လတ်တလောမှာ ကြာသပတေးနာမ်တွေရဲ့ ဖိစီးမှုကို ခံနေရတဲ့ ကျော်သူ

0
202

ကျော်သူ ဒါရိုက်တာအဖြစ်နဲ့ ပြည်လည်ရိုက်ကူးမယ် ‘ပုဂံမြိုသူ’ ဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ စတင်ပုံဖော်ရိုက်ကူးသွားမယ်လို့သိရပါ တယ်။ ကျော်သူကိုယ်တိုင်ပဲ အရင်ကလည်း ‘ဒဏ္ဍာရီထဲက သတို့သမီး’ အမည်နဲ့ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာဖြစ်တဲ့အတွက် အရင်စံချိန်ကို ချိုးနိုင်အောင် လုပ်ဆောင်ရမယ်လို့ ကျော်သူကဆိုပါတယ်။

”ပုဂံမြို့သူကိုတော့ ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ ပုဂံမှာစပြီး ရိုက်ကူးပါမယ်။ ဒီဇာတ်ကလည်း လူဝင်စားဇာတ်တစ်ခုပါ။ တစ်ချိန်တုန်းကလည်း ကျွန်တော် ဒဏ္ဍာရီထဲက သတို့သမီးနာမည်နဲ့ ရှမ်းပြည်ဘက်မှာ ရိုက်ကူးခဲ့ဖူးတယ်။ အခုတော့ ဇာတ်လမ်းတွဲလည်းဖြစ်သွားတဲ့အတွက် ဇာတ်အစာထပ်ပြီးဖြည့်ရမယ်။ Location လည်းပြောင်းသွားတယ်ပေါ့။ ဒီဂျစ်တယ်ခေတ်ဖြစ်သွားတဲ့အတွက် ရိုက်ချက်အထူးအဆန်းတွေတွေ့ရမှာပါ။ ၂ဝ၁၇ ခုနှစ်မှာလည်း ပဉ္စလက်ရွာ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားတချို့ကို ရိုက်ကူးခဲ့ပါတယ်။ ပဉ္စလက်ရွာရိုက်ကူးတုန်းကလည်း ကျွန်တော့် နာမည်က ဦးမာဃ၊ ပုဂံမြို့သူမှာလည်း ဦးမိုးကောင်း၊ လင်္ကာဒီပချစ်သူမှာလည်း မာရဇ္ဇ၊ အဲဒီတော့ ကြာသပတေးနာမ်တွေချည်းပါပဲ။ ကျွန်တော့် အမျိုးသမီးကလည်း မြင့်မြင့်ခင်ဖေဆိုတော့ ကြာသပတေးဆိုတော့ ကမန်တော်အမျိုးသမီးမရှိတဲ့ အချိန်မှာ ကြာသပတေးနာမ်တွေကပဲ ဖိစီးမှုတွေ ပေးနေတယ်။ ထူးခြားတယ်ပေါ့” လို့ကျော်သူက ပြောပြပါတယ်။

မန္တလေးမြို့မှာ ကပြမယ့် လင်္ကာဒီပချစ်သူပြဇာတ်မှာလည်း ကျော်သူက ဦးရီးတော် မာရဇ္ဇနေရာက ပါဝင် ကပြသွားဦးမှာဖြစ်ပါတယ်။ ပါဝင်ဖို့လက်ခံခဲ့ပေမယ့် ကပြဖို့တော့ စိုးရိမ်နေရတယ်လို့ ကျော်သူက ဆိုပါတယ်။ ကျော်သူ စိုးရိမ်နေရခြင်းအကြောင်းက ”အနုပညာနဲ့ပတ်သက်ပြီး ပြန်စမ်းသပ်ဖြစ်တာပါ။ ကျွန်တော်ကတော့ ဒီပြဇာတ်ကဖို့ကို ဂန္ထဝင်ဇာတ်ကြီး ဖြစ်တဲ့အတွက် ကျွန်တော် ဘာမှမစဉ်းစားဘဲ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် နည်းနည်းစိုးရိမ်တာက ပါဝင်ရမယ့် လူအင်အားလည်းများတယ်။ ဒါရိုက်တာရဲ့ ဖန်တီးမှုက အများကြီး အရေးကြီးပါတယ်။ နောက် တစ်ခု ကျွန်တော်က စတိတ်ခုံပေါ်ကိုတက်ရမှာ တအားကြောက်တဲ့လူတစ်ယောက် ပါ။ အရင်ကပြဇာတ် ကတုန်းကဆိုရင် ခန်းဆီးနောက်ကွယ်ကနေပြီး ဒိုင်ယာလော့ကိုထောက်ပေးရတဲ့ အပိုင်းတွေ ရှိတယ်။ ဒါကို တော့ တော်တော်လေးသတိထားရမှာပါ။ ကျွန်တော်ပါဝင်ရမှာကတော့ ဦးရီးတော် မာရဇ္ဇ နေရာကပါ။ ကျွန်တော့်ကို သူတို့က ဗိုက်ကိုကြည့်ပြီးရွေးလိုက်တာထင်ပါတယ်။ မာရဇ္ဇကလည်း အဲဒီအထဲမှာ ဗိုက်ပူပူ၊ ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးနဲ့ပဲ” လို့ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here