်ဆိုရင် ပုံစံ၂ မျိုးနဲ့ သွားနိုင်ကြပါတယ်။ Luxury နဲ့ သွားမယ်ဆိုရင် လေယာဉ်နဲ့သွား သူဌေးကျွန်းက ကြယ်ငါးပွင့်ဟိုတယ်မှာ တည်းပေါ့။ အဲဒီကျွန်းပေါ်က ဟိုတယ်က တအားမိုက်ပါတယ်။ ကာစီနိုတွေကအစရှိလို့ တကယ့်ကို ပျော်စရာ ကောင်းမှာပါ။ နောက်တစ်ခုကတော့ Budget Tour ပေါ့။ ဒါကတော့ ကားနဲ့သွားလို့ရပါတယ်။ ကော့သောင်းမှာရှိတဲ့ ကျွန်းတွေကို သွားမယ်ဆိုရင် ခုလိုမျိုး မိုးအကုန်ကနေ (၃)လပိုင်း အလည်လောက်အထိ သွားသင့်ပါတယ်။ (၃)လပိုင်း အလယ်လောက်ဆိုရင် လှိုင်းကြီးလာတော့ သိပ်သွားလို့ မကောင်းဘူးပေါ့။ ကော့သောင်းဘက်ကို သွားကြမယ်ဆိုရင် အဓိက အကြောင်းရင်းက ရေအောက်အလှတွေက တအားလှပါတယ်။ ရေထဲဆင်းရမယ်။ ရေငုပ်ရမယ်ဆိုတဲ့အတွက် အသားမမည်းအောင် လက်ရှည်အသားကပ်တွေ၊ နောက် Alegic ဖြစ်စေတဲ့ babyfish လေးတွေ ရှိနေတဲ့အတွက် တစ်ခါတလေ သူတို့နဲ့ထိမိရင် မတည့်ရင် ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိမ်းဆေးလေးတွေ ယူသင့်ပါတယ်။ ဒါကတော့ ဆောင်ရန်ပေါ့။ ရှောင်ရန်ကျတော့ အဓိကက အမှိုက်ပါဘဲ။ ကိုယ့်နိုင်ငံထဲမှာ အရမ်းလှတဲ့ ဂုဏ်ယူစရာ ကျွန်းစုတွေကို အမှိုက်ကြောင့် ပျက်စီးတာမျိုး မဖြစ်စေချင်ပါဘူး၊ နောက်တစ်ခုက သန္တာကျောက်တန်းတွေ ကော့သောင်းက ကျွန်းစုတွေမှာ အများဆုံးရှိနေပြီး လက်နဲ့ ချိုးဖဲ့မယူကြဖို့ သတိပေးချင်ပါတယ်။ ကိုယ်ကတော့ လှလို့ဖဲ့ယူလာပေမယ့် ဒါတွေက နှစ်ပေါင်းများစွာ ရေအောက် အလှကို ထိန်းတဲ့အရာတွေဖြစ်ပြီး ကိုယ်ယူလာရင် ကိုယ်တစ်ယောက်တည်းပဲ ဆိုင်မှာပါ။ မဟုတ်ရင်တော့ လူအများကြီးကို ဆွဲဆောင်နိုင်မှာပါဆိုပြီး၊ အဲဒီ ဒေသကသူတွေက မေတ္တာရပ်ခံတတ်ပါတယ်။

ကိုစိုးထိုက် (ဖဒို)
ဒီအချိန်ခရီးသွားမယ်ဆိုရင်တော့ ပင်းတယမြို့ကိုညွှန်းချင်ပါတယ်။ မသွားခင်ပြင်ဆင်ရမယ်ဆိုရင်တော့ အနွေးထည်နဲ့ ကင်မရာကောင်းကောင်း တစ်လုံးလိုပါတယ်။ Tracking ဝါသနာပါရင်တော့ ဖိနပ်တို့ Tent တို့ Sleeping bed တို့လိုတာပေါ့နော်။ ဇန်နဝါရီလနဲ့ ဒီဇင်ဘာလတွေဟာ ရှမ်းတောင်တန်း စိုက်ခင်းတွေမှာ နှမ်းပန်းပွင့်ပြီဆိုတော့ တော်တော်လေးကိုလှပါတယ်။ ရွှေဥမင် ဘုရား၊ ကုံလုံဆရာတော်ကြီး စံကျောင်းတွေကို သွားဖူးလို့ရပါတယ်။ အပန်းဖြေ စရာနေရာတွေဆိုရင် ရွာငံရွာက မြသပိတ် ရေပြာအိုင်ကိုသွားပြီးရင် အနီးက တောကြယ်ရေတံခွန်မှာ ရေကူးကြလို့ရပါတယ်။ နောက်ပြီး မိန်းမရဲသခင်မ တောင်ပေါ်ကနေ နှမ်းပန်းတွေပွင့်နေတဲ့ ရှမ်းလွင်ပြင်ကြီးကိုကြည့်မယ် သဘာဝအလျှောက် ပေါက်နေတဲ့ နှစ်ပေါင်းရာချီ သစ်ပင်ကြီးတွေနဲ့ ဓာတ်ပုံရိုက်လို့ ကောင်းပါတယ်။ ရိုးရာ စက္ကူထီးလုပ်ငန်းတွေကို သွားလေ့လာမယ်။ အဲဒီ စက္ကူထီးတွေက ဝယ်သူလာမှ ချက်ခြင်းလုပ်ပေးတာဖြစ်လို့ ဗဟုသုတအဖြစ် ကြည့်လို့ရသလို မှတ်တမ်းတင်လို့လည်း ရပါတယ်ဗျ။ ပင်းတယဈေးထဲသွားပြီး ဝက်သားချဉ်နဲ့ ရှမ်းစာတွေ စားကြမယ်။ ပင်းတယမြို့ဟာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဖြစ်တဲ့အပြင် ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းကြတဲ့ ဓနုလူမျိုးတွေအများစု နေတာဖြစ်လို့ တိုင်းရင်းသားတွေအမြင်မှာ မသင့်တော်စေမယ့် အပြုအမူမျိုးတော့ ရှောင်စေချင်တယ်။ ဥပမာဘုရား စေတီပရဝဏ်မှာ ဆေးလိပ်သောက်တာကို အထူးတားမြစ်ပါတယ်။ ဓနုအိမ်တွေကို သွားလည်ရင်လည်း ဘုရားကျောင်းဆောင် ရှေ့ရောက်ရင် ဘုရားသုံးကြိမ် ဦးချရပါတယ်။ တခြားတော့ အထွေအထူး တင်းကျပ်ထားတာ မရှိပါဘူး။ သန်ရှင်းပြီး အမှိုက်နည်းတဲ့မြို့ဖြစ်လို့ အမှိုက်တွေကိုတော့ စည်းကမ်းတကျပစ်ဖို့ လိုပါတယ်။

ဒေါ်ရတနာထိုက်(ရွှေလက်ဝါ)
မိုးကုတ်မြို့လေးကို လာလည်ကြဖို့ ညွှန်းချင်ပါတယ်။ မိုးကုတ် လာမယ်ဆိုရင်တော့ နွေ၊ မိုး၊ ဆောင်း ဘယ်အချိန် ရာသီဥတုလာလာ အနွေးထည် ထူထူတွေ ယူခဲ့ဖို့လိုပါတယ်။ မိုးကုတ် – မန်းလေးကားတွေနဲ့ တက်လာတဲ့ သူတွေအဖို့ မိတ်ဆွေသူငယ်ချင်းနဲ့ အမျိုးတွေရှိရင်တော့ သူတို့အိမ်က ကား၊ ဆိုင်ကယ်တွေနဲ့ လည်ပတ်နိုင်ပြီး အသိအကျွမ်း မရှိရင်တော့ မန်းလေးက တက်လာတဲ့ ကားဆရာဆီမှာပဲ တစ်ရက်ကားခ ၃၅ဝဝဝ၊ ၄ဝဝဝဝ ကျပ်စသဖြင့် ရက်တွက်နဲ့ငှားပြီး လည်ပတ်နိုင်ပါတယ်။ Travel and Tour နဲ့ Package ခရီးသွားတွေ အတွက်ကတော့ တည်းခိုခန်းခနဲ့ မြို့ထဲ လည်ပတ်ခ ထပ်မပေးရဘဲ Tour ကားနဲ့ပဲ လည်ပတ်နိုင်ပါတယ်။ မိုးကုတ်ကို သွားတဲ့လမ်းဟာ လမ်းဟောင်း လမ်းသစ် ၂ မျိုးရှိတာမို့ ကိုယ်ကြိုက်နှစ်သက်တဲ့ လမ်းကနေလည်း သွားနိုင်ပါတယ်။ လမ်းဟောင်း သပိတ်ကျင်းလမ်းက သွားရင်တော့ လက်ပန်လှတို့ ရွှေညောင်ပင်တို့မှာ ခဏနားပြီး တောင်ပေါ်ဒေသရဲ့ ဓလေ့ အငွေ့အသက်လေးတွေကို မိုးကုတ်မရောက်ခင်တည်းက ကြိုတင်ခံစားနိုင်ပါတယ်။ ၉၉၉ ကွေ့လို့ နာမည်ကြီးတဲ့ မိုးကုတ်ရဲ့ မြွေလိမ် မြွေကောက်လမ်းတွေကို ဖြတ်သန်းရမှာဖြစ်ပြီး မိုးကုတ်ရောက်ပြီ ဆိုရင်တော့ ဖောင်တော်ဦး၊ ဘုရားချမ်းသာကြီး၊ ဘုရားရွှေဂူကြီးဘုရားတွေကို ဝင်ရောက်ဖူးမြော်ကြပြီး ယုံကြည်မှုရှိတယ် ဆိုရင်တော့ ရွှေဂူကြီးဘုရားနားက မိုးကုတ်ဘိုးဘိုးကြီးဆီ ဦးတိုက်ပြီး လိုအပ်တာများလည်း ဆုတောင်းနိုင်ပါတယ်။ ဘော်ဗဒါန်းက မိုးကုတ်ဆရာတော် ဘုရားကြီး တရားကျင့်ကြံ အောင်မြင်ခဲ့တဲ့ ဂူကိုလည်း သွားရောက်ဖူးမြော်ရင်း ဘော်ဗဒါန်းက ခဲတွင်းကျောက် လုပ်ငန်းအချို့ကိုလည်း လေ့လာနိုင်ပါတယ်။ မိုးကုတ်မြို့ ကနေ မိုးမိတ်အထွက် အာဒံဧဝဥယျာဉ်ကိုလည်း လည်ပတ်နိုင်သလို မိုးကုတ် ပြင်ဦးလွင်အထွက် ကင်းချောင်း ရေတံခွန်နဲ့ ကစားကွင်းကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။ မိုးကုတ်မြို့ကို လည်ပတ်ဖို့ အကောင်းဆုံး အချိန်ကတော့ ဒီဇင်ဘာ ဇန်နဝါရီနဲ့ မတ်လ တပေါင်းလတို့ပဲ ဖြစ်ပါတယ်။ ဆောင်းကာလ အလည်လာသူတွေအတွက် မိုးကုတ်ရဲ့ ချမ်းတဲ့အရသာလေးကို ထိထိမိမိ ခံစားရမှာ ဖြစ်ပြီး တောင်နေကြာတွေနဲ့ လှနေတဲ့ မိုးကုတ်ရှုခင်းတွေ ချယ်ရီပန်းတွေနဲ့ ဝေဆာလှပနေတဲ့ တောင်ပေါ်ဒေသ ရှုခင်းတွေကို ခံစားရမှာပါ။ အချိန်လည်း ထပ်ပေးနိုင်တယ်ဆိုရင်တော့ မိုးကုတ်ဘားနဒ်ဈေးနဲ့ စစ်သင်္ချိုင်းကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ ဆောင်းတွင်းပိုင်းဆိုရင်တော့ အေးခဲနေတဲ့ ရေခဲချပ်တွေ ရေခဲမုန်လာတွေ မုန်ညင်းတွေကိုလည်း တွေ့ကြရဦးမှာပါ။ မိုး ကုတ်အပြန် လက်ဆောင်ကိုတော့ မိုးကုတ်ဒေသထွက်ပဒေသာ လက်ဖက်စို လက်ဖက်ခြောက် အာတလွတ်ကြော် ခေါပုပ်နဲ့ မိုးကုတ်ကျောက်မျက် ပန်းချီတွေကိုလည်း ဝယ်ယူသွားနိုင်ပါတယ်။ မိုးကုတ်ရဲ့ အဓိကစီးပွားရေးတွေဖြစ်တဲ့ မိုးကုတ်ရုပ်ရှင်ရုံထာပွဲနဲ့ ပန်းခြံထာပွဲကို သွားရောက်လည်ပတ် လေ့လာရင်း ကိုယ်နှစ်သက်တဲ့ ကျောက်မျက်ရတနာလေးတွေ တွေ့ရင်လည်း ကိုယ့်အတွက်ဖြစ်စေ မိတ်ဆွေသူငယ်ချင်းတွေအတွက် ဖြစ်စေ တတ်နိုင်သလောက် ဝယ်ယူသွားလို့ ရပါတယ်။ ကျောက်မျက်ရတနာ ဆိုပေမယ့် ထောင်ပိုင်း၊ သောင်းပိုင်းကနေ သိန်းရာချီအထိ ဈေးအမျိုးမျိုး ရှိတာမို့ ကိုယ့်စိတ်ကြိုက် ရွေးချယ်ဝယ်ယူလို့ ရပါတယ်နော်။ ကဲ ဒီလောက်ဆိုရင်တော့ နာမည်ကျော်မိုးကုတ် ပတ္တမြားမြေကို လာရောက်လည်ပတ်ဖို့ အဆင်ပြေပြီ ထင်တယ်နော်။ လာဖြစ်အောင် လာခဲ့ပါလို့ပဲ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ကိုဝင်းထွန်းနွဲ့ ဦး
MD (Golden Age Car Gßental And Transportation ကုမ္မဏီ)
အကောင်းဆုံး အပန်းဖြေချင်ရင် ငပလီကမ်းခြေကို ညွှန်းချင်ပါတယ်။ ဘယ်ကမ်းခြေနဲ့မှ မတူဘူး အလှဆုံးနဲ့ စိတ်အပန်း အပြေဆုံးပါ။ အပြန်မှာ ကမ်းသာယာ ကမ်းခြေလည်း ထပ်ဝင်လို့ ရသေးတယ်လေ။ ဘာတွေပြင်ဆင်ရမလဲဆိုတော့ အထွေအထူး မရှိပါဘူး ပေါ့ပေါ့ပါး အဝတ်အထည်တွေနဲ့ ကိုယ့်အတွက် အိမ်သုံးဆေးဝါး ဒါလေးတွေ ဆောင်သွားသင့်ပါတယ်။ လမ်းကြောင်းအနေနဲ့ ဆိုရင် ရန်ကုန်-ဂွ-ငါးသိုင်းချောင်းလမ်း အတိုင်းသွားရင် လမ်းလည်းကောင်းပါတယ်။ လေယာဉ်နဲ့လည်း သွားနိုင်ပါတယ်။ ရန်ကုန်ကနေ ငါးသိုင်းချောင်းကိုသွားပြီး အဲဒီကနေဂွကိုက တောင်တက်တောင်ဆင်းလမ်းမိုင် ၅ဝ လောက်ရှိပါတယ်။ အတတ်အဆင်း အကွေ့အကောက်များတယ် ကားမူးတတ်တဲ့ လူတွေဆို အတော်မူးတဲ့ ဒဏ်ကို ခံရပါလိမ့်မယ်။ ၃ နာရီလောက်ကြာပါတယ်။ ပြည်တွင်းက ခရီးသွားတွေအနေနဲ့ ကမ်းခြေသွားရတာ ဝါသနာပါမယ်ဆိုရင် ချောင်းသာတို့ ငွေဆောင်တို့လည်း ရောက်ပြီးပြီဆိုရင် ငပလီကို မဖြစ်မနေ ရောက်အောင်သွားဖို့ အကြံပေးပါတယ်။ ကမ်းခြေတစ်လျှောက် အရမ်းလှပြီး ဓါတ်ဖမ်းလို့ကောင်းတဲ့ နေရာတွေလည်း အများကြီးပါ။ နောက်ပြီး ပုလဲကျွန်းကိုလည်း စက်လှေလေးနဲ့သွားပြီး ရေငုပ်လို့ရပါတယ်။ အရမ်းအနက်ကြီး ငုပ်စရာမလိုပါဘူး။ ရေတိမ်တိမ်လေးမှာကို ပင်လယ်ငါး လှလှလေးတွေကို မြင်နေရပါပြီ။ အဓိကကတော့ ငပလီက အရမ်းလှပါတယ်။ အမှိုက်မရှိသလောက် ကမ်းခြေဖြစ်လို့ ကိုယ့်ကြောင့် မညစ်ပတ်အောင် ဂရုစိုက်စေချင်ပါတယ်။ အသားမည်းမှာ ကြောက်တဲ့သူတွေအတွက် နေလောင်ခံ လိမ်းဆေးတို့ လက်ရှည်တို့ မပါမဖြစ် ယူသွားကြစေချင်ပါတယ်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here