အနုပညာအလုပ်ဟာ ဘဝအာမခံချက်မရှိဘူး ဟာသ သရုပ်ဆောင်အေးအေးခိုင်

0
245

ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေတဲ့ ဟာသသရုပ် ဆောင် အေးအေးခိုင်က ဗီဒီယိုဈေးကွက်ပျက်နေတာကို စိတ်မကောင်းဖြစ်နေရပါတယ် လို့ ပြောပါတယ်။

ဒီလိုဗီဒီယို ဈေးကွက်ပျက်စီးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အေးအေးခိုင်က… ”ဗီဒီယို လောကပျက်တာ စိတ်မကောင်းဘူး။ ဘာလို့လဲဆိုတော့ ရုပ်ရှင် တွေ ခေတ်မကောင်းတဲ့ အချိန်မှာ ဗီဒီယိုနဲ့ပဲ လုပ်ကိုင်ရပ်တည်လာခဲ့ရတာလေ။ အဲဒီတော့ ဗီဒီယိုဈေးကွက်ကို မေ့လိုက်လို့မရဘူး။ ကောင်းစေချင်တယ်။ ကောင်းဖို့ဆိုတာလည်း တော်တော်ကြီးကို ခက်ခဲမယ်။ တော်တော်ကြီးကို ကြာဦးမယ်လို့ နားလည်တဲ့သူတွေက ပြောပြတယ်။ ပြန်ကောင်းစေချင်တယ်။ အဲဒါမှ အစ်မတို့ အောက်မှာ သိပ်ပြီးတော့ ဒုက္ခရောက်နေကြတဲ့လူတွေလည်း အဆင်ပြေမှာပါ” လို့ ပြောပါတယ်။

ငယ်ရွယ်ချိန်မှာ အနုပညာကို ရူးသွပ်ခဲ့ပေမယ့်လည်း မိသားစု တွေနဲ့ ဖြစ်လာတဲ့အချိန်မှာ အနုပညာဟာ ကိုယ့်ဘဝအတွက် အာမခံချက် မရှိဘူးလို့ အေးအေးခိုင်က အခုလို ပြောပြခဲ့ပါတယ်။ ”ငယ်ငယ်တုန်းကတော့ ဘာမှ မသိခဲ့ဘူး။ ရုပ်ရှင်ရိုက်ရ မှ။ မရိုက်ရရင် သေမလိုဖြစ်ပြီး ရူးသွပ်ခဲ့တဲ့သူ တစ်ယောက် ပါ။ ဒါပေမဲ့ အခုချိန်မှာ မိသားစုလည်း ပိုင်ဆိုင်လာပြီဆိုတဲ့ အတွက် စီးပွားရေးဘက်ကိုကြည့်တော့ အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ ဒီအနုပညာအလုပ်ဟာ ဘဝရဲ့ အာမခံချက်လုံးဝ မရှိတဲ့အရာတစ်ခုဖြစ်နေတယ်။ မရှိဘူးဆိုတာကလည်း အစ်မဇွတ်ပြောတာမဟုတ်ဘူး နော်။ အစ်မတို့တွေ ကိုယ်တွေ့ကြုံနေရတာပေါ့။ တခြား ရုံးသမားတွေ အသက် ၆ဝ ပြည့်ဆိုရင် သူ့ဟာသူ ပင်စင် ဆိုတာရှိတယ်။ အစ်မတို့ အနုပညာရှင်တွေမှာ အသက် ကြီးသွားရင် ဘယ်ရောက်လို့ ဘယ်ရောက်မှန်းတောင် မသိတော့ဘူး။ သေမှသာ သတင်းစာထဲပါလာမှ သေသွားပြီဆိုတာသိရတဲ့ အခြေအနေပါ” လို့ အေးအေး ခိုင်က ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဟာသသရုပ်ဆောင် အေးအေး ခိုင်က ဒါရိုက်တာကျော်ဇောလင်းရိုက်ကူးနေတဲ့ ‘ကန္နားစီး’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ အေးအေးခိုင်က ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ် ဆောင်နိုင်သူ တစ်ဦးလည်းဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာ ကို ရိုက်ကူးပြီးစီး ခဲ့ပြီဖြစ်ကာ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း များစွာ ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here