သီချင်းတွေနဲ့ပျံသန်းခဲ့တဲ့ရဲလေးရဲ့MY WORLD MY FANS MY SHOW ဂီတဖျော်ဖြေပွဲ

0
253

ရဲလေးရဲ့  ‘My World My Fans My Show’ ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ညက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲ မတိုင်ခင် ကြားထဲမှာ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သလိုဖြစ်သွားခဲ့တဲ့ ရဲလေးက အရင်သီချင်းဟောင်းတွေရော၊ အခုနောက်ထွက်မယ့် သီချင်းအသစ်တွေရော များစွာ ဖျော်ဖြေခဲ့ပါတယ်။ ပါဝင်ကူညီပေးကြတဲ့ အဆိုတော်တွေကလည်း အရင်ခေတ်က ရဲလေးနဲ့ အတူတူသီဆိုခဲ့ကြတဲ့ Sophia Everest, ဘီလီလမင်းအေးတို့အထိ  ပါဝင်ပေးခဲ့ကြပါတယ်။

ဒီရှိုးပွဲနဲ့ ပတ်သက်ပြီး ရဲလေးက… ”တကယ့်ကို ပျော်ရွှင်ခဲ့ရပါတယ်။ သီချင်းအပုဒ်ရေ ၃၈ ပုဒ်လောက် ဖျော်ဖြေတယ်။ ကျွန်တော်တို့တွေ အတူတူ ပျော်ပျော်ကြီး သီချင်းတွေနဲ့ သီဆို လွင့်မျောစွာနဲ့ ခုန်ပေါက်ရင်း ပျံသန်းခဲ့ကြတယ်။‘My World My Fans My Show’ ဂီတ ဖျော်ဖြေပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် အသိပညာ ရှင်၊ အတတ်ပညာရှင်များနဲ့ အဘက်ဘက်က ဝန်းရံပေးခဲ့ကြသူများ၊ ပရိသတ် များ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ ပါဝင်သီဆိုဖျော်ဖြေ ပေးခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ကြက်ဖကလည်း. ….

”ရှိုးပွဲမလုပ်ဖြစ်တာ ကြာပြီဆိုပေမယ့်လည်း ကျွန်တော်တို့ ဂီတလောက အတွက်က အားရစရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မှာ ရှိုးပွဲတွေက နယ်သွားပြီလေ။ အမှန်အတိုင်းပြောရရင်တော့ ကိုယ်ထူကိုယ်ထလုပ်နိုင်ရင် အကောင်းဆုံးပဲပေါ့။ ကိုယ့်ပွဲကို ကိုယ်လုပ်ကြမယ်။ ကိုယ့်သူငယ်ချင်းတွေ အားလုံးစုပြီးတော့ လုပ်ကြမယ်။ အဲဒီလိုမျိုးကတော့ အကောင်းဆုံးပါပဲ။ ဒီအချိန်မှာ သူ့အတွက်လည်း ဘေးကနေကြည့်ရတာ ပျော်ဖို့ကောင်းသလို ကျွန်တော်တို့လောကသားတွေ အတွက်လည်း ပျော်ဖို့အလွန်ကောင်းပါတယ်။ အားရမိပါတယ်” လို့ ရဲလေးအတွက် ပြောပြပေးခဲ့ ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here