ဒါရိုက်တာမင်းဦး ထည့်ပေးတဲ့ စိတ်နဲ့ပဲ ချူဆီကို သရုပ်ဆောင်ခဲ့သူ ကျော်ထက်အောင်

0
307

သရုပ်ဆောင် မင်းဦး ပထမဆုံး ဒါရိုက်တာ အနေနဲ့ရိုက်ကူးပြီး မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ နန်းဆုဦး နဲ့မေတို့ အဓိက ပါဝင်ထားတဲ့ “ချူဆီ” ဇာတ်ကားမှာတော့ ကျော်ထက်အောင်ကို  KTV တစ်ခုက မန်နေဂျာလင်းဦးမောင် ကာရိုက်တာနဲ့ မြင်တွေ့ရပါတယ်။ ဒါရိုက်တာ မင်းဦးထည့်ပေးတဲ့ စိတ်နဲ့ပဲ သရုပ် ဆောင်ခဲ့တယ်ဆိုတဲ့ ကျော်ထက်အောင်ရဲ့ ချူဆီအမှတ်တရတွေကတော့… “ချူဆီဇာတ်ကားကတော့ ကျွန်တော့်အတွက် ကားကြီး ရှစ်ကားမြောက်ပါ။ အတွေ့အကြုံတွေလည်း ကျွန်တော် တစ်ခါမှမလုပ်ဖူးတဲ့ ပုံစံသစ်ပါပဲ။ ကျွန်တော် အပြင်မှာ နေထိုင်တာနဲ့ မတူတဲ့ကာရိုက်တာတစ်ခုကို လုပ်ရတဲ့ အတွက်ကြောင့်ပါ။ ကိုမင်းဦးထည့်ပေးတဲ့ စိတ်တွေနဲ့ပဲ လုပ်ခဲ့ရတယ်။ ကိုမင်းဦး သင်ပေးတာတွေ အထဲမှာ လွယ်မယောင်နဲ့ခက်တဲ့ အပိုင်းတွေ ရှိခဲ့ပါတယ်။ အိုက်တင်ကို ပါးပါး လေးတွေလုပ်ရတော့ ပိုခက်ပါတယ်။ တွဲရိုက်ရတဲ့ မင်းသမီးတွေ ကလည်း ကိုယ်နဲ့ ခင်နေတဲ့ သူငယ်ချင်းတွေ ဖြစ်နေတဲ့အတွက်လည်း ရိုက်ကူးရတာ အဆင်ပြေခဲ့ ပါတယ်။ နောက်တစ်ခုက နှုတ်ခမ်းမွှေး ထားခဲ့ရတာလည်း အမှတ်တရပဲ။ မရိုက်ခင် ကတည်းက နှုတ်ခမ်းမွှေးကို အချိန်တော်တော်ကြာကြာ ထားခဲ့ရတယ်”လို့ ကျော် ထက်အောင်က ပြောပြပါတယ်။

ကျော်ထက်အောင်က အောက်တိုဘာလ(၁၉)ရက်နေ့  သိမ်ဖြူစာအုပ်လမ်းမှာ ပြုလုပ်ခဲ့တဲ့ ဝတ္ထုဇာတ်ကောင်များနှင့် စကားပြောခြင်း (ပန်းမြိုင်လယ်က ဥယျာဉ် မှူး) ပွဲမှာလည်း ပါဝင်ကူညီခဲ့ပါတယ်။ ဆရာ လယ်တွင်းသားစောချစ်ရဲ့ ဝတ္ထု ဇာတ်ကောင် တစ်ယောက် အနေနဲ့ပါဝင်ဖြစ်တဲ့ အကြောင်းကို…”ပထမအကြိမ် ပြုလုပ်တုန်းက ကျွန်တော်တို့ဆရာမလွန်းထားထားရဲ့ “မော့ကြည့်တော့ ကြယ်” ဝတ္ထုပါ။  ကျွန်တော့်  ဇာတ်ကားရိုက်တော့ “ကြယ်”လို့ နာမည်ပြောင်း ပေးထားပါ တယ်။ အဲဒီဇာတ်ကားမှာ သရုပ်ဆောင်ထားတာကို လာပြီးပြောပေးခဲ့ရပါတယ်။ အခုတစ်ခေါက်တော့ တကယ့်ကို အမှတ်တရဖြစ်စေမယ့် ဆရာကြီး လယ်တွင်းသား စောချစ်ရဲ့ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး”ကို ကျွန်တော်တို့ပြန်ရိုက်တော့ “နေခြည် မှာရွှေရည်လောင်း” ဇာတ်ကားပေါ့။ အဲဒီဝတ္ထုထဲက ဇာတ်ကောင်တွေနဲ့ ပါဝင်ပြီး စကားပြောရတယ်ဆိုတော့ အင်မတန်ဝမ်းသာမိပါတယ်။ ပရိတ်သတ်တွေ မေးသမျှ ကိုလည်း ဖြေပေးတဲ့ပုံစံလေးပါ” လို့ ကျော်ထက်အောင် က ပြောပြပါတယ်။

မြတ်မိုးပွင့် 

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here